ကိုယ်တိုင်သိမှတ်၍
ကျွန်တော် ၄တန်းကျောင်းသားဘဝလောက်တွင် အစပ်လုံးဝမစားပါ။ ငရုပ်သီးဆိုလျှင် သာ၍ဝေးစွာရှောင်ရှားသူဖြစ်သည်။ တနေ့တွင် ဦးလေးဖြစ်သူမှ ငရုပ်သီးစိမ်းတွေကို အားရပါးရကိုက်လိုက် ထမင်းကိုစားလိုက်နှင့် လုပ်နေပုံကိုကြည့်၍ အသဲယားလာ၍ အရမ်းသိချင်လာခဲ့သောကြောင့် စကားတစ်ခွန်းမေးမိခဲ့သည်။
"ဦးပေါက် ငရုပ်သီးစိမ်းက မစပ်ဘူးလား"
သူကလည်း တုန့်ပြန်ချက်အင်မတန်မြန်သည်။
"အေး ဒါကအချိုသီးကွ မစပ်ဘူး"
သို့နှင့် ကျွန်ုပ်လည်း ယုံကြည်ကာ ထိုငရုပ်သီးစိမ်းအား တစ်ကိုက် ကိုက်လိုက်သည်နှင့် တပြိုက်နက် ပါးစပ်ထဲမီးပွင့်သွားခဲ့လေတော့သည်။
သူများပြော၍ ငရုပ်သီးစပ်ခြင်း ချိုခြင်းကို သိသည်မဟုတ်ခဲ့ပါ။ ကိုယ်တိုင်မြည်းစမ်းချင်၍သော်လည်းကောင်း ဦးလေး၏ မြည်းစမ်းခိုင်းခြင်းအားဖြင့်သော်လည်းကောင်း ကျွန်ုပ်သည် ငရုပ်သီး၏ အရာသာအစစ်အမှန်ကို သိသွားခဲ့သည်။ ယခုပြန်ပြောလျှင် ရယ်စရာတစ်ခုကဲ့သို့မြင်ရသော်လည်း ထိုသို့မစားခဲ့မိလျှင် ကျွန်တော် အစပ်စားနိုင်ခဲ့မည်မဟုတ်ပါ။ ယခုချိန်မှာတော့ သူကပင် ကျွန်ုပ်အား အစပ်လျှော့စားရန် ပြောနေရလေပြီ။
နိုင်ငံရေးတွင်ဖြစ်စေ၊ ဘာသာရေးတွင်ဖြစ်စေ ကြားဖူးနားဝဖြင့်သော်လည်းကောင်း၊ နားစွန်နားဖြားဖြင့် ဆုံးဖြတ်ခြင်း၊ ကိုယ်တိုင်သေချာ အတွင်းကျကျမသိဘဲ မျက်စိမှတ်ယုံကြည်၍မသင့်ချေ။ အပေါ်ယံသာသိရှိပြီး ဆုံးဖြတ်ယုံကြည်လိုက်ခြင်းသည် အန္တရာယ်များသော အရာတစ်ခုပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ယုံကြည်ချက်၊ ခံယူချက်၊ လုပ်ဆောင်ချက်၊ အသက်တာတလျှောက်လုံးသည် ထိုအရာများအပေါ် မူတည်လျှက်ရှိသောကြောင့်လည်းဖြစ်သည်။
ထို့အတူ သခင်ယေရှုခရစ်တော်ကိုလည်း သူများပြောသောကြောင့် မဟုတ်ဘဲ ကိုယ်တိုင် သိမှတ်ခြင်းလိုအပ်သည်။ သို့မဟုတ်ရင်တော့ အခြေအနေပေါ်မူတည်၍ ပြောင်းလဲသွားနိုင်ပေသည်။ ဆင်းရဲချမ်းသာပေါ် မူတည်၍ဖြစ်စေ၊ အဆင်ပြေခြင်း အဆင်မပြေခြင်းကြောင့်ဖြစ်စေ၊ ကျန်းမာခြင်း မကျန်းမာခြင်းကြောင့်ဖြစ်စေ ပြောင်းလဲသွားတတ်ကြစမြဲပင်။ သို့သော် ကိုယ်တိုင်သိမှတ်၍ ယုံကြည်သောသူသည် မည်သည့်အခြေအနေမျိုးပင်ကြုံရပါစေ တုန်လှုပ်မည်မဟုတ်သလို ပြောင်းလဲမည်မဟုတ်ပေ။
(ကျမ်းညွှန်း ဧဖက် ၂:၈-၉)
ဘာသာပြောင်းခြင်းမဟုတ်ဘဲ သခင်ဘုရားထံပြောင်းလဲခြင်းဖြစ်စေဖို့ရာ ကိုယ်တိုင်သိမှတ်ခြင်းသည် အရေးအကြီးဆုံးပင်ဖြစ်သည်။ ထိုသို့ သိမှတ်နိုင်ဖို့ရန် ဝေမျှပြောပြပေးသူတင်မကသေးဘဲ မိမိကိုယ်တိုင်မှလည်း မြည်းစမ်းချင်စိတ်ရှိရန်လိုအပ်ပါသည်။ ထို့ကြောင့် သခင်ယေရှုက "ငါသည် လမ်းခရီး၊ သမ္မာတရား၊ အသက်" ဟုဆိုသည့်အတိုင်း ဘယ်ကိုသွားရမည်မသိသော တမလွန်အတွက် လမ်းကိုသိချင် စိတ်ချချင်သောစိတ်၊ "သမ္မာတရားကိုသိလျှင် လွှတ်ခြင်းကိုရလိမ့်မည်" ဟုဆိုသည့်အတိုင်း သမ္မာတရားကို သိချင်သောစိတ်၊ "ငါ့ကို ယုံကြည်သောသူသည် သေလွန်သော်လည်းရှင်လိမ့်မည်" ဟုဆိုသည့်အတိုင်း ထာဝရအသက်ကိုလိုချင်သော စိတ်ရှိရန် မိတ်ဆွေ၏ ကိုယ်တိုင် သိမှတ်လိုစိတ်ကို မေးမြန်းပါ၊ မေးခွန်းထုတ်ပါ။
ကယ်တင်ရာနေ့ရက်သည် ယနေ့ပင်ဖြစ်သောကြောင့် မိတ်ဆွေက သခင်ယေရှုခရစ်တော်ကို ကိုယ်တိုင်သိမှတ်ချင်တယ်ဆိုရင်တော့ ...
***ယေရှုခရစ်တော်သည် ကျွန်တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်ပေါ်မှာအသေခံအသွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံတော်မူပြီးတော့ ကျမ်းစာလာသည့်အတိုင်း၃ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တာကို ယုံကြည်လက်ခံပါတယ်။ ***
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet