နေဟမိအားရှုထောင့်တစ်ခုမှလေ့လာခြင်း

နေဟမိသည်လည်း ရှင်ဘုရင်နှင့်အတူ နန်းတော်တွင်အေးအေးလူလူနေနိုင်ပါသော်လည်း အဘယ့်ကြောင့် တိုင်ပြည်နှင့်လူမျိုးအတွက် ရှင်ဘုရင်ကို ကြားပြောသလဲ။ ပျက်စီးနေတဲ့ ကိုးကွယ်ခြင်းတွေ၊ စနစ်တွေကို အမုန်းခံပြီး ဘာ့ကြောင့် နေဟမိပြုပြင်ခဲ့သလဲ။
နေဟမိမှတ်စာ ၁:၄
ထိုစကားကိုကြားလျှင်၊ ငါသည်ထိုင်၍ အင်တန်ကာလပတ်လုံး ငိုကြွေးမြည်တမ်းလျက်၊ အစာရှောင်လျက်နေ၍၊ ကောင်းကင်ဘုံ၏အရှင် ဘုရားသခင့်ရှေ့တော်၌ ဆုတောင်းသောပတ္ထနာ ဟူမူကား၊
နေဟမိသည် နန်းတော်တွင် ကောင်းကြီးခံစားနေရတယ်ဟု ဆိုနိုင်ပေသည်။ ငါကဘုရားသခင်ကောင်းကြီးခံစားရတယ်ဟုဆိုကာ တိုင်းပြည်နှင့်လူမျိုးတော်အတွက်ကို လျစ်လျှူရှုကာ ဟာနန်နှင့် အခြားယုဒလူများတို့ကိုသာ ရှင်ဘုရင်အားပြောပါစေဟု ဆိုခဲ့ခြင်းမရှိခဲ့ပေ။ ရွာသူကြီးမှ ရွာသားများအား စဥ့်အိုးကြီးထဲသို့ နွားနို့ဖြည့်ခိုင်းသည့် ပုံပြင်ကိုပင် နေဟမိကြားဖူးသည့်အလားပင် ... ထိုပုံပြင်မှာ ...
ရွာတစ်ရွာတွင် ရွာသူကြီးမှ အလှူတစ်ခုလုပ်ရန် နွားနို့များကို စဥ့်အို့ကြီးထဲသို့ ဖြည့်ခိုင်းလေသည်။ ထို့ကြောင့် ရွာသားများသည် တစ်ယောက် (သို့) တစ်အိမ် နွားနို့ တစ်ဘူး သွားဖြည့်ရန် တာဝန်ရှိပေသည်။ သို့သော် ရွာသားများသည် "ငါတစ်ယောက်မထည့်တာနဲ့ မသိသာပါဘူး" ဟုယူဆကာ နွားနို့အစား ရေသာဖြည့်လေသည်။ သို့နှင့် မိုးလင်းသည့်အချိန်တွင် ရွာသူကြီး စစ်ကြည့်သည့်အခါမှာတော့ နို့အစား ရေများပြည့်နေသည့် စဥ့်အိုးကြီးကိုသာ တွေ့ရပေတော့သည်။
ထို့ကြောင့် နေဟမိ၏ ဝန်တာစိတ်ကို ကျွန်ုပ်တို့အတုယူစရာတစ်ခုအဖြစ် မျက်မြင်တွေ့ရပေသည်။ ယုဒလူဖြစ်သည့်အတွက် ယုဒအရေးသည် ယုဒအမျိုးနှင့်ဆိုင်သည်ဟု နားလည်ပုံရသည်။ ထို့ကြောင့်လည်း ရှုထောင့်တစ်ခုမှကြည့်လျှင် နိုင်ငံသားဖြစ်သူတိုင်းသည် နိုင်ငံ့အရေးနှင့်ဆိုင်ပေသည်။ နောက်ပိုင်းဆက်၍ လေ့လာကြည့်လျှင် သမ္ဘာလတ်၊ တောဘိ၊ စသဖြင့်သောလူတို့၏ ရန်မှ ကာကွယ်ခြင်းအမှုကို ပြုသည်ပင်လျှင် ကျားမ မရွေးဟုယူဆနိုင်သည်။ တစ်ဝက်အလုပ်လုပ်၊ တစ်ဝက် ကင်းစောင့်ကာကွယ်ကြသည်ကို မြင်တွေ့ရသောကြောင့် လူတိုင်းလူတိုင်းသည် ထိုအမှုအရာအတွက် တာဝန်ရှိကြောင်းကို မြင်တွေ့ရသည်။ ဒီနေ့ ထမင်းချက်သူသည် နောက်နေ့ ကင်းစောင့်ရခြင်းဖြစ်နိုင်သလို၊ တည်ဆောက်ရခြင်းလည်းဖြစ်နိုင်ပေသည် မဟုတ်ပါလား။
နေဟမိမှတ်စာ ၄:၂၂
ထိုအခါ၌လည်း၊ ငါက လူတိုင်း မိမိကျွန်နှင့်တကွ ညအချိန်တွင်၊ ယေရုရှလင်မြို့ထဲမှာ အိပ်စေ။ သို့ပြုလျှင်၊ ကျွန်တို့သည် နေ့အခါ အလုပ်လုပ်လျက်၊ ညအခါ အလှည့်လှည့်စောင့်လျက် ရှိကြလိမ့်မည်ဟု လူများတို့အားဆို၏။
ထမင်းချက်သော ယုဒလူဖြစ်စေ၊ ထင်းခွေသော ယုဒလူဖြစ်စေ၊ တည်ဆောက်သူ၊ ကာကွယ်သူ၊ လေဝိ၊ ဘာမျိုးဘာနွယ်မဆို ယုဒတိုင်း ယုဒတိုင်းသည် ထိုအရာအတွက် တာဝန်ရှိသလို ဝန်တာစိတ်နှင့် ဘုရားသခင်ကို အားကိုးကာ လုပ်ဆောင်ကြသည်ကို အတိုင်းသားမြင်တွေ့ရပေသည်။ ထို့ကြောင့် ဆရာသမားများ၏ ပြောစကားများဖြစ်သော "ထမင်းစားခြင်း၊ ပန်းကန်ဆေးခြင်း" သည်ပင်လျှင် နိုင်ငံရေးနှင့်ဆိုင်သည်ဆိုသော စကားကိုပင်သတိရမိပါတော့သည်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet