ကျွန်ုပ်တို့ရဲ့စားစရာ

လူတိုင်းသည်လောကမှာအသက်ရှင်တဲ့အခါမှာကိုယ်ခန္ဓါလိုအပ်ချက်အတွက်အတွက်စားသောက်ရပါတယ်။ မွေးလာကတည်းမှစ၍သေဆုံးသည်အထိစားသောက်ရသောကြောင့်သမုဒ္ဒရာဝမ်းတစ်ထွာဟူသောစကားပုံလိုပင်ဖြစ်ပေသည်။ ကျွန်တော်တို့တွေကအဟာရပြည့်အောင်စားရသောက်ရပါတယ်။ ကျွန်တော်အပါအဝင်အားလုံးဟာစားတဲ့အစားအစာတွေကိုလဲကောင်းတာမှကြိုက်ကြမယ် ၊ ကောင်းတာကိုမှစားချင်ကြမယ် ၊ စားကောင်းသောက်ကောင်းတွေကိုဖွယ်ဖွယ်ရာရာကြိုက်ကြမယ်ထင်မိပါရဲ့။ ဒါပေမယ့်ကျွန်တော်တို့ယုံကြည်သူတွေဟာစားဖို့အတွက်အသက်ရှင်တာမဖြစ်စေဘဲအသက်ရှင်ဖို့အတွက်တော့စားရန်လိုအပ်ပါတယ်ဆိုတာကိုနားလည်ဖို့ရှိပါတယ်။ ဒီစားစရာဟာသိပ်တော့အရမ်းအရေးကြီးမနေဘူးဆိုတာကိုသိရှိဖို့ရန်လိုပါတယ်။ ဒါဆိုရင် ဘာစားစရာကအရေးကြီးတာလဲဆိုတာဆက်ကြည့်ရအောင်။
ယေရှုကရက်လေးဆယ်ပတ်လုံးအစာအဟာရကိုမသုံးဆောင်ဘဲ မွတ်သိပ်ခြင်းကိုရောက်တဲ့အခါမှာ စာတန်ကစုံစမ်းသွေးဆောင်သည်ကိုတွေ့ရပါတယ်။ဘုရားသခင်၏သားတော်မှန်ရင်ကျောက်ခဲကိုမုန့်လုပ်ပြီးစားပါလို့ဆိုပါတယ်။ ယေရှုကလူသည်မုန်အားဖြင့်သာအသက်မွေးရတာမဟုတ်ဘူးဘုရားသခင်မိန့်တော်မူသမျှအားဖြင့်အသက်မွေးရတာလို့ပြန်လည်ကျမ်းစာဖြင့်တုန့်ပြန်တာကိုတွေ့ရပါတယ်။ ဒါဆိုရင်ဘုရားသခင်မိန့်တော်မူသမျှဆိုတာဟာ ကျွန်တော်တို့စားစရာထက်သာ၍အရေးကြီးသောအရာဆိုတာကိုနားလည်ရပါတယ်။
ယေရှုနဲ့ရှမာရိအမျိုးသမီးနဲ့စကားပြောပြီးလို့ ရှမာရိအမျိုးသမီးမြို့ထဲကိုပြန်ပြီးသတင်းစကားပြောတဲ့အချိန် ၊ တပည့်တော်တွေကယေရှုကိုအစာကိုသုံးဆောင်ပါလို့တောင်းပန်တဲ့အခါမှာယေရှုက သင်တို့မသိတဲ့စားစရာငါ့မှာရှိတယ်လို့ဆိုသောကြောင့်တစ်ယောက်ယောက်များစားစရာပို့သလားလို့အချင်းချင်းပြန်မေးကြပါတယ်။ ဒါပေမယ့် အဲ့ဒီစားစရာကတော့ တစ်ယောက်ယောက်ပို့တယ်လို့သူတို့ထင်တဲ့စားစရာမဟုတ်ပါဘူး။
ရှင်ယောဟန်ခရစ်ဝင် ၄:၃၄
ယေရှုက၊ ငါ့ကိုစေလွှတ်တော်မူသောသူ၏ အလိုတော်ကိုဆောင်ခြင်း၊ သူ၏အမှုတော်ကို ပြီးစီးခြင်းအမှုသည် ငါ့စားစရာဖြစ်၏။
ဒါဆိုရင်အဲ့ဒီစားစရာဖြစ်တဲ့စေလွှတ်သောသူရဲ့အလိုတော်ဆိုတာဘာလဲ။ နှုတ်ကပါတ်တော်တစ်ခုမှာတော့ဒီလိုပြောပါတယ်။
တိမောသေဩဝါဒစာ ပဋ္ဌမစောင် ၂:၄
လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကို သိစေခြင်းငှါ၊ ဘုရားသခင်အလိုတော်ရှိ၏။
လောကမှာရှိတဲ့လူသားတိုင်းလူသားတိုင်းသည် ပျက်စီးခြင်းသို့မရောက်စေဘဲ ကယ်တင်ခြင်းထာဝရအသက်ကိုရစေဖို့ ၊ သမ္မာတရားကိုလူတိုင်းသိစေဖို့ဆိုတာဟာအရမ်းကိုအရေးကြီးတဲ့စားစရာဆိုတာပဲဖြစ်ပါတယ်။ လောကမှာရှိတဲ့သူတွေကယ်တင်ခြင်းရဖို့နဲ့သမ္မာတရားကိုသိစေဖို့ရန်ကျွန်တော်တို့ယုံကြည်သူတိုင်းရဲ့တာဝန်ပင်ဖြစ်ပေသည်။ ဒါကြောင့်ကျွန်တော်တို့ယုံကြည်သူတွေနေ့စဥ်စားသောက်နေတဲ့စားစရာတွေထက် ဘုရားသခင်၏အလိုတော်ဖြစ်သောအဲ့ဒီစားစရာကိုအခြားသောအရာများနှင့်ယှဥ်လျှင်ဦးစားပေးသုံးဆောင်နိုင်ကြဖို့ရာအရေးကြီးကြောင်းကိုအနည်းငယ်ဝေမျှခွန်အားပေးချင်ပါတယ်။ မဟာစေစားချက်ဖြစ်သောထိုစားစရာကိုအတူတကွသုံးဆောင်ကြပါစို့။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi