ယုန်ထင်ကြောင်ထင်မျက်ကန်းလမ်းပြခြင်း

မှားယွင်းသောဩဝါဒတို့ ၊ တဆေးရောထားသောတရားဒေသနာ ၊ ယေရှုနဲ့ခရစ်တော်ခွဲခြင်းတို့စသဖြင့် အရင်ထဲကရှိခဲ့ပါတယ် တမန်တော်တွေခေတ်အချိန်အခါတည်းကရှိခဲ့သလိုယခုမှာပြန်ခေတ်စားလာတာလဲဖြစ်ပါတယ်။
ဒါ့ကြောင့်မို့လို့ ယုံကြည်သူတွေက သူတပါးဘာပြောပြော ၊ ဘယ်တရားကိုဘယ်လိုကြားကြား ၊ ဗေရိမြို့သားများကဲ့သို့မှန်သည်မမှန်သည်ကို နှုတ်ကပါတ်တော်နဲ့ချိန်ထိုးစစ်ဆေးကြဖို့ရာလိုအပ်ပါသည်။
မနက်ကကျွန်တော်နို့မသောက်စဖူးသောက်လိုက်ပါတယ် ၊ ပြီးတော့ ဒိန်ချဥ်၁ဗူးထပ်သောက်လိုက်ပါတယ် ညရောက်တော့ဗိုက်နာသလိုအောင့်သလိုခံစားရပါတယ်။ အရောအနှောမသောက်သင့်တာကိုသောက်သုံးမိခြင်းကြောင့်ဖြစ်ပါတယ်။ ဒါကလူ့ခန္ဓါအတွက်ထိခိုက်တာပါ ဒါပေမယ့် အများဆုံးခံရ၁ရက် ၂ရက်ပါပဲ ပြီးရင်ပြန်ကောင်းလာမှာဖြစ်ပါတယ်။ သို့သော် နှုတ်ကပါတ်တော်နို့ရည်ကိုတော့အရောအနှောနဲ့သောက်သုံးရင် ဝမ်းပျက်ရုံမကပါ ၁ရက်၂ရက်နဲ့လဲပြန်မကောင်းလာပါ။ ခံယူချက်တွေမှားမယ် ၊ တစ်ဘဝလုံးအသက်တာလွဲမှားသွားနိုင်သလို ကယ်တင်ခြင်းတရားလမ်းမှလွဲချော်သည်အထိဖြစ်နိုင်ပါတယ်ဆိုတာကိုနားလည်ရပါတယ်။
ယုန်ထင်ကြောင်ထင်ဆိုသောစကားသည်လောကနဲ့သာသင့်တော်တာဖြစ်တယ်။ အကြောင်းအရာတစ်ခုကိုထင်ယောင်ထင်မှားပြောတာမျိုးသင့်တော်ပေမယ့် နှုတ်ကပါတ်တော်သမ္မာတရားကိုတော့ဟိုလိုလိုဒီလိုလိုပြောတာမျိုးမရှိသင့်ပဲ သမ္မာတရားအတိုင်းပြတ်ပြတ်သားသားပြောရပါမယ်။ တကယ့်စံမှလွဲချော်ပြောဆိုခြင်း ၊ မုသာသုံး၍လှည့်စားခြင်း ၊ အစရှိသဖြင့်လဲရှိနေကြတာကိုမြင်တွေ့ရပါတယ်။ လောဘအခြေခံ၍လှည့်ဖျားခြင်းမျိုး ဥပမာ မျိုးစေ့ကြဲတဲ့ကျမ်းချက်ကိုတလွဲယူပြီး များများလှူရင်များများရိတ်ရမယ် ၊ အလှူငွေရဖို့အလွဲသုံးတာမျိုး ၊ သူ့မှမလှူရင်ကောင်းကြီးမရသလိုဆိုလိုတာမျိုးနဲ့ လမ်းပြခြင်းမျိုးတွေတွေ့ရပါတယ်။
ရှင်ယောဟန်ဩဝါဒစာ ပဌမစောင် ၂:၂၂
မုသာကိုသုံးသောသူကားအဘယ်သူနည်း။ ယေရှုသည်ခရစ်တော်မဟုတ်ဟု ငြင်းပယ်သောသူ ဖြစ်သတည်း။ ခမည်းတော်နှင့် သားတော်ကို ငြင်းပယ်သော သူသည် အန္တိခရစ်ဖြစ်၏။
တကယ်လဲတမန်တော်တွေခေတ်ထဲကရှိခဲ့သောကြောင့်လမ်းမလွဲရအောင်ပြောထားတာဖြစ်တယ်။ယခုလဲရှိနေတာဖြစ်တယ်။ သမ္မာတရားကိုမသိထားရင်ကယ်တင်ခြင်းလမ်းပါလွဲသွားမှာဖြစ်တယ်ဆိုတာကိုနားလည်ရပါတယ်။
ဥပမာ။ ယေရှုသည်လူဖြစ်တယ် ၊ ခရစ်တော်ကသာဘုရား ၊ ယေရှုကိုယုံရင်ငရဲကျမယ် ၊ နောက်တစ်ဖွဲ့ကတော့ ယေရှုကတရုတ်မအဖြစ်ကြွလာပြီးပြီ(အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်)ဆိုတဲ့အဖွဲ့ဖြစ်တယ်။ သူတို့ကသုံးတော့ယေရှုယောကျားပုံသုံးပေမယ့် တရုတ်မယေရှုကိုလက်ခံတာဖြစ်တယ် မုသာသုံးတဲ့အဖွဲ့ပေါ့။ ထိုတရုတ်မအဖွဲ့က Page နာမည်တွေများစွာ ၊ Account အတုတွေများစွာနဲ့ဝါဒဖြန့်တယ်။
ဒီလိုပါပဲ မျက်ကန်းလမ်းပြခြင်းဆိုတာဟာငယ်စဥ်ကသင်ခဲ့ရတဲ့မျက်မမြင်တွေဆင်ကြီးကိုစမ်းသလိုပါပဲ။ သူလဲမသိကိုယ်လဲမမြင်ပေါ့။ လောကစကားတစ်ခုရှိပါသေးတယ် မသိတဲ့သူကိုမတတ်တဲ့သူကသင်ပေးတယ်ဆိုတာမျိုးပေါ့။
တစ်ရက်ကတွေ့လိုက်တဲ့အရာလေးနဲ့ဥပမာပေးချင်ပါတယ်။ သူလဲအလွဲကိုယ်လဲအလွဲ လောကစကားနဲ့ပြောရရင်ဘူဘူချင်းတစ်လုပ်တယ်ဆိုကြပါစို့။
ပိုက်ဆံတွေပွားတာလွဲတယ်ပြောပြပြီးကိုယ်ကတော့မှန်နေသယောင်လမ်းပြတာမျိုး။
လိုရာဆွဲပြီးကယ်တင်ခြင်းကိုတလွဲလမ်းပြတာမျိုးလဲရှိပါသေးတယ်။ ဥပမာ။ သေလွန်သူတွေကိုနှစ်ခြင်းပေးရင်ကယ်တင်ခြင်းရတယ်တို့ ၊ သေဆုံးပြီးသားဝိညာဥ်ကိုချစ်ရမယ် စသဖြင့် ၁ကော၁၅:၂၉ကိုတလွဲယူ၍ လမ်းပြခြင်းမျိုး ၊ နောက်တမျိုးကတော့ အခြားသောဧဝံဂေလိ ၊ Jesus is the Only One Way အစား အခြားအရာတွေဝင်လာခြင်းတို့ဖြစ်ပါတယ်။
မှားတယ်ဆိုတာကိုသိဖို့အတွက် အမှန်ကိုသိနေရမယ်။ ဒါဆိုရင်အမှန်ကိုသိဖို့အတွက်ဘာလုပ်ရမလဲ။ ပညာနည်းသောကြောင့်ဆုံးရှုံးခြင်းသို့မရောက်ရလေအောင် ကြားရသောစကားတွေ ၊ တရားတွေ ၊ သွန်သင်ချက်တွေ စသဖြင့်ကို သမ္မာတရားလမ်းမှလွဲမသွားရလေအောင် နှုတ်ကပါတ်တော်ကိုမှန်သည်မမှန်သည်စေ့စေ့ကြည့်ရှုကာပိုင်းခြားနားလည်ဖို့ရာအနည်းငယ်ဝေမျှတိုက်တွန်းလိုက်ပါတယ်။
တမန်တော်ဝထ္ထု ၁၇:၁၁
ဗေရိမြို့သားတို့သည် သက်သာလောနိတ်မြို့သားတို့ထက် ထူးမြတ်သဖြင့်၊ အလွန်ကြည်ညိုသော စေတနာစိတ်နှင့် နှုတ်ကပတ်တရားတော်ကိုခံယူ၍ မှန်သည်မမှန်သည်ကိုသိခြင်းငှါ၊ ကျမ်းစာကိုနေ့တိုင်း အစဉ်စေ့စေ့ကြည့်ရှုကြ၏။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။