ငါပြင်ဆင်ပြီ
ဣသရေလရှင်ဘုရင် ရှောလုအား ထာဝရဘုရားပယ်သည့်နောက်တွင် ရှမွေလစိတ်မကောင်းဖြစ်ခဲ့ရသည်။ ရှောလုအတွက် စိတ်မသာညည်းတွားလျှက်နေသည်မှာ ကာလတစ်ခုတော့ရှိပေလိမ့်မည်။ ဣသရေလလူမျိုးများအတွက် ထာဝရဘုရား၏ အကြံအစည်သည် ထိုနေရာမှာတင်ရပ်တန့်မသွားခဲ့ပါ။ ရှင်ဘုရင်နေရာမှ ရှောလုအားပယ်သော်လည်း ရှင်ဘုရင်တစ်ပါးကို ပြင်ဆင်ပေးခဲ့ပေသည်။
ထို့ကြောင့် ရှမွေလအား ထာဝရဘုရားက ရှောလုအားသူပယ်သောအမှုကြောင့် ဘယ်လောက်ထိများ စိတ်မသာညည်းတွားနေဦးမှာလဲဟူ၍ပြောကာ သူပြင်ဆင်သော ရှင်ဘုရင်လောင်းထံစေလွှတ်ခဲ့ပေသည်။ ထိုစကားတော်အတိုင်း ရှမွေလကိုယ်တိုင် ထိုသူကိုတွေ့သည့်နောက်တွင် ဘိသက်ပေးရသည်မဟုတ်ပါလား။
ဓမ္မရာဇဝင် ပဋ္ဌမစောင် ၁၆:၁
တစ်ဖန် ထာဝရဘုရားက၊ ရှောလုကို ဣသရေလရှင်ဘုရင်အရာမှ ငါပယ်သောကြောင့်၊ သင်သည် အဘယ်မျှ ကာလပတ်လုံး စိတ်မသာ ညည်းတွားလျက် နေလိမ့်မည်နည်း။ သင်၏ဘူးကို ဆီနှင့်ပြည့်စေလော့။ ဗက်လင်မြို့သား ယောရှဲရှိရာသို့ ငါစေလွှတ်မည်။ သူ၏သားတို့တွင် ငါ့အဖို့ ရှင်ဘုရင်တစ်ပါးကို ငါပြင်ဆင်ပြီဟု ရှမွေလအား မိန့်တော်မူ၏။
ဣသရေလလူမျိုးများကိုကြည့်လျှင် အမြဲတမ်း ဘုရားသခင်ပြင်ဆင်ပေးသော ခေါင်းဆောင်၊ ရှင်ဘုရင်၊ တရားသူကြီး စသဖြင့် တွေ့ရပေသည်။ ခဲယင်းဆိုးယုတ်သည့်ကာလပင်ဖြစ်စေ မည်သည့်အချိန်မှာပင်မဆို ပရောဖက်တစ်ဦးဦး စသဖြင့်ရှိနေခဲ့သည်။ မောရှေဦးဆောင်သည့်ကာလရှိသကဲ့သို့ မောရှေမရှိတော့သည့်ကာလအလွန်တွင်လည်း နောက်တစ်ဦးအား ပြင်ဆင်ပေးခဲ့သည်။ ထို့အတူ ယောရှု၊ တရားသူကြီးများ၊ ရှောလု၊ ဒါဝိဒ် စသဖြင့်တွေ့ရသည်။
ဘုရားသခင်သည် ရှင်ဘုရင်ကိုလည်း ရွေးချယ်သည်၊ ထိုသူကိုလည်း ပယ်ဖျက်နိုင်သည်။ ဘုရားသခင်သည် ခေါင်းဆောင်ကိုလည်း ရွေးချယ်သည်၊ နောက်တစ်ဦးကိုလည်း "မောရှေနှင့်အတူ ငါရှိသကဲ့သို့ သင်နှင့်အတူ ငါရှိမည်" ဟူ၍ပြောသောဘုရားဖြစ်သည်ကိုလည်းတွေ့ရသည်။ သမ္မာကျမ်းစာထဲမှဤအရာများကို ကြည့်၍လည်း ဣသရေလတို့၏ ခေါင်းဆောင်မရှိသည့်အပေါ် ခံစားချက်၊ ရှင်ဘုရင်ပယ်ဖျက်သည့်အရာ၌ ခံစားမှုများကို မြင်တွေ့ခံစားရနိုင်သည်။
ထိုအဖြစ်အပျက်များကိုကြည့်၍ ကျွန်တော်တို့လူသားများသည် ခေါင်းဆောင်မရှိသည့်အပေါ် ၊ ရှင်ဘုရင်ပယ်ဖျက်သည့်အပေါ် စိတ်မသာညည်းတွားခြင်းများရှိတတ်ကြသော်လည်း ထိုအရာများအတွက်လည်း ဘုရားသခင်၏ အစီအစဥ်ထဲတွင် ပြင်ဆင်ထားသောအရာများရှိသည်ဟုလည်းနားလည်ရပါသည်။ "ရှမွေလကို အဘယ်မျှကာလပတ်လုံး စိတ်မသာညည်းတွားလျှက်နေမည်နည်း၊ ........ ငါ့အဖို့ ရှင်ဘုရင်တစ်ပါးကို ငါပြင်ဆင်ပြီ" ဟုဆိုသောဘုရားသည် "ငါပြင်ဆင်ပြီ" ဟုဆိုပေသည်ကို အနည်းငယ်ဝေမျှခွန်အားပေးချင်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet