We Are Not Alone
သခင်ယေရှုခရစ်တော်ကို ဖမ်းပြီးသည့်နောက်တွင် လူများသည် ယေရှုကို အပြစ်တင်ခြင်း၊ ရိုက်ပုတ်ခြင်း၊ စော်ကားခြင်းများစွာလုပ်ဆောင်ပြောဆိုကြသည်။ ဘုရားသခင်၏သားတော်မှန်လျှင် ကားတိုင်ပေါ်ကဆင်းခဲ့ပါလားဟုသော ခနဲ့သောစကားများ၊ ရွဲ့သောစကားများကိုလည်း ပြောဆိုကြသည်ကိုတွေ့ရပေသည်။
သို့သော် သခင်ယေရှုသည် ဘုရားသခင်၏သားတော်မှန်သော်လည်း ထိုသူတို့ပြောသကဲ့သို့ မလုပ်ဆောင်ခဲ့ပါ။ အဓိကရည်ရွယ်ချက်ကိုသာ ဦးစားပေးခဲ့သည်ကိုတွေ့ရသည်။ အကယ်၍သာ သခင်ယေရှုသည် ကားတိုင်မှဆင်း၍ သက်သေပြခဲ့မည်ဆိုလျှင် ကားတိုင်တက်၍ အသေခံခြင်းအစီအစဥ်ပျက်ကာ လူသားတို့အတွက် ကယ်တင်ခြင်းအစီအစဥ် ရွေ့လျော့ပြောင်းလဲသွားပေမည်မဟုတ်ပါလား။
တခါတလေတွင် ကျွန်ုပ်တို့လူသားတို့တွင်လည်း ထိုသို့သော အရာမျိုးကို ရင်ဆိုင်ရတတ်သည်။ "ဘာမှန်ရင် ဘာလုပ်ပြ၊ သတ္တိရှိရင် ထွက်ခဲ့" စသဖြင့်သော အရာများကိုလည်း တွေ့ကြုံရတတ်သည်။ သို့သော် သခင်ယေရှုကတော့ ဘုရားသခင်၏သားတော်မှန်သော်လည်း မလိုအပ်ပဲ လုပ်ဆောင်ပြခဲ့ခြင်းမရှိပါ။ အဓိကအရာကိုသာဦးစားပေးခဲ့ခြင်းတို့သည် ကျွန်ုပ်တို့အတွက်လည်း ဆင်ခြင်စရာပင်ဖြစ်ချေသည်။
သခင်ယေရှုသည် တံတွေးထွေးခံရခြင်း၊ ရိုက်ပုတ်ခြင်း၊ ခနဲ့သလို ရိသလိုပြောဆိုခြင်းများကို များစွာခံခဲ့ရသလို မတရားစွတ်ဆွဲခံရခြင်း၊ ညှဥ်းဆဲခြင်းများကိုလည်းခံခဲ့ရပေသည်။ ကားတိုင်လမ်းတလျှောက်ကိုကြည့်လျှင်လည်း သွေးများစီးကျကာ ဒဏ်ရာများနှင့် လူမဆန်စွာ ဆက်ဆံခံရခြင်း၊ ရိုက်ပုတ်ခြင်းများသည် စိတ်နှလုံးကြေကွဲစရာမြင်ကွင်းပင်ဖြစ်ချေသည်မဟုတ်ပါလား။
ရှင်မဿဲခရစ်ဝင် ၂၇:၄၃
သူသည် ဘုရားသခင်ကိုကိုးစားပြီ။ ငါသည် ဘုရားသခင်၏သားဖြစ်၏ဟုဆိုပြီ။ သို့ဖြစ်၍ ဘုရားသခင်သည် သူ၌ အလိုတော်ရှိလျှင် ယခုပင် ကယ်တင်တော်မူပါလေစေဟု ပြက်ယယ်ပြု၍ ပြောဆိုကြ၏။
သို့သော် ကားတိုင်ပေါ်မှဆင်းပါ သက်သေပြပါ၊ ကိုယ့်ကိုကိုယ်ကယ်တင်ပါ စသဖြင့်သော စကားတို့ကို လစ်လျှူရှုကာ နာကျင်ခံစားရသည့်လမ်းကိုသာဆက်လျှောက်ခဲ့ခြင်း၊ အမှောင်မိုက်ဆုံးသောကာလကိုဖြတ်သန်းခြင်းသည် မည်သည့်အတွက်များဖြစ်ပါလိမ့်မည်နည်း။
ရှင်မဿဲခရစ်ဝင် ၂၇:၄၅
မွန်းတည့်အချိန်မှစ၍ သုံးချက်တီးအချိန်တိုင်အောင် မြေတပြင်လုံး၌ မှောင်မိုက်အတိဖြစ်လေ၏။
မြေပြင်တစ်ခုလုံးမှောင်မိုက်အတိဖြစ်သည့်အချိန်ကို ကိုယ်တော်တပါးတည်းသာ အဖော်မဲ့စွာ ဖြတ်သန်းရခြင်း၊ အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့်အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်းဟုခံစားရခြင်းတို့သည် မည်သူ့အတွက်ကြောင့်များဖြစ်လိမ့်မည်နည်း။
သခင်ယေရှုသာ ထိုအမှောင်ထုကို မရင်ဆိုင်ပဲ ကားတိုင်ပေါ်မှဆင်းနိုင်သည်ဟုသက်သေပြခဲ့လျှင်၊ သခင်ယေရှုပေါ်တွင် လူသားတို့၏အပြစ်များကို မတင်ဆောင်ပဲ ခမည်းတော်၏စွန့်ပစ်ခြင်းသာမရှိခဲ့လျှင်၊ ထိုသို့ သခင်တပါးတည်းသာ အထီးကျန်စွာ အမှောင်ထုကိုမဖြတ်သန်းခဲ့လျှင်တော့ ကျွန်ုပ်တို့လူသားများအတွက် ကယ်တင်ခြင်းသည် အဆင်ပြေမည်မဟုတ်ပါ။
ကျွန်တော်တို့သည်လည်း နာကျင်နေရခြင်း၊ ငိုကြွေးနေရခြင်း၊ စိတ်နှလုံးကြေကွဲခြင်းများစွာကို ကြုံတွေ့ရနိုင်သလို မြင်တွေ့ရနိုင်ပေသည်။ လူများ၏ငြင်းပယ်ခြင်း၊ မတရားစွတ်ဆွဲခံရခြင်းများလည်း ကြုံတွေရနိုင်သကဲ့သို့ ညှဥ်းဆဲခံရခြင်း၊ နှိပ်စက်ခံရခြင်းများလည်း ရှိနိုင်ပေလိမ့်မည်။ ကျွန်ုပ်တို့သည်လည်း အမှောင်ထုကိုဖြတ်သန်းရသည့်ကာလတစ်ခုရှိနိုင်သည်ဖြစ်သော်လည်း ကျွန်ုပ်တို့တစ်ဦးတည်းမဟုတ်ပဲ ထိုမှောက်မိုက်အထဲတွင်လည်း သခင်ယေရှုအတူရှိသည်ဆိုသည်ကို သိမှတ်ဖို့ရန်ဖြစ်သည်။
သခင်ယေရှုဖြတ်သန်းခဲ့ရသော မတရားခြင်းများ၊ အဓမ္မအမှုများ၊ ရက်စက်စွာ နှိပ်စက်ခြင်း၊ ညှဥ်းဆဲခြင်းများစသဖြင့်တို့နှင့် အထီးကျန်စွာဖြတ်သန်းခြင်း၊ အမှောင်ထုကိုရင်ဆိုင်ရခြင်းတို့သည် နောက်ကွယ်တွင် လူသားအားလုံးအတွက် ကယ်တင်ခြင်းဖြစ်နေခဲ့သည်။ ထိုအတူ အကျွန်ုပ်တို့ရင်ဆိုင်နေရသော ထိုထိုသော အရာတို့သည် အချည်းနှီးမဟုတ်ပဲ မည်သည့်အကျိုးရှိမည်ကိုတော့ ဘုရားသခင်သာလျှင် ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ပေသည်မဟုတ်ပါလား။
ထို့ကြောင့် မိတ်ဆွေနှင့် ကျွန်တော်တို့သည် မတရားမှုများ၊ အဓမ္မအရာများ၊ ဖိနှိပ်ခြင်း၊ ညှဥ်းဆဲခြင်း၊ ရိုက်ပုတ်ခြင်း၊ နာကျင်ရခြင်း၊ စိတ်နှလုံးကြေကွဲစွာခံစားနေရခြင်း၊ အထီးကျန်နေခြင်း၊ ငိုကြွေးခြင်း စသဖြင့်အမျိုးမျိုးကို ခံစားနေရကာ အမှောင်ထုကိုဖြတ်သန်းနေကြပါသော်လည်း "We Are Not Alone" ကျွန်ုပ်တို့သည် တစ်ဦးတည်းမဟုတ်ပါဘူး ဆိုတာကို သိမှတ်ဖို့နှင့် ကျွန်ုပ်တို့နှင့်အတူ ထိုအမှောင်ထုထဲတွင်လည်း သခင်ယေရှုသည် အတူရှိပါသည်ဟုသိမှတ်ကာ အမှောင်ထု၏ နောက်ကွယ်မှ အကျိုးကို မျှော်လင့်ရင်း ...
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet