ဟဗက္ကုတ် - ၁
ဘယ်လောက်ထိများ နာကျင်နေရဦးမလဲ၊ ဘယ်လောက်ထိများ အော်ဟစ်နေရဦးမလဲ၊ ဘယ်လောက်ထိများ အနိုင်ကျင့်ခံနေရဦးမလဲ၊ ဘယ်လောက်ထိများ အဓမ္မတရား၏ နိုင့်ထက်စီးနင်းပြုခြင်းကို ခေါင်းငုံ့ခံနေရဦးမည်နည်း။
ဟဗက္ကုတ်၏ မေးခွန်းများသည် အင်မတန် ခံစားရသည့် ခံစားချက်များပါဝင်သည်။ ယုဒလူမျိုးတို့၏ လွန်ကျူးခြင်းအပေါ် မျက်ရည်ကျလျှက် နှလုံးကွဲအောင်ပင် ခံစားငိုကြွေးနေမည်ဟု ထင်ရသည်။ လုယူခြင်းတွေ အနိုင့်အထက်ပြုခြင်းတွေကို သူ့ရှေ့မှာ ဘာကြောင့်မြင်နေရသလဲ။ သူမမြင်ရက်ဘူး၊ သူမကြည့်ရက်ဘူး ဒါပေမယ့် အဓမ္မအမှုသည် ရှိနေသည်။ အဓမ္မမြင်ကွင်းတွေကိုလည်း ဆက်လက်မြင်နေရသည်။
တရားသဖြင့် စီရင်ခြင်းမရှိ၊ မတရားသောသူ၏ စီရင်ခြင်းနှင့် ဥပဒေမဲ့ အနိုင်ကျင့်ခြင်းသာ တည်မြဲလျှက်ရှိနေသည့် ကာလကို သူမြင်နေရသည်။ ထိုမတရားသော အဓမ္မလူတို့သည် ဖြောင့်မတ်သည့်လူများကို အနိုင်ကျင့်စော်ကားခြင်း၊ မတရားသဖြင့်စီရင်ခြင်းများကို အားရပါးရ လွန်ကျူးလျှက် လူကိုလူမျိုခြင်းမျိုးကဲ့သို့ ဒုစရိုက်၌ပျော်ပါးနေကြသည်။
ဟဗက္ကုတ်အနာဂတ္တိကျမ်း ၁:၂
အို ထာဝရဘုရား၊ ကိုယ်တော်သည် ကြားတော်မမူဘဲ၊ အဘယ်မျှကာလပတ်လုံး အကျွန်ုပ်အော်ဟစ်ရပါ မည်နည်း။ ကယ်တင်တော်မမူဘဲ အကျွန်ုပ်သည် အဓမ္မအမှုကို ခံ၍၊ ရှေ့တော်၌ အဘယ်မျှကာလပတ်လုံး အော် ဟစ်ရပါမည်နည်း။
ထိုသို့သော အဓမ္မလူများ၏ တိုက်စားခြင်းကို ကြုံတွေ့ရခြင်း၊ မြင်ရခြင်းသည် ဘယ်လောက်ထိများကြာဦးမလဲ၊ ဘုရားသခင်ကိုအော်ဟစ်နေရခြင်းသည် ဘယ်လောက်ထိများကြာဦးမလဲ၊ ဘယ်လောက်ထိများ ဆက်လက်၍ အော်ဟစ်နေရဦးမလဲဟု ဟဗက္ကုတ်၏ မေးခွန်းများပင်ဖြစ်ပေသည်။ ကိုယ်တော်မကယ်တင်သေးဘူးလား၊ ကယ်တင်ခြင်းကို ကျွန်ုပ်တို့ မခံရပဲနှင့် အဓမ္မအမှုကိုသာ ခံစားနေရပါသည် ဒါ့ကြောင့် ရှေ့တော်၌ ဘယ်လောက်ထိများ ဆက်လက်အော်ဟစ်နေရပါဦးမည်နည်းဟု သူ၏ နှလုံးကြေကွဲစွာ မေးနေသော မေးခွန်းများပင်ဖြစ်ပေသည်။
မတရားသဖြင့် အဓမ္မပြုခြင်းများလုပ်ကြသည့် ယုဒလူမျိုးများအပေါ် ဘုရားသခင်မစီရင်သေးခြင်းအပေါ်တွင် ပရောဖက်၏ နားမလည်နိုင်ခြင်းများပင်ဖြစ်သည်။ ကြီးနိုင်ငယ်ညှဥ်း၊ အနိုင်ကျင့်ခြင်း၊ မတရားသဖြင့် လုယူခြင်း၊ ဖျက်ဆီးခြင်း၊ မတရားစီရင်ခြင်း၊ ကိုယ့်လူမျိုး အချင်းချင်း မတရားပြုခြင်း၊ လူလူချင်း ရက်စက်ကြသည့် အဓမ္မစရိုက်များနှင့် လွန်ကျူးလျှက်ရှိနေကြသော်လည်း စီရင်ခြင်းသည် လာပေလိမ့်မည်ဟု ဘုရားသခင်ထံမှ အဖြေကိုသူရခဲ့သည်။ ထိုသူများအား ခါလဒဲလူတို့အားဖြင့် စီရင်မည်ဖြစ်သည်။
(ဗာဗုလုန်) ခါလဒဲလူမျိုးများသည် အရိုင်းအစိုင်းများဖြစ်သည်။ ရက်စက်ကြမ်းကြုတ်ပြီး လူကိုလူလို မမြင်သည့် လူ့တိရိစ္ဆာန်များဖြစ်ပြီး မဲမဲမြင်ရာ ဝိုင်းကိုက်တတ်သော ခွေးအများထက်ပင် ဆိုးသည့်ပုံသဏ္ဍာန်ရှိသည်။ သူတို့၏ မြင်းများသည် ကျားသစ်ထက်မြန်ဆန်သည်။ သူတို့သည် ညဥ့်အခါ၌ သွားလာလေ့ကျက်သော တောခွေးထက်ပင် ကြမ်းတမ်းခက်ထန်ကြသည်။ ထိုခါလဒဲလူတို့သည် ညှဥ်းဆဲခြင်းငှာ စစ်ချီသကဲ့သို့ လာကြပြီဖြစ်သည်။
ထိုသူတို့သည် ဘုရားမသိ တရားမသိပေ။ မိမိလက်ရုံးသည်သာ မိမိအားကိုးရာ၊ မိမိလက်နက်သည်သာ မိမိစွမ်းအား၊ မိမိအာဏာသည်သာ မိမိပါဝါ၊ မိမိအစွမ်းသာလျှင် မိမိ၏ ဘုရားဟု ထင်မြင်ယူဆကာ ရမ်းကားချင်တိုင်း ရမ်းကားကြသည့် လူရမ်းကားများပင်ဖြစ်ချေသည်။ ပြောမည်ဆိုလျှင် ဓမ္မမှန်းမသိ အဓမ္မမှန်းမသိ၊ သနားညှာတာခြင်းမရှိ၊ ကိုယ်ချင်းစာတရားမည်သည် ဘာမှန်းမသိသော လူရိုင်းများပင်ဖြစ်ပေဦးမည်။
ဟဗက္ကုတ်အနာဂတ္တိကျမ်း ၁:၁၂
အို ထာဝရဘုရား၊ အကျွန်ုပ်၏ဘုရားသခင်၊ သန့်ရှင်းတော်မူသောဘုရား၊ ကိုယ်တော်သည် နိစ္စထာဝရ တည်တော်မူသည်မဟုတ်လော။ သို့ဟုတ်လျှင်၊ အကျွန်ုပ်တို့သည် သေခြင်းနှင့် ကင်းလွတ်ကြပါမည်။ အိုထာဝရ ဘုရား၊ အကျွန်ုပ်တို့ကို စစ်ကြောခြင်းငှါ သူတို့ကို ခန့်ထားတော်မူပြီ။ အိုကျောက်ထရံ၊ ဆုံးမစေခြင်းငှါ သူတို့ကို နေရာချတော်မူပြီ။
ထိုခါလဒဲတို့နှင့် ဆုံးမမည်ကို စောဒကတက်ခြင်းဖြစ်သည်။ ဒုစရိုက်ပြုသည့် အဓမ္မပြုနေကြသည့်ယုဒတို့ထက် ရက်စက်သည့် ခါလဒဲလူမျိုးများနှင့် ဒဏ်ခတ်ခြင်းကြောင့် စိတ်မသာ၍ စောဒကတက်ခြင်းဖြစ်သည်။ တနည်းအားဖြင့် ယုဒလူတို့လောက် မဖြောင့်မတ်သော ရက်စက်ကြမ်းတမ်းကြသည့် ခါလဒဲတို့အားဖြင့်ဘာ့ကြောင့် ဒဏ်ခတ်သလဲဟုပင် ဖြစ်ပေလိမ့်မည်။
ဘုရားသခင်သည် ဒုစရိုက်ကို ကြည့်ရှုတော်မမူဘူးမဟုတ်လား၊ သန့်ရှင်းတဲ့မျက်စိရှိတဲ့ ဘုရားမဟုတ်လား။ အဓမ္မအမှုအရာတွေကို မကြည့်ရှုဘူးမဟုတ်လား။ ဒါဆိုရင်ဘာဖြစ်လို့ ယုဒထက်ဆိုးတဲ့ ခါလဒဲတွေကို ယုဒတို့အား ဒဏ်ခတ်ခွင့်ပြုမလဲ ... ဘာဖြစ်လို့ သစ္စာပျက်သောသူတွေကို ကြည့်နေသလဲ ... အဓမ္မလူတွေလုပ်ချင်တိုင်းလုပ်နေတဲ့လုပ်ရပ်တွေကို ဘာ့ကြောင့်များကြည့်နေသလဲ ဘာ့ကြောင့်များ တိတ်ဆိတ်စွာနေတော်မူနေသလဲဟု မေးခွန်းများနှင့် ခံစားငိုကြွေးနေကာ စောဒကတက်နေခြင်းဖြစ်ပေလိမ့်မည်။
ခါလဒဲလူတွေသာဆိုလျှင်တော့ ကိုယ်တော် လူတွေသည် ငါးတွေလိုပဲဖြစ်နေမှာ၊ မင်းမရှိတဲ့ ပိုးကောင်တွေလို ဘာကြောင့်များ ဖြစ်စေသလဲ။ အဓမ္မပြုသည့် ရန်သူများသည်လည်း လူတွေကို ငါးမျှားသလိုလုပ်နေမှာပါ၊ ပိုက်ကွန်နှင့် အုပ်သလိုဖမ်းနေမှာ၊ ပိုက်နှင့်လှောင်သလို ဖမ်းကြမှာပေါ့။ ဒါမျိုး အမျိုးမျိုးသောအဓမ္မအမှုတွေကိုလုပ်ကာ ပျော်ရွှင်လျှက်နေကြလိမ့်မယ် စသဖြင့် ပြောဆိုလျှက် မေးခွန်းများကို မြင်တွေ့ရသည်။
ဤသည်မှာ ဟဗက္ကုတ် အခန်းကြီး ၁ တွင် မြင်တွေ့ရသော အဓမ္မလူတို့၏ မြင်ကွင်း၊ ဘုရားသခင်၏ ဒဏ်ခတ်မည့်အကြောင်းနှင့် ဟဗက္ကုတ်၏စောဒကတက်ခြင်းများပင်ဖြစ်ပေသည်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet