အဝိုင်းခံရပါသော်လည်း
ရှုရိစစ်တပ်များ ဧလိရှဲအား လာရောက်ဝိုင်းသည့်ကာလ ရှိခဲ့ဖူးသည်။ ထိုကာလသည် အင်မတန် စိုးရွံ့ထိတ်လန့်ရမည့်ကာလဆိုလျှင်လည်း မမှားချေ။ ရှုရိစစ်တပ်လာရောက် ဝိုင်းရသည့် အကြောင်းမှာ ဧလိရှဲသည် ရှင်ဘုရင်၏ စစ်ဗျူဟာအကုန်လုံးကိုသိနေ၍ပင်ဖြစ်သည်။
ရှုရိတပ်များသည် ဣသရေလပြည်ကိုတိုက်မည်ဆိုလျှင် မည်သို့တိုက်မည်၊ မည်သို့ရှောင်ထွက်ရမည်၊ မည်သည့်ဗျူဟာ စသဖြင့်တို့ကို ဘုရားသခင်၏လူ ဧလိရှဲသိနေကြောင်းကို ရှုရိရှင်ဘုရင်အား လျှောက်တင်ကြသဖြင့် သွားရောက်ဝိုင်းခဲ့ခြင်းပင်ဖြစ်ပေသည်။
ဓမ္မရာဇဝင် စတုတ္ထစောင် ၆:၁၄
ထိုမြို့သို့ မြင်းစီးသူရဲ၊ ရထားစီးသူရဲ၊ ဗိုလ်ခြေများကို စေလွှတ်သဖြင့်၊ ညအခါရောက်၍ မြို့ကိုဝိုင်းကြ၏။
သာမန်ပြည်လေးတစ်ခုကို လာရောက်ဝိုင်းကြသည်မှာ စစ်သူရဲများပင်ဖြစ်ချေသည်။ ဈေးဝယ်ထွက်လာခြင်း၊ အလည်အပတ်ထွက်လာခြင်းမဟုတ်ပဲ ဧလိရှဲအားဖမ်းစီးရန်လာရောက်ခြင်းပင်ဖြစ်သည်။ စစ်တိုက်လျှင် အသုံးပြုလေ့ရှိသည့် မြင်းစီးသူရဲများ၊ ရထားစီးသူရဲများနှင့် စစ်သည်ဗိုလ်ခြေများသည် သာမန်မြို့ကလေးသို့ စစ်ချီလာခြင်းသည် မည်သို့များ အမြင်မသင့်လိုက်သည့်မြင်ကွင်းများဖြစ်နေပါမည်နည်း။ အင်မတန်မှ အရုပ်ဆိုး အကျည်းတန်သော်လည်း ထိုမြို့ကို ရှုရိတပ်တို့သည် ဝိုင်းနေနှင့်ပြီမဟုတ်ပါလား။
ထိုအဖြစ်ကို မနက်စောစောအချိန်တွင် ဧလိရှဲ၏ကျွန်မြင်လေသောအခါ အင်မတန်စိုးထိတ်မိမှာအမှန်ပါ။ ကိုယ်တော် မြို့ကို ရှုရိတပ်တွေဝိုင်းထားပြီ၊ စစ်ထွက်တိုက်လေ့ရှိကြတဲ့ စစ်သူရဲတွေအများကြီးပဲ၊ မြင်းတွေ ရထားတွေနဲ့ စစ်ဗိုလ်တွေပါတယ် ဘယ်လိုလုပ်ရပါ့မလဲဆိုကာ အင်မတန်လန့်နေမိမည်မှာ ကျွန်ုပ်တို့မြင်ယောင်ကြည့်နိုင်ပါသည်။ သာမန်မြို့ကလေးနှင့် ဧလိရှဲကဲ့သို့သော ပြည်သူတစ်ဦးအား လာရောက်ဝိုင်းသည့်အရာမှာ စစ်သူရဲများ စစ်သည်ဗိုလ်ပါများနှင့် တပ်ရင်းဘယ်လောက်များများပါလာလိမ့်မည်ကို မသိသော်လည်း ကြောက်ရွံ့ထိတ်လန့်လောက်သည်အထိ အတော်များများလာရောက်ခဲ့သည်မှာ သေချာပါသည်။
ဓမ္မရာဇဝင် စတုတ္ထစောင် ၆:၁၆
ဧလိရှဲက မစိုးရိမ်နှင့်။ ငါတို့ဘက်၌ နေသောသူတို့သည် ရန်သူတို့ဘက်၌ နေသောသူတို့ထက် သာ၍များကြသည်ဟု ဆိုလျက်၊
ဧလိရှဲတို့အား လာရောက်ဝိုင်းသည်မှာ စိုးရွံ့ထိတ်လန့်စရာဖြစ်သည်မှာ မှန်ပါသော်လည်း ထိုသူတို့သက် သာ၍များသည့် တပ်များသည် ထိုသူတို့အားဝိုင်လျှက်ရှိသည်ဆိုသည်မှာတော့ အားတက်စရာပင်။ ဧလိရှဲ၏ သူ၏မျက်စိကိုဖွင့်တော်မူပါဟုဆိုတောင်းပြီးသည့်နောက်တွင် မြင်တွေ့ရသော မီးမြင်း မီးရထားများပြည့်လှည့်ရှိသည်ကို မြင်ရသည့်အရာမှာ အင်မတန်မှ အားတက်စရာဖြစ်စေခဲ့သည်။
ငါတို့ဘက်၌ နေသည့်သူတို့သည် ထိုရန်သူတို့ဘက်၍ နေသောသူများထက် သာ၍များသည်ဟူသည့်အတိုင်း ယနေ့မိတ်ဆွေ ဘာတွေများ အဝိုင်းခံနေရသလဲ၊ ဘာပြဿနာတွေများဝိုင်းနေသလဲ၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး စတဲ့ ဘယ်အရာတွေဘယ်လိုပဲ ဝိုင်းခြင်းကို ခံနေရပါစေဦးတော့ လွတ်မြောက်ရပေဦးလိမ့်မည်။
ရှုရိတပ်ကဲ့သို့ မမျှမတအခြေအနေလား၊ ဘယ်အရာတွေဖြစ်ပါစေ ဘယ်လိုပင် ဝိုင်းခံနေရစေဦးတော့ "ဧလိရှဲက မစိုးရိမ်နှင့်ဆိုသည့်အတိုင်း မစိုးရိမ်ပဲ၊ ငါတို့ဘက်၌ နေသောသူတို့သည် ရန်သူတို့ဘက်၌ နေသောသူတို့ထက် သာ၍များကြသည်" ဟုဆိုသည့်အတိုင်း ကျွန်ုပ်တို့၏ မြင်နေရသည့်ရန်သူတို့ထက် မမြင်ရသည့် စစ်သည်များသည် သာ၍သာ၍ များကာ ထိုအရာမှ ကျော်လွန်အောင်မြင်စေရဦးမည်ဆိုသည်ကို အနည်းငယ်ဝေမျှ ခွန်အားပေးလိုက်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet