November 26, 2026

ဝန်တာစိတ်ဖြင့်

နေဟမိသည် ​ယေရုရှလင်မြို့​​တော်နှင့်​ဝေးကွာ​နေ​သော်လည်း သူ့စိတ်ဝိညာဥ်သည် သူ့လူမျိုး​​တော်နှင့်အတူရှိ​နေသလို နှလုံးသားမှာလည်း မြို့​​တော်၌သာ ကျန်​နေခဲ့ဟန်တူသည်။ အဖမ်းခံရစဥ်မှ နှစ်​ပေါင်းများစွာ ကြာ​သော်လည်း မ​ပြောင်းလဲ​သော စိတ်သ​ဘောထားသည် ထိုသို့ပင်ဖြစ်​ချေသည်။ 

သတင်းကိုကြားရန်လည်း အမြဲတမ်းနားကိုစွင့်လို့ မျက်စိကိုဖွင့်ထားဟန်လည်းရသည်။ တ​နေ့သ၌ ​နေဟမိ၏ညီ ဟာနန်နှင့် ယုဒလူအချို့​သည် သူ့ထံသို့​ရောက်လာသည်နှင့် တပြိုင်နက် တိုင်း​ရေးပြည်​ရေးအ​ခြေအ​နေနှင့် လူမျိုး​တော်​တွေ၏ သာ​ရေးနာ​ရေး​မေးမြန်း​လေ​တော့သည်။ ​ထိုသူတို့​ရောက်သည်နှင့် ကြားရ​သော သတင်းစကားသည် ရင်ဝကို ကန်​ကျောက် လည်မျိုကို ခဲမှန်သလို ခံစားရသည့် ခံစားချက်ဖြစ်​သော​ကြောင့် သူ့တသက်​မေ့နိုင်မည်မထင်။ 

မြို့ရိုးလည်း ပြိုပျက်၊ မြို့တံခါးက မီး​လောင်၊ လူ​တွေလည်း ခွေး​ပြေး ဝက်​ပြေး​ ပြေးရ၊ ဖိနှိပ်ခံရတဲ့ ဆင်းရဲဒုက္ခကို ရင်ဝယ်ပိုက်ကာ ခွဲခြားဆက်ဆံခြင်းကို ​ခေါင်းငုံရင်ဆိုင်ရင်း ​နေ့ရက်တိုင်း ​နေ့ရက်တိုင်းကို ငို​ကြွေးခြင်းများနဲ့သာ ဖြတ်သန်း​နေရ​သော ယုဒလူမျိုး​တွေအတွက် ​နေဟမိ၏ မျက်ရည်သွန်းဖြိုးခြင်းနှင့် စိတ်နှလုံး​ကြေကွဲခြင်းသည် ထိုက်သင့်လှ​ပေ၏။ 

နာကျဥ်စွာ ငို​ကြွေးရင်း အစာပါ​ရှောင်ကာ ​တောင်းတဲ့ဆုက​တော့ ဝန်ကြီးချုပ်ကြီး၊ ဘုရင်ခံကြီးဖြစ်​စေဖို့​တော့ မဟုတ်ခဲ့​ပေ။ မျက်ရည်နဲ့တကွ ​တောင်းတဲ့ဆုက​တော့ လူမျိုး​တော်နဲ့ မြို့​တော်အတွက်တဲ့​လေ။ 

"ငါ့အတ္တကို ဖက်နဲ့ထုပ်ပြီး ငါ့​ဇာတိနဲ့အတူ ​ရေဆုန်​​မျှောလို့ ငါငို​ကြွေးရင်း ဝန်တာစိတ်နဲ့ ဆု​တောင်းချက်က ငါဆိုတဲ့ ငါအတွက် မဟုတ်ခဲ့ဘူး" လို့တီးတိုး​ရေရွတ်မိ​လေမလား။ 

​နေရက်​တွေ ကြာ​​ညောင်းလို့ လ​တွေရက်တွေ ​ပြောင်းလာ​ပေမယ့် ဆု​တောင်းသံ မရပ်ခဲ့။ အစာ​ရှောင်ခြင်းက အဆာငတ်ခံဆန္ဒပြခြင်းမဟုတ်တာ​တော့ အ​သေအချာဖြစ်ခဲ့မည်။ ​နေဟမိရဲ့ အင်တန်ကာလ အစာ​ရှောင် ဆု​တောင်းခြင်းသည် မည်မျှကြာ​ညောင်းခဲ့မည်မသိ​သော​ကြောင့် ကျွန်​တော်က​တော့ "နေဟမိနှင့် ဘုရားသခင်ကြားက လျှို့ဝှက်​သော ​နေ့ရက်များ" ဟုပင် တင်စားကာ ​ခေါ်ဆိုလိုက်ချင်ပါသည်။ 

နေဟမိမှတ်စာ ၁:၄
ထိုစကားကိုကြားလျှင်၊ ငါသည်ထိုင်၍ အင်တန်ကာလပတ်လုံး ငိုကြွေးမြည်တမ်းလျက်၊ အစာရှောင်လျက်နေ၍၊ ကောင်းကင်ဘုံ၏အရှင် ဘုရားသခင့်ရှေ့တော်၌ ဆုတောင်းသောပတ္ထနာ ဟူမူကား၊ 

​​အေး​ဆေးစွာ​နေမည်ဆို ​နေနိုင်သည် သို့​သော် ​အဝေး​​ရောက်​နေပါ​သော်လည်း ဝန်တာစိတ်က ကြီးစိုး​နေတဲ့ ​နေဟမိကို​တော့ ​လေးစားအတုယူစရာပင် ဖြစ်​နေခဲ့​ပေသည်။ ယ​နေ့ ကျွန်ုပ်တို့၏ ဆု​တောင်းသံ​တွေက "ငါဆိုတဲ့ ငါ့အတွက်" များဖြစ်​နေ​လေမလား။ တစ်ကြိမ်တစ်ခါ​တော့ "အသင်း​တော်နဲ့သာသနာအတွက်" ဆို​သော ဝန်တာ​လေးထားရင်း ဆု​တောင်းကြဖို့ သတိရမိဖို့ကို ​နေဟမိကြီးများ သတိ​ပေး​နေ​လေသလားဆိုတာကို ဆင်ခြင်ရင်း ... 

​ရောက်တဲ့​နေရာ၊ ရှိတဲ့အရပ်မှာပင် အသင်း​တော်နှင့် သာသနာအတွက် လူအားဖြင့်​သော်လည်း​ကောင်း၊ ​ငွေအားဖြင့်​သော်လည်း​ကောင်း၊ နှုတ်၏​ဆောင်မခြင်း အားဖြင့်​သော်လည်း​ကောင်း၊ ဆု​တောင်း​ပေးခြင်းအားဖြင့်​သော်လည်း​ကောင်း ဝန်တာစိတ်ဖြင့် တထောင့်တ​နေရာမှ ဆပ်ကပ်ပါဝင်ကြ​ရအောင်ဟု အနည်းငယ် တိုက်တွန်းခွန်အား​ပေးလိုက်ပါတယ်။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next