ပဋိပက္ခ - ၂၆
တစ်ဦးနှင့်တစ်ဦး စိတ်သဘောထား မတိုင်ဆိုင်ခြင်း၊ တစ်ယောက်နှင့်တစ်ယောက် အလိုမတူခြင်း၊ အဆင်မပြေ အဆင်မသင့်ခြင်းများသည် လူတိုင်း၊ နေရာတိုင်း၊ လုပ်ငန်းခွင်၌ဖြစ်စေ၊ မိသားစု၌ဖြစ်စေ၊ အသင်းတော်၌ဖြစ်စေရှိကြစမြဲပင် ...
ထိုအဆင်မပြေ အလိုမကျ၊ သဘောထားမတိုက်ဆိုင်ခြင်းများကြောင့် တစ်ယောက်နှင့်တစ်ယောက် ရန်သူဖြစ်သွားကြခြင်း၊ မိသားစုအချင်းချင်း မုန်းသွားကြခြင်း၊ လုပ်ငန်းခွင်၌ ထိခိုက်ဆုံးရှုံးရခြင်းတို့နှင့် အသင်းတော်ပြိုကွဲရခြင်း နှစ်ခြမ်းသုံးခြမ်းကွဲရခြင်းတို့သည် ဤပဋိပက္ခတစ်ခုမှပင် အစပြုလေ့ရှိသည်။
ထိုပဋိပက္ခကြီးတစ်ခုကို သင်နှင့်ကျွန်ုပ်တို့သာမက ရှင်ပေါလုကိုယ်တိုင်လည်း ကြုံတွေ့ရင်ဆိုင်ခဲ့ဖူးသည်။ သို့သော် သူ၏ ဖြေရှင်းပုံ ရင်ဆိုင်ပုံနှင့် ဖြတ်သန်းပုံတို့သည် တိုးပွားခြင်းဘက်သို့သာ ဦးတည်ခဲ့သည်။
တမန်တော်ဝထ္ထု ၁၅:၃၉
ထိုအကြောင်းနှင့် အချင်းချင်း မသင့်သဖြင့် တခြားစီသွား၍၊ ဗာနဗသည်မာကုကို ခေါ်ပြီးလျှင် ကုပရုကျွန်းသို့လွှင့်လေ၏။
အကြောင်းမှာ ...
ရှင်ပေါလုသည် သူတို့တရားဟောပြောခဲ့ဖူးသော မြို့များပြန်သွားကာ "Follow Up" လုပ်ရန် ဗာနဗအားဆိုခဲ့သည်။ ဗာနဗသည် မာကုအားခေါ်ချင်သည်။ သို့သော် ရှင်ပေါလုကလည်း အရင်ခရီးစဥ်၌ မလိုက်သူအား မခေါ်ချင်သဖြင့် သူတို့သုံးဦးအကြား၌ ပဋိပက္ခတစ်ခုရှိခဲ့သည်။ သို့သော် ထိုအရာအား သူတို့၏ ဖြေရှင်းပုံသည် သင်ယူစရာပင်ဖြစ်သည်။
ဗာနဗသည် မာကုနှင့်အတူ ကုပရုကျွန်းသို့သွားခဲ့ကာ ရှင်ပေါလုသည် သိလနှင့်အတူ ထွက်သွားခဲ့သည်ကို ကျွန်ုပ်တို့တွေ့ရသည်။ ထိုသူတို့သည် သဘောထားချင်း မတိုက်ဆိုင်၊ အလိုမတူ ကွဲလွဲကြသော်လည်း လုပ်ဆောင်စရာရှိသည်ကို ပြီးမြောက်စေသည်သာမက သာ၍တိုးပွားစေခဲ့သည်မှာ တမန်တော်ဝတ္ထု၌တွေ့ရသော "အသင်းတော်များကို မြဲမြံခိုင်ခံ့စေလျက်၊ ရှုရိပြည်၊ ကိလိကိပြည်တို့ကို ရှောက်သွားလေ၏" ဟူသည်မှာ သက်သေပင်ဖြစ်သည် မဟုတ်ပါလား ...
တခါတခါ၌ ကျွန်ုပ်တို့သည် မိမိနှင့်မတူလျှင် ရန်သူအလား၊ အလိုမကျ ကွဲလွဲလျှင် အနှုတ်လက္ခဏာဘက်သို့သာ ဦးတည်လေ့ရှိကြသော်လည်း ရှင်ပေါလုတို့သည် ထိုသို့မဟုတ် ပဋိပက္ခမှသည် တိုးပွားခြင်းသို့ ဦးတည်ခဲ့လေသည်။
အချို့သော "Conflict" များသည် ခွဲခွာရသည်၊ ထိုခွဲခွာခြင်းသည် တိုးပွားခြင်းရှိရမည်၊ ထိုတိုးပွားခြင်းသည်လည်း အပြုသဘောဆောင်ရမည်၊ ထို "Conflict" သည်လည်း ဘုရားသခင်၏ ဘုန်းတော်အားထောက်ရမည်ဟု နားလည်ရသည်။
ထို့ကြောင့် ကျွန်ုပ်တို့သည် ပဋိပက္ခများကြုံရလျှင်ဖြစ်စေ မိမိတို့နှင့် သဘောထားချင်း မတိုက်ဆိုင် မတူကွဲပြားလျှင်ဖြစ်စေ ဆုံးရှုံးခြင်းထက် တိုးပွားခြင်းသို့ ဦးတည်နိုင်ရန် ရှင်ပေါလုတို့ကြုံတွေ့ရင်ဆိုင် ဖြေရှင်းခဲ့သော ပဋိပက္ခအား ဆင်ခြင်လျှက် ...
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet