လူကိုမကြည့်နဲ့
နိုင်ငံရေးမှာဖြစ်စေ၊ စီးပွားရေးမှာဖြစ်စေ၊ ပညာရေးမှာဖြစ်စေ၊ ဝိညာဥ်ရေးရာမှာဖြစ်စေ အင်မတန်အရေးကြီးတဲ့ သတိထားရမည့် အချက်တစ်ချက်ရှိသည်။ သို့သော်လည်း "သတိမမူ ဂူမမြင်" ဟုဆိုရိုး ရှိသည့်အလား သတိမမူမိတဲ့အခါမှာတော့ သတိလက်လွတ်ဖြစ်သွားတတ်ပါတယ်။
နိုင်ငံရေးမှာတော့ "လူကိုမကြည့်နဲ့ မူကိုကြည့်ပါ" ဆိုသည်မှာ စံထားကြတဲ့ ဆောင်ပုဒ်တစ်ခုဟု ဆိုရပေမည်။ တိုးတက်ပြီး အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲသော နိုင်ငံတစ်နိုင်ငံကို သတိထားကြည့်ရမယ်ဆိုရင်ဖြင့် လူတွေက မူဝါဒကိုကြည့်ကြတယ်၊ ပြည်သူ့အကျိုးပြုမည်လား၊ ပြည်သူအပေါ် မေတ္တာစေတနာရှိရဲ့လား၊ နိုင်ငံတော်ကို ငြိမ်းချမ်းစေမလား၊ လူမျိုးရေးခွဲခြားသလား၊ ဘာသာရေးမှိုင်းမိသူလား၊ စသဖြင့် အခြေခံမူကိုကြည့်၍ မဲပေးကြသည်။ အကယ်၍သာ လူကိုကြည့်ပြီးရွေးမည်ဆိုလျှင် လူကတော့ ဟုတ်မလိုလိုရှိသော်လည်း မူဝါဒတွေ၊ တိုင်းပြည်နှင့်လူမျိုးအပေါ် ထားသော စိတ်ထားတွေ မကောင်းလျှင် ပြည်သူလူထုကသာ ထိုအကျိုးဆက်တွေကို ခံစားရမည်မဟုတ်ပါလား။ အတုယူရန် နိုင်ငံတကာမှာ သက်သေပေါင်းများစွာ ရှိနေပေသည်။
"မိမိကုန်ပစ္စည်းကို ရောင်းထွက်ရန်သာ အဓိကထားပါ၊ လူကိုမကြည့်နဲ့၊ မချစ်သော်လည်း အောင့်ကာနမ်း" "အလုပ်ကိစ္စနဲ့ကိုယ်ရေးကိုယ်တာ ခွဲခြားသိပါ" စသဖြင့်သည် စီးပွားရေးသမားများ၏ အားသာချက်ဖြစ်သည်။ စိတ်ခံစားချက်ပေါ်မူတည်၍ ဒီလူ့ကြည့်မရလို့ မရောင်းဘူး၊ သူ့ကိုသဘောကျလို့ အလကားပေး၊ စသဖြင့် ပေါ့ပေါ့တန်တန် အလုပ်မလုပ်ကြပါ၊ လုပ်မိရင်တော့ ပွဲပျက်သွားမည်၊ စီးပွားပျက်သွားမည် ဖြစ်သည်။ ထို့အတူ လောင်းကစားသမားများသည်လည်း စိတ်ခံစားချက်ကိုလိုက်၍ လောင်းကစားမလုပ်ကြချေ။ ဆိုကြပါစို့ ... မန်ယူကို ကြိုက်လွန်းရင်တောင်မှ အခြေအနေမကောင်းရင် ပေါက်ကြေးမကောင်းရင် မလောင်းကြပါ။ လုပ်ကြရင်တော့ ထိုသူတွေကို တကယ့်စီးပွားရေးသမား၊ လောင်းကစားသမားဟု ခေါ်ဆို၍မရတော့ချေ။ စိတ်ခံစားချက်ပေါ်လိုက်၍ စီးပွားရေးလုပ်ခြင်း၊ လောင်းကစားလုပ်ခြင်းပြုလျှင်တော့ များမကြာမှီ ခွက်ဆွဲကြရမည်မဟုတ်ပါလား။ (တောင်းစားရင်လဲ ဟိုလူပေးလို့မယူဘူး၊ ဒီလိုပေးလို့မကြိုက်ဘူးဆိုရင်တော့ ငတ်မှာပါ)
ဝိညာဥ်ရေးရာ မှာတော့ လူကိုသာကြည့်ပြီး သမ္မာတရားကိုမကြည့်ရင် အန္တရာယ်မည်မျှရှိမည်နည်း။ ဝိညာဥ်ရေးရာအတွက် စံထားရမည်မှာ သမ္မာတရားဖြစ်သည်၊ မိမိသိခြင်း၊ တတ်ခြင်း၊ နားလည်ခြင်း၊ ခံယူခြင်း၊ ဆရာသမားသွန်သင်ခြင်း စသဖြင့်ကို သမ္မာကျမ်းစာနှင့် တိုင်းတာရမည် မဟုတ်ပါလား။ သို့မှသာ သမ္မာတရားနှင့် လွဲချော်နေရင် သိနိုင်မည်။ အချို့ကတော့ သွန်သင်ခြင်း အရမ်းကောင်းပါတယ်၊ သစ္စာလဲ အရမ်းရှိတယ်၊ သို့သော်လည်း သခင်ယေရှုသည် ဘုရားမဟုတ်ဘူး လူဖြစ်တယ်လို့ဆိုကြတယ် သို့မဟုတ် ဘုရားငယ်လေးလို့ခံယူကြပြန်တယ်။ အချို့အဖွဲ့ကလည်း သမ္မာကျမ်းစာ အနည်းငယ်ကိုသုံးပြီး လူတွေကိုခေါ်တယ် သို့သော် ယေရှုက တရုတ်ပြည်မှာပေါ်လာတယ် အမျိုးသမီးဟုဆိုကြပြန်တယ်။ ဒီလူတွေကို ပြန်ပြီး သမ္မာတရားကိုပြောပြတဲ့အခါမှာ လက်မခံနိုင်ပဲ၊ သူတို့သိထားတာကသာ သမ္မာတရားဟုဆိုကြလေတယ်။ သူတို့ရဲ့ဆရာသမားတွေနဲ့ သူတို့ပြောသမျှ လုပ်သမျှ သင်သမျှတွေကိုသာ ကြည့်တတ်ကြပြီး ဖြန့်ကျက်မကြည့်ကြလို့ရယ်၊ မသိစိတ်ရော အသိစိတ်ကပါ မျက်စိပိတ်နားပိတ် ဖြစ်နေခြင်းရယ်ကြောင့်ဖြစ်တတ်ပါတယ်။ နိုင်ငံရေးမှာလဲ ဒီလိုမျိုးဖြစ်တတ်ကြတာကို နားလည်ရတယ်။
ရှင်ယောဟန်ခရစ်ဝင် ၈:၃၁-၃၂
ထိုအခါယေရှုက၊ သင်တို့သည် ငါ၏ဒေသနာ၌ တည်လျှင် ငါ့တပည့်အမှန်ဖြစ်ကြ၏။
သမ္မာတရားကိုလည်း သိကြသဖြင့်၊ ထိုတရားသည် သင်တို့ကို လွှတ်လိမ့်မည်ဟု၊ ယုံကြည်သော ယုဒလူတို့အား မိန့်တော်မူ၏။
ကျန်းမာချမ်းသာ ဒေသနာရှင်တွေကို ကြည့်မလား၊ ယေရှုနဲ့ခရစ်တော်ခွဲတဲ့ အယူလွဲအဖွဲ့တွေကို ကြည့်မလား၊ အပြစ်ဝန်ချ နောင်တရရန်မလိုဟုဆိုသူတွေကို ကြည့်မလား၊ Joel Osteen, Paula White, Joyce Meyer, Kenneth Copeland စသဖြင့်တို့ကို ကြည့်မလား သခင်ယေရှုပြောတဲ့ ငါ့ဒေသနာ၌ မတည်ပဲ အလွဲတွေဟောနေပြောနေသော်လည်း အချို့သောသူတွေက ဆက်လက် လိုက်ပါနေကြသေးသည်၊ လက်ခံနေကြသေးသည်၊ သမ္မာတရားဟုပင် ထင်မှတ်နေကြသူများ ရှိနေကြပါသေး၏။ အဘယ့်ကြောင့်နည်း။ အနည်းငယ် စဥ်းစား သုံးသပ်ကြည့်ရအောင်လား ...
သမ္မာတရားကို ထောက်ပြကြတယ်၊ ခွဲခြားပြကြတယ်၊ တိုက်စစ်ရန် သမ္မာကျမ်းစာလည်းရှိပါတယ် သို့သော် ဒီအရာတွေက ဩဝါဒအလွဲတွေ ဖြစ်တယ်ဆိုတာကို လက်မခံကြဘူး။ အရေးအကြီးဆုံးအချက်သည် မသိချင်တာဖြစ်တယ် မှောင်မိုက်တန်ခိုးရှိနေလို့ ဝိညာဥ်မျက်စိ မမြင်နိုင်တာလည်း ပါတာပေါ့၊ ကြားထားသော စကားနှင့် အပြုအမူတွေကလည်း လွှမ်းမိုးနေသည်။ ထို့အတူ မှားနေတယ်ဟုထင်မိသော်လည်း လူကိုစွဲလန်းနေသည် ထို့ကြောင့် သိအောင် မလုပ်တော့ပဲ မျက်စိမှိတ်လက်ခံလိုက်ကြသည်။ မိမိကိုယ်ကို ငါယုံတာအမှန်ဟု လှည့်စားမိသည်၊ မှားကြောင်း မရှာဖွေတော့ချေ။ သူများပြောရင်လဲ မကြိုက်တော့ ခံငြင်းကြရပြန်သည်။ အချို့ကြပြန်တော့ အသက်တာနဲ့သွန်သင်ချက်သည် လွဲနေတာမြင်ရသော်လည်း ချည်နှောင်ခြင်းတစ်ခုရှိနေ၍ မရှောင်ထွက်နိုင်ပြန်ဘူးပဲ။ နောက်ဆုံးမှာတော့ အလွဲယူ အယူလွဲရင်း ကယ်တင်ခြင်း သင်္ဘောမှောက်သွားကြသူတွေ ဒုနဲ့ဒေးရှိပါတယ်။
သမ္မာတရားကိုသိရင် လွှတ်ခြင်းကိုရမည်ဆိုသော်လည်း ထိုသူတို့ တဆေးရောထားတဲ့ သမ္မာတရားဟုခေါ်ဝေါ်သော မသမ္မာတရားကတော့ ထိုသူတို့အား ချည်နှောင်လို့ပင်ဖြစ်မည်။ "ဘာသာရေးက ဘိန်းလိုပဲ" ဟုဆိုသော အချက်ကိုပင် သတိရမိပါတယ်၊ ဟုတ်ပါတယ် လူတွေကို အမှန်တရားကဘာလဲဆိုတာကို မမြင်နိုင်လောက်အောင် မျက်စိကန်းစေတတ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ဘာသာရေးအကြောင်းပြလိုက်ရုံဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဝိညာဥ်ရေး စသည်ဖြင့် မည်သည့်အရာကိုဖြစ်စေ လှည့်ဖျားနိုင်စွမ်းရှိသည်မဟုတ်ပါလား။ ထို့ကြောင့် လူကိုသာကြည့်လျှင် မိမိနှစ်သက်ရာကိုသာ ရွေးရွေးပြီး မြင်နိုင်သည်ဖြစ်သော်လည်း သမ္မာတရားကို ကြည့်မှသာ ထိုလူ၏ လှည့်စားတတ်သော ချည်နှောင်ခြင်းမှ လွတ်မြောက်နိုင်မည်ဖြစ်သည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်ပေတော့သည်။
ဒါ့ကြောင့် ဆရာတင်မှားရင် ကြောက်စရာကောင်းလှသည်။ ကောရနှင့် အပေါင်းအပါများလည်း သက်သေရှိချေသေးသည် မဟုတ်ပါလား။ အလွဲအမှားဖြစ်မှန်းသိရင် ပြင်ဖို့ နောင်တရဖို့၊ ဩဝါဒအလွဲကို ထားခဲ့ဖို့လိုသော်လည်း ထိုသူနောက်ကို ဆက်လိုက်နေခြင်းသည် ကြောက်စရာတစ်ခုပင်ဖြစ်သည်။ ထိုကဲ့သို့အရာများသည် နေရာပေါင်းစုံတွင်ရှိသည်ကိုလည်း မြင်နိုင်သည်။ မိမိဘဝမှာဖြစ်စေ၊ နိုင်ငံရေး၊ စီးပွားရေး၊ ဝိညာဥ်ရေး နေရာစုံတွင်ရှိသည် မဟုတ်ပါလား။ ထိုသူများသည် အဘယ့်ကြောင့် ပြန်မလှည့်နိုင်ကြသလဲဆိုရင် "တည်မိတဲ့ဘုရား ကျီးပင်နားချင် နားပါစေတော့ ကိုးကွယ်ရတော့မည်" ဟုဆိုသကဲ့သို့ပင် ဖြစ်နေကြသလားတော့ ကျွန်ုပ်လည်း မသိတော့ချေ။ ဒါ့ကြောင့် နိုင်ငံရေးကိုကြည့်မလား၊ လူမှုရေးကိုကြည့်မလား၊ စီးပွားရေးကိုကြည့်မလား၊ အသင်းတော်မှာ သင်းအုပ်ခန့်မလား၊ ဝိညာဥ်ရေးကိုကြည့်မလား၊ မည်သည့်နယ်ပယ်ကို ကြည့်ကြည့် လူကိုမကြည့်နဲ့ မူကိုကြည့်ပါဟုဆိုသည့်အတိုင်း ကျွန်ုပ်တို့ယုံကြည်သူတွေသည် သမ္မာတရားကိုကြည့်ကြရပေမည်။ ဒီလူမှာ Gospel ပါသလား၊ ခရစ်ယာန်တစ်ယောက်၏ စံနှုန်းရှိသလား၊ သမ္မာတရားနဲ့အညီအသက်ရှင်သလား၊ အသက်ရှင် လုပ်ဆောင်ခြင်းတွေသည် သမ္မာတရားနဲ့ကိုက်ညီသလား၊ သူ့ရဲ့ခံယူယုံကြည်ချက်ကဘာလဲ၊ ဘယ်အဖွဲအစည်းကလဲ၊ သူ့ကိုသွန်သင်ပေးသော ဆရာက သမ္မာတရားနဲ့ညီသလား၊ သူတပါးကို သနားတတ်သလား မေတ္တာရှိသလား၊ လူမျိုးရေးသမားလား၊ လူလူချင်းခွဲခြားတတ်သလား၊ နှိမ့်ချမှုရှိသလား၊ ဘုရားသခင်ကို ချစ်သလား စသဖြင့်တွေကိုကြည့်၍သာ တော်ကီလား ဘော်ဘီလားကို သိနိုင်ကာ လူ၏ချည်နှောင်ခြင်း ဘက်လိုက်ခြင်း (Bias)မှ လွတ်၍ သမ္မာတရားကိုလည်းသိ၍ လွတ်ခြင်းကို ရရှိနိုင်မည်မဟုတ်ပါလား။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet