The Acceptable Time
တစ်နေ့သ၌ ကျွန်ုပ်သည် မနက်ခင်းပိုင်းတစ်ခုတွင် ရထားအချိန်များဖော်ပြသည့် "Application" ကိုဝင်ကြည့်ကာ ဖုန်းပေါ်မှနာရီကိုလည်းကြည့်ရင်း ရထားအချိန်မှီရန် ဘယ်အချိန်သွားရမည်ကို ခန့်မှန်းလိုက်သည်။ သို့နှင့် အချိန်မှီအောင် တွက်ချက် ပြင်ဆင်ကာ လုပ်ဆောင်လိုက်သည်။
သို့သော်လည်း အခြေအနေအမျိုးမျိုးကြောင့် ခန့်မှန်းထားသည့် အချိန်လောက် မထွက်ခွာနိုင်ဘဲ အနည်းငယ် နောက်ကျသွားခဲ့သည်။ တွက်ကြည့်လျှင်တော့ အချိန်မှီနိုင်သေးသည် ဖြစ်သော်လည်း လမ်းတွင် မီးပွိုင့်မိခြင်း၊ လူ၊ ကား၊ ဆိုက်ကယ် စသည်တို့ကလည်း ရှိတတ်နေပြန်သည်မဟုတ်ပါလား။
သို့နှင့် ရထားဘူတာသို့ ကျွန်တော်ရောက်သည်နှင့် ရထားကြီးသည် အရှိန်ပြင်းစွာ ခုတ်မောင်းလာသည်ကို မျက်ဝါးထင်ထင် မြင်တွေ့ရတော့သည်။ ထို့ကြောင့် လျှင်မြန်စွာပြေးလျှင် မှီနိုင်ကောင်း မှီနိုင်လိမ့်မည်ဟု စိတ်ထင်နှင့် စတင်ကာ ပြေးခဲ့လေတော့သည်။ ဘူတာသို့ လှေကားတက်၊ ဝင်ပေါက်သို့ "Card" ဖြတ်ရင်း ... ရထားဆီသို့ ရောက်ရန်လည်း လှေကားကို ဆင်းကာ ပြေးလွှားရင်း ... မည်သို့ပင်ဖြစ်စေကာမူ မြင်လိုက်ရသည့် မြင်ကွင်းမှာတော့ တံခါးပိတ်ထားခြင်းပင် .. "ရွှေတံခါးကြီး ဖွင့်ပါဦး၊ ငွေတံခါးကြီး ဖွင့်ပါဦး" ဟုလည်း သီချင်းဆို၍ မရတော့ ... သို့နှင့် ရထားကြီးသည် စက်ပြန်နှိုးရင်း တဖြေးဖြေး ခုတ်မောင်းကာ ကျွန်ုပ်၏ မြင်ကွင်းတွင်လည်း တဖြေးဖြေးပျောက်ကွယ်သွားတော့လေသည်။ ဤသည်မှာ ကျွန်ုပ်ဘဝ၏ ပထမဆုံးသော မူကြိုရောက်သည့် မြင်ကွင်းအလား အဘွားဖြစ်သူ၏ ကျောပြင်ကိုသာ ငေးကြည့်ရင်း ကျန်ရစ်လေသူကြီးမှာတော့ မျက်ရည်များဝဲကာ မျက်ရည်နှင့် မျက်ခွက် ...
တကယ်တော့ ဦးမျိုးကျော့မြိုင်၏ သီးချင်းလို "တစ်မိနစ် .. တစ်မိနစ်ဆိုရုံလေးသာ" ကျွန်တော်နောက်ကျသွားခဲ့ခြင်းပင် ... သို့သော်လည်း ထိုရထားသည် ဝင်ပေါက်ဘေးနားတွင် ရပ်လျှက် မျှော်ကြည့်နေသူ ကျွန်တော့်ကို မစောင့်ခဲ့ ... မောင်းသူသည် အရှေ့ဆုံးတံခါးပေါက်မှ ခေါင်းထုတ်ကာ လှည့်ကြည့်သော်လည်း ကျွန်တော် အခွင့်မရခဲ့ ... သူ၏ လှည့်ကြည့်ခြင်းသည် "နောက်ကို လက်ခံနိုင်တဲ့အချိန်ကို အရောက်လာပါ" ဟုများ ဆိုနေခြင်းများလား ... ကျွန်တော်ကတော့ နာရီဝက်ထပ်စောင့်လျှင် ရထားရဦးမည်ဖြစ်သော်လည်း အချို့သော ကိစ္စများတွင် "Acceptable Time" သည် သိပ်အရေးကြီးသည်။ အစားပြန်မရနိုင်လောက်သည်အထိ ဆုံးရှုံးမှုကြီးမားပေသည်။
အထူးသဖြင့် နေ့မြင် ညပျောက် ဤလောကကြီးထဲတွင် ကျွန်ုပ်တို့၏ မရေရာ မသေချာသည့် မနက်ဖြန်များစွာအတွက် ရှေ့ဆက်နေကြသည်ဖြစ်သော်လည်း "မီးစာကုန် ရေခမ်းမည့် တမလွန်" အတွက်တော့ သတိမရမိကြသည့် အခိုက်အတန့်ပေါင်းများစွာ ရှိတတ်ကြပေသည်။ "ကွေးသောလက် မဆန့်မှီ၊ ဆန့်သောလက် မကွေးမှီ ... မျက်စိတမှိတ် လျှပ်တပြက်" ဟုသာ ဆိုလေ့ရှိကြသော်လည်း တမလွန်အရေးသည် ကိုယ်တိုင်မကြုံရသေးလျှင် ချောင်ကပ်နေတတ်သည်။
အသက်ရှင်နေသည့် အခိုက်အတန့်လေးသည် ထိုတမလွန်အတွက် တိကျသည့်အဖြေကို ရယူနိုင်သော "Golden Time" တစ်ခုပင် ... ထိုရွှေရောင်အချိန်များကို ပိုင်ဆိုင်ထားပါလျှက်နှင့် မီးစာကုန် ရေခမ်းကာ ဇဝိန်ချုပ်မှ ရထားကြီးထွက်ခွာသွားသည့် မြင်ကွင်းအလား ငေးကြည့်နေရုံနှင့် နောက်နာရီဝက်တွင် ပြန်လည်ကာ အခွင့်မရချေ ... ထာဝရအသက်အတွက် အခွင့်အရေးသည် အသက်ရှင်နေသည့်အချိန်တွင်သာဖြစ်ပေသည် ... ဤသည်မှာ "Acceptable Time" ပင် ...
ကောရိန်သုဩဝါဒစာ ဒုတိယစောင် ၆:၂
ဗျာဒိတ်တော် အချက်ဟူမူကား၊ နှစ်သက်ဖွယ်သောအချိန်၌ သင်၏စကားကို ငါနားထောင်ပြီး။ ကယ်တင်ရာနေ့ရက်ကာလ၌ သင့်ကို ငါမစပြီဟု လာသည်နှင့်အညီ ယခုပင်နှစ်သက်ဖွယ်သောအချိန် ရှိ၏။ ယခုပင်ကယ်တင်ရာ နေ့ရက်ကာလရှိ၏။
လောကတွင် များစွာသော "Acceptable Time" များရှိကြသော်လည်း နောင်တမလွန်အရေးအတွက် အချိန်နာရီသည် သာ၍ အရေးကြီးပေလိမ့်မည် မဟုတ်ပါလား။ "ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာ၊ တတိယအရွယ်မှာ တရားရှာ" ဟုဆိုတတ်ကြသော်လည်း အရွယ်သုံးပါးမရွေး၊ ဆင်းရဲချမ်းသာ၊ ကလေးလူကြီး အားလုံးတို့သည် အချိန်မရွေး လူ့လောကကြီးထဲမှ ထွက်ခွာသွားရနိုင်သည်မှာ ငြင်းဆိုနိုင်မည် မထင်ပါ။ ထို့အတူ ကိုယ်တိုင်မပိုင်သည့် ထိုအသက်အတွက်၊ ဘယ်ကိုခရီးဆက်ရမည် မသိသည့် မရေရာ မသေချာသည့် ထိုတမလွန်အတွက် ... တိကျသည့် သတင်းကောင်းမှာ ယေရှုခရစ်တော်ပင် ... "ယခုပင်ကယ်တင်ရာ နေ့ရက်ကာလရှိ၏" ဟု ကျမ်းစာလာ သမ္မာတရားအတိုင်း "Acceptable Time" သည် ယနေ့၊ ယခု၊ မိတ်ဆွေ၏ လက်ရှိအသက်ရှင်နေသည့် အချိန်နာရီမှာပင် ဖြစ်ကြောင်း သတင်းကောင်းပါးရင်း ...
ကယ်တင်ရာနေ့ရက်သည် ယနေ့ပင်ဖြစ်သောကြောင့် ရထားကြီးထွက်ခွာမသွားခင် ထိုတမလွန်အတွက် အာမခံချက်ဖြစ်သည့် သခင်ယေရှုပေးသော အဖြေကို အခမဲ့ ရယူလိုက်ပါ မိတ်ဆွေ ...
***ယေရှုခရစ်တော်သည် ကျွန်တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်ပေါ်မှာအသေခံအသွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံတော်မူပြီးတော့ ကျမ်းစာလာသည့်အတိုင်း၃ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တာကို ယုံကြည်လက်ခံပါတယ်။ ***
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet