အုတ်မြစ်ချခြင်းခိုင်ခံ့ပါစေ
ကျွန်တော်၏ နေအိမ် မျက်စောင်းထိုးတွင် အိမ်ဆောက်နေကြသည်ကို သတိထားမိပါသည်။ တဒုံးဒုံးနှင့်ထုဆစ်နေကြခြင်း၊ အုတ်ပုံများစီခြင်း၊ သဲနှင့်ဘိလပ်မြေများရောကြခြင်း စသဖြင့် အမျိုးမျိုး အခြေခံအစပြုနေကြခြင်းကို တွေ့ရသည်။ သူတို့တွေ ဘယ်နှစ်ထပ်ဆောက်ကြမည်ကို ကျွန်ုပ်မသိပါ သို့သော် အခြေခိုင်အောင် အစပြုထားမှသာ အထပ်မြင့်ဆောက်နိုင်ပေမည်။ နှစ်ထပ်ဆောက်ချင်လျှင် နှစ်ထပ်စာ အခြေခံအုတ်မြစ်တည်ထားရမည် မဟုတ်ပါလား။
ဘယ်နေရာတွင် ကြည့်ကြည့် အခြေခံသည် အရေးပါသည်။ ဆယ်တန်းကျောင်းသားသည်လည်း ငယ်စဥ်မှ စာသင်ယူမှုအခြေခံရှိရသလို နိုင်ငံတစ်နိုင်ငံတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာရှိကြပေသည်။ ထို့အတူ ယုံကြည်သူတစ်ဦး၏ အသက်တာတွင်လည်း အခြေခံအုတ်မြစ်ရှိသည်။ ထိုအုတ်မြစ်သည် အင်မတန် အရေးကြီးသည်ကို ခရစ်ယာန်တိုင်းနားလည်ထားရမည်။ အဘယ့်ကြောင့်ဆိုသော် ထိုအခြေခံကို မသိ၍သော်လည်းကောင်း၊ ခိုင်ခံ့ခြင်းမရှိ၍ ပြိုလဲသောကြောင့်သော်လည်းကောင်း လှည့်ဖျားခြင်းကို ခံနေရသော ခရစ်ယာန်များလည်းရှိသောကြောင့်ပင်ဖြစ်သည်။
စစ်မှန်သော ခရစ်ယာန်တစ်ဦး၏ အခြေခံအုတ်မြစ်သည်
၁) သခင်ယေရှုခရစ်တော်၏ ဘုရားဖြစ်ခြင်း
၂) ယေရှုနှင့် ခရစ်တော် မခွဲပါ (တစ်ပါးတည်းသာဖြစ်သည်)
၃) သန့်ရှင်းသောဝိညာဥ်တော်၏ ဘုရားဖြစ်ခြင်း
၄) ခမည်းတော်၊ သားတော်၊ သန့်ရှင့်သောဝိညာဥ်တော် တစ်လုံးတစ်ဝတည်းဖြစ်ခြင်း (သုံးပါးတစ်ဆူ)
၅)ယုံကြည်ခြင်းအားဖြင့်သာ ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ရောက်
၆) နောင်တရရန်လိုအပ်ခြင်း
၇) သခင်ဘုရားထံ အပြစ်ဝန်ချရန်လိုအပ်ခြင်း
.
.
.
အစရှိသဖြင့်တို့သည် အရေးကြီးလှပေသည်။ အချို့သောသူများသည် အုတ်မြစ်မခိုင်သောကြောင့် ပြန်လည်လဲပြိုသွားတတ်ကြပေသည်။ ထို့ကြောင့် ကယ်တင်ခြင်းသင်္ဘောမှောက်သွားတတ်ကြကာ ကယ်တင်ခြင်းလမ်းမှ လွဲချော်သွားကြသည်ကို မြင်ဖူးကြမည်ဟု ထင်ပါသည်။
ကောရိန်သုဩဝါဒစာ ပဌမစောင် ၃:၁၁
အကြောင်းမူကား၊ ယေရှုခရစ်တည်းဟူသော၊ ချလျက်ရှိသော တိုက်မြစ်မှတပါး အခြားသော တိုက်မြစ်ကို အဘယ်သူမျှ မချနိုင်။
ထို့ကြောင့် ယေရှုခရစ်တော်တည်းဟူသော နှုတ်ကပတ်တော်၊ သမ္မာတရား လမ်းခရီးအသက်ဖြစ်သည့် အုတ်မြစ်သည် ကျွန်ုပ်တို့ယုံကြည်သူများ၏ အသက်တာတွင် တည်တံ့ခိုင်ခံ့နေရမည်ဖြစ်သည်။ သို့မှသာ မုသာသုံးသော မိစ္ဆာပရောဖက်၊ မှားယွင်းသောဩဝါဒ၊ အမှားသွန်သင်လမ်းပြသူ၊ စသဖြင့် အမျိုးမျိုးလွဲမှားသော အရာများဝင်လာစေဦးတော့ အခြေခံအုတ်မြစ်သည် တည်တံ့ခိုင်မြဲနေသ၍ လဲပြိုမသွားနိုင်ပါ။ ထို့ကြောင့် ခရစ်ယာန်တစ်ဦး၏ အခြေခံအုတ်မြစ်ချခြင်း ခိုင်ခံ့ပါစေဟု အနည်းငယ်ဝေမျှတိုက်တွန်းချင်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet