အသင်းတော်
ယုံကြည်သူအစုအဝေးကို အသင်းတော်ဟုခေါ်ဆိုသည်။ ထိုအသင်းတော်သည် ယုံကြည်သူများ စုဝေးထားခြင်းဖြစ်သောကြောင့် လူအမျိုးမျိုးပါဝင်သည်။ အသားအရောင်၊ လူတန်းစားမျိုးစုံ၊ ကျားမ မရွေးပါဝင်ကြသလို ဆင်းရဲချမ်းသာ၊ ကျန်းမာသောသူ၊ မသန်စွမ်းသောသူ၊ စသဖြင့် အမျိုးမျိုးသူများပါဝင်ကြသည်။
ထိုအသင်းတော်၏ ဗဟိုပြုခြင်းသည် သခင်ယေရှုခရစ်တော်သာဖြစ်ရမှာဖြစ်သလို ထိုသခင်ကို အသင်းတော်၏ ဦးခေါင်းနေရာတွင် ထားခြင်းသည် အသင်းတော်၏ အရေးအကြီးဆုံးအချက်ပင်ဖြစ်သည်။ ခေါင်းမပြောင်းသော အသင်းတော်ဖြစ်ရန် နေ့စဥ်သတိပြုဆင်ခြင်ရမည် မဟုတ်ပါလား။
လူအမျိုးမျိုး စိတ်အထွေထွေဟုဆိုသည့်အတိုင်း အသင်းတော်တွင်ရှိသော လူများ၏စိတ်သည် အမျိုးမျိုးရှိနိုင်သည်။ ထို့ကြောင့် ထိုအရာများကို ရင်ဆိုင်ရသော သင်းအုပ်သည် ခက်ခဲစွာရင်ဆိုင်ဖြေရှင်းရသည်။ ရှဥ့်လည်းဆွဲသာ ပျားလည်းလျှောက်သာ တခါတရံတွင် ဖြေရှင်းရခြင်း၊ ပြဿနာကို မကြီးထွားစေရန် ကရုစိုက်ရခြင်း စသဖြင့် များစွာရှိရသည်ကိုလည်း နားလည်စွာ ကိုယ်ခြင်းစာတတ်ပါစေ။
(ဧဖက်ဩဝါဒစာ ၄:၁၁) ကိုကြည့်လျှင် အသင်းတော်ကို တည်ဆောက်ရန် ဘုရားသခင်သည် လူအမျိုးမျိုးတို့အား ဆုကျေးဇူး အမျိုးမျိုးပေးထားကြောင်းကို မြင်တွေ့နိုင်သည်။ ပရောဖက်သည် ပရောဖက်နေရာ၊ ဆရာသမားသည် ဆရာသမားနေရာ၊ သင်းအုပ်သည် သင်းအုပ်နေရာ စသည်ဖြင့် သူ့နေရာနှင့်သူ ထူးခြားစွာ ပေးအပ်ထားသည်။ ထိုဆုကျေးဇူးများသည်ပင်လျှင် အသင်းတော်ကိုတည်ဆောက်ရန်အတွက် ဖြစ်ချေသည်မဟုတ်ပါလား။
ထိုအသင်းတော်သည် သာသနာပြုခြင်းကိုလည်း လုပ်ဆောင်ရသည်။ ထိုသာသနာပြုခြင်းသည်လည်း တနည်းဆိုရသော် ခရစ်တော်၏ ဧဝံဂေလိတရားဖြစ်သည်။ ဧဝံဂေလိ ဝေငှပြောဆိုခြင်းသည် အသင်းတော်၏ အသက်လည်းဖြစ်သည်။ ထို့ကြောင့် ရှင်သန်သော အသင်းတော်သည် ဧဝံဂေလိတရားကို ဝေငှသည်။ သာသနာပြုများကို စေလွှတ်၍ သာသနာပြုခြင်း၊ ဧဝံဂေလိဝေငှခြင်းများကို လုပ်ဆောင်လေ့ရှိသည်။ ခေတ်အဆက်ဆက်ကြည့်လျှင်လည်း အသင်းတော်မှ စေလွှတ်သော ဧဝံဂေလိသာရှိသည်ကို မြင်တွေ့ရမည်။ တနည်းဆိုရရင်ဖြင့် အသင်းတော်နှင့် ချိတ်ဆက်သာသနာပြုခြင်းဖြစ်သည်။
ထို့သို့ဆိုသောကြောင့် ငါလမ်းမှာ တွေ့တဲ့သူကို ဧဝံဂေလိ ပြောတာ မှားသလား ဟုဆိုချင်ဆိုနိုင်သည်။ ထို့ကြောင့် အချက်နှစ်ချက်ကို သတိပြုပါ။
(၁) တစ်ဦးချင်းဧဝံဂေလိပြောခြင်း
(၂) အသင်းတော်မှ စေလွှတ်သော ဧဝံဂေလိဖြစ်ခြင်း
(၁) ကိုတော့ အလွယ်ပြောရလျှင် လမ်းသွားရင်း၊ ကားစီးရင်း၊ ရထားစီးရင်း၊ ဈေးမှာတွေ့၍ဖြစ်စေ၊ အလုပ်လုပ်ရင်းဖြစ်စေ ဆိုနိုင်သည်။ ထိုအရာအတွက် ပြင်ဆင်ခြင်း များစွာမလိုအပ်ဘဲ အချိန်နှင့် အခြေအနေပေါ်မူတည်သော ဝေငှခြင်းဖြစ်သည်။
(၂) ကတော့ အသင်းတော်၏ ကျယ်ပြန့်ခြင်းနှင့်သက်ဆိုင်သလို အချိန်ယူ၍ ပြင်ဆင်ခြင်းလည်းဖြစ်သည်။ ထိုမျိုးစေ့ကြဲခြင်းကို တည်ဆောက်ပေးရန်၊ လက်တွေ့ပြန်လည် ဆွေးနွေးရန်၊ တည်ကြည်သောအသီးများသီးလာရန် စသဖြင့်လုပ်ဆောင်ခြင်းများလည်း လိုအပ်သည်။ ထိုသူများသည် အသင်းတော်နှင့် ဝေးလျှင်လည်း သမ္မာတရားဖြင့်တည်ဆောက်ပေးသော အသင်းတော်နှင့် အပ်နှံပေးရန် စသဖြင့် လုပ်ဆောင်ကြရန်ဖြစ်သည်။
ဘာ့ကြောင့် အသင်းတော်မှ စေလွှတ်သော ဧဝံဂေလိဖြစ်ရန် လိုအပ်သည်ကို နောက်အချက်အားဖြင့် ဖော်ပြလိုပါတယ်။ ထိုအရာကတော့ မူရင်းဇစ်မြစ်ကို ဖော်ထုတ်ခြင်းဘဲဖြစ်ပါသည်။ အကယ်၍ ထိုသာသနာပြုသူသည် ဘယ်အဖွဲ့အစည်း၊ ဘယ်က ဘယ်သူဖြစ်သည်ဆိုတာကို သေခြာမသိရင်တော့ အနည်းနှင့်အများ စိုးရိမ်စရာရှိသည်။ အဘယ့်ကြောင့်ဆိုသော် မည်သည့်ခံယူချက်၊ မည်သည့်ဩဝါဒဖြစ်၍ မည်သို့သွန်သင်ခြင်းကို ပြုသွားသနည်းဟု ဆိုရန်ရှိသည် မဟုတ်ပါလား။
တမန်တော်ရှင်ပေါလုသည်ပင်လျှင် အသင်းတော်မှ စေလွှတ်သော ဧဝံဂေလိကို လုပ်ဆောင်၍ သာသနာပြုခဲ့သည်ကို မြင်တွေ့ရသည်။ မည်သည့်နေရာရောက်ရောက်၊ ဝေးသောနေရာတွင် ဧဝံဂေလိပြောခြင်း သာသနာပြုခြင်းဖြစ်နေပါစေ မိမိအသင်းတော်နှင့် အဆက်မပျက်ခဲ့။ ထို့ကြောင့် မိမိဆန္ဒအလျှောက် ဧဝံဂေလိဟောခြင်းသည် ကောင်းပါသည်။ ထိုထက်သာ၍ အစီအစဥ်ကျခြင်းသည် အသင်းတော်မှစေလွှတ်သော ဧဝံဂေလိဖြစ်သည်ကို နားလည်ရန်နှင့် ထိုသို့သာသနာပြုနေသော ဆုကျေးဇူးအမျိုးမျိုးဖြင့် သက်ဆိုင်ရာနေရာအသီးသီး၌ ပါဝင်ဆပ်ကပ်နေကြသော ယုံကြည်သူအစုဝေးသည် ယေရှုခရစ်တော်ကို ဦးခေါင်းနေရာ၍ထားသော အသင်းတော်ပင်ဖြစ်ပေတော့သည်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet