ငါ့ကို မစခြင်းအကြောင်း
ခက်ခဲမှုတစ်ခုစီတိုင်းအတွက် ကျွန်တော်တို့အယောက်စီတိုင်းသည် စိတ်ပျက်လေ့ရှိကြသကဲ့သို့ အဖြစ်အပျက်တစ်ခုစီတိုင်းအတွက်လည်း အားငယ်တတ်ကြပေသည်။ ပြဿနာတစ်ခုစီတိုင်းအတွက် မျှော်ကြည့်လေ့ရှိကြသည့် အရာတစ်ခုစီတိုင်းမှာ ကျွန်ုပ်တို့လူတစ်ယောက်နှင့် တစ်ယောက် မတူညီကြပါ။
ခက်ခဲမှုတိုင်း၏ အဖြေသည် ဘယ်မှာများပါလိမ့်ဟူ၍ ရှာဖွေတတ်ကြသည်။ ပြဿနာ၏ အဖြေကို ရှာဖွေပုံ၊ အဖြေထုတ်ပုံ၊ မျှော်လင့်တတ်ကြပုံခြင်းမှာ ကွဲပြားခြားနားလေ့ရှိတတ်ကြသည်မှာ အမှန်ပင်ဖြစ်သကဲ့သို့ အကြောင်းအရာတစ်ခုအတွက် မျှော်လင့်ခြင်းများသည်လည်း တစ်ယောက်နှင့်တစ်ယောက်မတူကြပေ။
လူတစ်ဦးသည် သူ၏ ခက်ခဲနေခြင်းအပေါ် ဘယ်အရာကို မျှော်လင့်သည်၊ သူ၏ နာကျင်နေခြင်းအပေါ် ဘယ်အရာ၌ မျှော်လင့်သည်၊ သူ၏ ငိုကြွေးရခြင်းအပေါ်ဘယ်အရာကို မျှော်လင့်ကြသည်မှာ လူတစ်ဦးနှင့်တစ်ဦး မတူညီကြဘူးမဟုတ်ပါလား။
ဆာလံဆရာကတော့ သူ၏ ခက်ခဲခြင်း၊ သူ၏ ငိုကြွေးရခြင်း၊ သူ၏ နာကျင်ခံစားရခြင်း၊ သူ၏ ဆုံးရှုံးရခြင်း စသဖြင့် သူ၏ အရာရာတိုင်းအတွက် မျှော်လင့်ခြင်းသည် တစ်နေရာ၌သာဖြစ်သည်။ ထိုနေရာမှသာ သူအား မစခြင်းအကြောင်းပေါ်ထွက်သည်ကို သူသိသည်။ ထို့ကြောင့်လည်း *ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော ထာဝရဘုရားထံတော်မှ* ဟူ၍ သုံးနှုံးထားခြင်းမဟုတ်ပါလား။
ဆာလံကျမ်း ၁၂၁:၂
ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော ထာဝရဘုရားထံတော်မှ၊ ငါ့ကို မစခြင်းအကြောင်းသည် ပေါ်ထွက်ရ၏။
ကျွန်ုပ်တို့ယုံကြည်သူများသည်လည်း လက်ရှိကာလသည် ခဲယဥ်းပါသည်၊ ဆိုးယုတ်ပါသည်၊ နာကျင်ရပါသည်၊ ငိုကြွေးရတတ်ပါသည်၊ ခံစားချက်များမကောင်းကြရသော်လည်း *ငါ့ကို မစခြင်းအကြောင်းသည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော ထာဝရဘုရားထံတော်မှသာဖြစ်သည်* ဟူ၍ ဝန်ခံလျှက် ထိုဘုရားကိုသာ မျှော်ကြည့်ရင်း ... ကျွန်ုပ်တို့၏ မျှော်လင့်ခြင်းသည်လည်း ထာဝရဘုရားထံတော်မှသာဖြစ်သည်ကို ဆင်ခြင်ရင်းခွန်အားယူကြပါစို့။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet