ဆက်၍ခေါ်ပါ
ကျွန်တော်တို့ရဲ့ ဘဝမှာ ခက်ခဲလွန်းတဲ့အချိန်တစ်ခုရှိတတ်ကြပါတယ်။ နာကျဥ်လွန်းတဲ့အချိန်၊ ငိုကြွေးရလွန်းလို့ မျက်ရည်တွေပါ ခမ်းခြောက်သွားသလားဟုပင် ထင်ရချိန်၊ စသဖြင့် ဘဝရဲ့ လူမှုရေး၊ အိမ်ထောင်ရေး၊ စီးပွားရေး၊ ပညာရေး စသဖြင့် တခုခု ခြေကုန်လက်ပန်းကျ မောပန်းနေရတဲ့အချိန်ကြုံရကောင်း ကြုံရနိုင်ပါတယ်။
တချို့ကလည်း ထိုသို့သော အချိန်မှာ ဘာကိုမှမတတ်နိုင်တော့အောင် အားပျက်နေပြီ၊ အရုပ်ကြိုးပျက်ဖြစ်နေတတ်ကြပါတယ်။ ထိုသို့သောအချိန်မှာ ကျမ်းစာဖတ်ဖို့မဆိုထားနဲ့ ဆုတောင်မတောင်းနိုင်တဲ့ အနေအထား၊ ဆုတောင်းရင်လည်း ဘာတောင်းရမည် မသိ၊ စသဖြင့် ထိုသို့သော အခြေအနေမျိုးတွေကို နာကျဥ်စွာ ခံစားကောင်း ခံစားနေရတတ်တယ်။
"ကိုယ်တော်" လို့သာ တစ်ခွန်းတည်း အော်ခေါ်နိုင်တဲ့ အခြေအနေထိ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ သို့သော်လည်း စိတ်မပျက်ပါနဲ့ မိတ်ဆွေ။ သင့်ရဲ့ အော်ဟစ်သံကို ကိုယ်တော်ကြားသလို သင့်ရဲ့မျက်ရည်တွေကို ကိုယ်တော်မြင်ပါတယ်။
တရားသူကြီးမှတ်စာ ၆:၁
တစ်ဖန် ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြုသောကြောင့်၊ သူတို့ကို မိဒျန်အမျိုးလက်၌ ခုနစ်နှစ်ပတ်လုံးအပ်တော်မူသဖြင့်၊
ထာဝရဘုရားသည် ဣသရေလလူမျိုးတွေ၏ ဒုစရိုက်ပြခြင်းများကြောင့် သူတို့ကို မိဒျန်လက်ထဲ ၇နှစ်ပတ်လုံး အပ်ခဲ့တယ်။ သူတို့တွေသည် အင်မတန် ငိုကြွေးခဲ့ကြရမယ်၊ နာကျဥ်ကြမယ်၊ ခက်ခဲပင်ပန်းနေကြမှာဖြစ်ပါတယ်။ သူတို့တွေ အင်မတန်မှ ခက်ခဲကြသလို လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ စသဖြင့် မည်သို့မှ အဆင်ပြေမည်မထင်ပါ။ အဘယ့်ကြောင့်ဆိုသော် ထိုလူမျိုးတွေသည် တွေ့ကရာအကုန် ဖျက်ဆီးပစ်တတ်ကြသလို အနိုင်ကျင့်နှိပ်စက်ကြသောကြောင့်ပင်။ ဒါ့ကြောင့်လည်း ပုန်းနေကြသည်ကို တွေ့ရပေသည်။
ထိုသို့သော အချိန်တွင် အားကိုးရာသည် အခြားမရှိသလို ခိုကိုးရာမဲ့နေသောကြောင့် ထာဝရဘုရားကိုသာ အော်ဟစ်နိုင်ကြပေသည်။ ထို့ကြောင့် သူတို့အား ကယ်တင်နိုင်သော လက်တော်ကိုသာ မျှော်လင့်စရာရှိပေတော့သည်။ သူတို့တွေ အော်ဟစ်ကြသလို သူတို့၏ အသံကို နားညောင်းခဲ့သည်ကို တရားသူကြီးမှတ်စာကို ကြည့်လျှင် တွေ့နိုင်ပါသည်။
တရားသူကြီးမှတ်စာ ၆:၆
ဣသရေလအမျိုးသားတို့သည် မိဒျန်အမျိုးသားတို့ကြောင့် အလွန်ဆင်းရဲ၍ ထာဝရဘုရားအား ဟစ်ကြော်ကြ၏။
ထို့ကြောင့် မိတ်ဆွေ "ကိုယ်တော်" လို့သာ အော်နိုင်ပါတော့သလား။ ဆုမတောင်းနိုင်တော့ဘူးလား၊ ကျမ်းစာလည်း မဖတ်နိုင်တော့ဘူးလား သို့ပေမယ့် စိတ်မပျက်ပါနဲ့မိတ်ဆွေ။ "ကိုယ်တော်" လို့သာ ဆက်အော်ပါ ထာဝရဘုရားသည် မကြားနိုင်လောက်အောင် နားတော်ထိုင်းတော်မူသည် မဟုတ်သလို မကယ်တင်နိုင်အောင် လက်တော်တိုသည် မဟုတ်ပါဘူး။ သင့်ရဲ့ အော်ဟစ်သံကိုလည်း ကိုယ်တော်သည် ကြားပါတယ်ဟု အနည်းငယ် တိုက်တွန်းခွန်အားပေးလိုက်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet