January 23, 2025

အသစ် နှင့် အသက်

အသစ် အသစ်​တွေကို ကျွန်​တော်တို့က ကြိုက်တတ်ကြပါတယ်။ တိုက်အသစ်၊ ဖုန်းအသစ်၊ ကားအသစ်၊ ဖိနပ်သစ်၊ မျက်မှန်သစ်၊ စိတ်သစ်၊ လူသစ် စသဖြင့် သိပ်သ​ဘော​တွေ့တတ်ကြတာ​ပေါ့။ သိပ်ကြိုက်တတ်ကြတာ​ပေါ့။ ခုလက်ရှိမှာတင် Iphone 12 ဘယ်​လောက် မှာယူကြပြီးပြီလဲမသိဘူးမဟုတ်ပါလား။ 

တခါတ​လေမှာ ကျွန်​တော်တို့က အသစ်ဆိုတာကို သ​ဘောကျတဲ့အခါ အသစ်အသစ်​တွေရဲ့နောက်ကို လိုက်တဲ့အခါမှာ ဒီ​နေ့ဘာတရား​ဟောချက် အသစ်ကြားရမလဲ၊ ဆရာဘာအသစ်​ဟောမလဲ စသဖြင့်ကို တမ်းတမိတတ်ကြပြန်တယ်။ ကြားဖူးသားဖြစ်ရင် အသစ်မဟုတ်ဘူးဆိုပြီး နားမ​ထောင်ချင်​လောက်​အောင် စိတ်ပျက်မိတတ်ကြတယ်။ ဘာလို့ဆို ​မျှော်လင့်​နေတာ အသစ်ဖြစ်လို့ပါ၊ ဆရာဘာအသစ်​ပြောမလဲ၊ ဒီ​နေ့ဘာအသစ်ကြားရမလဲ၊ နှုတ်ကပတ်​တော် အသစ်အသစ် အသစ်နှင့် အသစ်ကို ​မျှော်လင့်ရင်း သမ္မာတရားအသစ်ကို ​မျှော်မိတတ်ကြပါတယ်။ ဒါနဲ့ပဲ နားမ​ထောင်ဖြစ်ကြဘူး၊ နားမ​ထောင်ချင်​တော့ဘူး၊ စသဖြင့် ​တခါတ​လေ ဖြစ်သွားတတ်ပါတယ်။ 

ဆရာဆမ်မြူရယ်၏ စကားတစ်ခွန်းကို သတိရမိပါသည်။ လူ​တွေက ဆရာဘာ အသစ်​ပြောမလဲ ဘာအသစ်​ဟောမလဲ၊ နှုတ်ကပတ်​တော် အသစ်ဆိုတာကို ​ပြောတတ်ကြတယ်။ နှုတ်ကပတ်​တော်အသစ် ဆိုတာကို နား​ထောင်ချင်တယ် တမ်းတတယ်။ ဆရာ​တွေကလည်း တခါတ​လေမှာ နှုတ်ကပတ်​တော်ဆိုတာကို အသစ်ဆို​သော စကားလုံးနဲ့တွဲတတ်ကြတယ်။ ဒါ​ပေမယ့် နှုတ်ကပတ်​တော်ဆိုတာ အသစ်မဟုတ်ဘူး၊ အသစ်ဆိုတာနဲ့မတွဲဘူး။ နှုတ်ကပတ်​တော်ဆိုတာက အသက်ဖြစ်တယ်၊ နှုတ်ကပတ်​တော်ဆိုတာက အသက်နဲ့တွဲတယ်။ ဒီစကား​လေးကို ပြန်လည် ကြား​ယောင်မိရင်း ... 

ရှင်ယောဟန်ခရစ်ဝင် ၁:၄
ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက်သည်လည်း လူတို့၏အလင်းဖြစ်၏။ 

ဟုတ်ပါတယ် ဒီနှုတ်ကပတ်​တော်သည် အသက်ဖြစ်တယ်၊ ကျွန်​တော်တို့က နှုတ်ကပတ်​တော်ကို အသစ်လို့ထင်မိတတ်တယ် အသစ်ကြားချင်မိတယ်၊ ဒါ​ပေမယ့် အသက်ဆိုတာသတိရဖို့လိုပါတယ်။ ဒီအသက်ဖြစ်တဲ့ နှုတ်ကပတ်​တော်ကသာ မလိမ္မာ​သောသူကို လိမ္မာ​စေတာပါ။ ဒီအသက်ကိုရမှသာ ပုံသဏ္ဍာန်​ပြောင်းလဲခြင်းကို ဖြစ်​စေတာမဟုတ်ပါလား။
ဒီလိုပါပဲ ဒီအသက်ဖြစ်တဲ့ နှုတ်ကပတ်​တော်ကသာ ကျွန်ုပ်တို့၏ လမ်းခရီးကို လင်း​စေတယ်၊ ဒီအလင်းကသာ အ​မှောင်ကိုခွင်း အလင်းကို​ဆောင်ကာ ကျွန်ုပ်တို့ကိုလည်း ဤ​လောက၏အလင်းဟု ​ခေါ်ဆို​စေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ 

အသစ်မ​ကောင်းဘူးလား ​မေးရင်​တော့ ​ကောင်းပါတယ်လို့ဆိုရမှာပါ၊ ကျွန်​​တော်လဲကြိုက်ပါတယ် ဖုန်းအသစ်၊ ဖိနပ်အသစ်၊ စသဖြင့်​ပေါ့။ သို့​သော် နှုတ်ကပတ်​တော်က​တော့ အသက်ဖြစ်ဖို့သာအ​ရေးကြီးသလို၊ ကြားရသူအတွက် အသက်ဖြစ်​စေဖို့သာ အ​ရေးကြီးတယ်မဟုတ်ပါလား။ ​ဒေသနာသည် အသစ်ဖြစ်​စေ အ​ဟောင်းဖြစ်​စေ၊ ကြားဖူးသည်ဖြစ်​​စေ မကြားဖူးသည်ဖြစ်​စေ၊ ​ဟောဖူးသည်ဖြစ်​စေ မ​ဟောဖူးသည်ဖြစ်​စေ၊ နာယူသူနဲ့​ဟော​ပြောသူ​​တွေ အတွက်​တော့ ထိုနှုတ်ကပတ်​တော်သည် အသက်ဖြစ်​စေဖို့အ​ရေးကြီးတယ်မဟုတ်ပါလား။ 

ဒါ့​ကြောင့် နှုတ်ကပတ်​တော်သည် အသက်ဖြစ်တယ်၊ ထိုအသက်ပါတဲ့ နှုတ်ကပတ်​တော်က လူသစ်ဖြစ်​စေတယ်၊ စိတ်သစ်ဖြစ်​စေတယ်၊ မလိမ္မာ​သောသူကို လိမ္မာ​စေတယ်၊ ထိုအသက်က မိမိအထဲမှာရှိတဲ့အခါ အသီးကိုသီး​သော အသက်တာဖြစ်​စေတယ်၊ ထိုအသက်က အလင်းကိုလင်း​စေ၍ ငံ​သောအရာနှင့်ပြည့်လာ​စေတယ် ဆိုတာကို ဆင်ခြင်ရင်း ဆင်ခြင်ရင်းနှင့် ကျွန်​တော်တို့ယုံကြည်သူ​တွေသည် အသက်ဖြစ်တဲ့ နှုတ်ကပတ်​တော်ကိုသာ ဆာငတ်​မျှော်လင့်ကာ အသီးကိုသီး​သော အသက်တာဖြစ်ကြပါစို့ဟု အနည်းငယ် ​ဝေမျှခွန်အား​ပေးချင်ပါတယ်။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next