သင့်ရဲ့တမလွန်အတွက် စိတ်ချစေချင်

မနက်ဖြန်ဆိုသော အရာသည် ဘာရယ်မဟုတ်ပေမယ့် လူတိုင်းတွေ့ချင်မြင်ချင်ကြသည်။ မသိမသာ ဘာရယ်မဟုတ်ပေမယ့် မနက်ဖြန်အတွက်ကို စဥ်းစားမိကြတာ လူတိုင်းပဲမဟုတ်ပါလား။ မနက်ဖြန် ဘာစားရမလဲ၊ ဘာချက်ရမလဲ၊ ဘယ်သွားမယ် ဘာလုပ်မယ်၊ ဈေးကိုသွားရင် ဘာလေးဝယ်မယ်နဲ့ အသေးအမွှားလေးတွေတောင် မနက်ဖြန်ဆိုတာနဲ့ချိန်တွက်နေကြမိပါသေးတယ်ဆိုတာ ဝန်ခံရမှာပါ။
တခါတလေမှာ မနက်ဖြန်ကို ကြိုသိသလိုလို၊ မနက်ဖြန်ကို ပိုင်သလိုလို တွေးတတ် ထင်တတ် မြင်တတ်ကြတာသည်မှာလည်း လူ့သဘာဝတွေထဲက တစ်ခုလို့ ဆိုရပေဦးတော့မပေါ့။ မနက်ဖြန်ကို စိုးထိတ်စွာနဲ့ ဖြတ်သန်းနေရသူတွေရှိသလို၊ မနက်ဖြန်အတွက် ဘယ်လိုဖြတ်သန်းရမလဲဆိုတဲ့ အဖြေမတွေ့သူတွေလည်း ရှိကြတယ်။ တချို့ကျပြန်တော့ မနက်ဖြန်ဆိုတာကို မရောက်ချင်ကြပြန်ဘူးပဲ။ ဒါပေမယ့်လည်း ရောက်လာကြပြန်လေရဲ့။
မနက်ဖြန်ကို စီးပွားရေးလုပ်မယ်ဆိုသူတွေ၊ မနက်ဖြန်မှာ အချိန်ယူပြီးအစီအစဥ်ဆွဲထားသူတွေလည်း ရှိကြပြန်တယ်။ တချို့ကတော့ ဒီမနက်ဖြန်ကို တကယ်တွေ့လိုက်ရပေမယ့်၊ တချို့ကတော့ လွဲချော်သွားခဲ့ရပြန်တယ်။ ဒီလို မနက်ဖြန်ရဲ့ အစီအစဥ်တွေနဲ့ လွဲချော်သွားတဲ့သူတွေအထဲမှာ သင်လည်းပါသွားနိုင်သလို၊ ကျွန်ုပ်လည်းပါသွားနိုင်တယ်ဆိုတာကို သိရှိထားဖို့လိုပါတယ်။
သုတ္တံကျမ်း ၂၇:၁
နက်ဖြန်နေ့ကို အမှီပြု၍ မဝါကြွားနှင့်။ တစ်ရက် အတွင်းတွင် အဘယ်သို့ ဖြစ်လိမ့်မည်ကို မသိနိုင်။
မနက်ဖြန်မှာ ဘာဖြစ်မယ်ဆိုတာကို လူသားတစ်ယောက်အနေနဲ့တော့ ဘယ်လိုမှ တိကျစွာ မသိနိုင်ပါဘူး။ တခါတလေမှာ ကျွန်တော်တို့က ရှင်လုကာ (၁၂)ထဲက သူဌေးကြီးလိုဖြစ်တတ်ကြတယ်၊ ငါအေးဆေးနေနိုင်ပြီ၊ ငါရှာဖွေခဲ့တယ် စုထားတယ်၊ ငါအခုချိန်အနားယူတော့မယ်၊ ငါ့မှာ အာဏာပါဝါနဲ့ ပိုက်ဆံရှိတယ် နှစ်ပေါင်းများစွာနေနိုင်မယ် ထင်ကြသော်လည်း မနက်ဖြန်ကို မကျော်လွန်ခဲ့ရင် ထိုအရာတွေသည် အဘယ်အကျိုးရှိပေမည်နည်း။ သားမြေးတွေပိုင်နိုင်ပါသော်လည်း သင့်ရဲ့ဝိညာဥ်အတွက်တန်ပါရဲ့လား။ ဒီကြားထဲ မတရားသော စီးပွားတွေ၊ မတရားသော အာဏာပါဝါဆိုရင်တော့ ဒီသားစဥ်မြေးဆက် မျက်နှာငယ်ရပြန်တော့မပေါ့။
လူသားတွေရဲ့ အသက်ကို နေ့မြင်ညပျောက်၊ မျက်စိတမှိတ် လျှပ်တစ်ပြက်၊ အခိုးအငွေ့အလားလို့တောင် သတ်မှတ်ကြတယ်မဟုတ်ပါလား။ ဒါဆိုရင် ဒီမနက်ဖြန်ကို ဘယ်လိုများ စိတ်ချစွာ ဖြတ်သန်းကြရမှာပါလိမ့်လို့ သင်စဥ်းစားနေမိမယ်ဆိုရင်တော့ ... ဒီစာကလေးသည် သင့်အတွက် အဖြေကိုရစေမယ်လို့ ယုံကြည်ပါတယ်။
ဘယ်သူကမှ ဘယ်နားမှာ၊ ဘယ်လိုပုံစံနဲ့၊ ဘယ်လိုအချိန်မှာ လောကကြီးထွက်ခွာရမယ် သေဆုံးသွားရမယ်လို့ မသိကြဘူးမဟုတ်ပါလား။ ဒါ့ကြောင့် ဘယ်လိုသေသေ တမလွန်အတွက် စိတ်ချနေရဖို့ အရေးကြီးတယ်။ ဒီတမလွန်အတွက်ကိုလည်း ယေရှုခရစ်တော်က အာမခံပေးထားတယ်။ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ရောက်ရတယ်လို့ ဆိုသလို မိတ်ဆွေ၏ လုပ်ဆောင်ချက်ကြောင့်မဟုတ်ပါ။ ဒါ့ကြောင့် ငါလုပ်လို့ရတယ်ဟုဆိုကာ ဝါကြွားစရာမလိုသလို ငါမလုပ်နိုင်ဘူးဆိုပြီးလည်း အားငယ်စရာမလိုဘူးဖြစ်တယ်။ လူမလုပ်နိုင်တာကို သိသောကြောင့်၊ လူတွေ၏ လုပ်ဆောင်ချက်တိုင်းသည် တမလွန်ရေးအတွက် တိကျသောအဖြေမရှိသောကြောင့် ဘုရားသခင်ပြုသောအမှုဖြစ်ပေသည်။ ဒါ့ကြောင့် သင့်ရဲ့တမလွန်အတွက် စိတ်ချစေချင်သော ကျေးဇူးတော်သက်သက်ပင် ဖြစ်ပေတော့သည်။
ကယ်တင်ရာနေ့ရက်သည် ယနေ့ပင်ဖြစ်သောကြောင့် ကမိတ်ဆွေက သခင်ယေရှုခရစ်တော်ကိုမြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ ...
***ယေရှုခရစ်တော်သည် ကျွန်တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်ပေါ်မှာအသေခံအသွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံတော်မူပြီးတော့ ကျမ်းစာလာသည့်အတိုင်း၃ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တာကို ယုံကြည်လက်ခံပါတယ်။ ***
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet