ကျမ်းစာမှ အမျိုးသမီးများ၏ လေးစားအတုယူဖွယ်များ

ကျမ်းစာမှ အမျိုးသမီးများ၏ လေးစားအတုယူဖွယ်များ
@@@@@@@@@@@@@@@@@@@@@@@
သမ္မာကျမ်းစာထဲမှာကြည့်ရင် အမျိုးသမီးများ၏ သတ္တိ၊ ဆပ်ကပ်ခြင်း၊ သစ္စာရှိခြင်း၊ ဝန်ခံခြင်း စသဖြင့်တွေကိုလည်း ထင်ရှားစွာမြင်တွေ့ရပါတယ်။ အခြားရှုထောင့်တစ်ခုမှနေ၍ အနည်းငယ်ပိုင်းခြား၍ အမျိုးသမီးများအား ဂုဏ်ပြုပေးလိုက်ချင်ပါတယ်။
မယ်တော်မာရိကို ကြည့်မယ်ဆိုရင် ကောင်းကင်တမန်လာပြောခြင်းကို နားမလည်သော်လည်း လက်ခံခဲ့တယ်။ ထိုဝန်ခံခြင်းသည် သူချစ်ရသူနဲ့ကွေကွင်းသွားနိုင်သလို၊ သူ့ရဲ့ရှက်ကြောက်ခြင်းကိုလည်း ပမာဏမပြုခဲ့ချေ။ ထိုသို့ရင်ဆိုင်ရဲသော သတ္တိနှင့်ဝန်ခံခြင်းမှာ ယောကျ်ားများပင် အားကျစရာ၊ အတုယူစရာအဖြစ် ထင်ရှားနေသည်မဟုတ်ပါလား။
ရှင်လုကာခရစ်ဝင် ၁:၃၈
မာရိက၊ အကျွန်ုပ်သည် ထာဝရဘုရား၏ကျွန်မဖြစ်ပါ၏၊ ကိုယ်တော်၏စကားအတိုင်း အကျွန်ုပ်၌ ဖြစ်ပါစေသောဟု ဝန်ခံပြီးမှ၊ ကောင်းကင်တမန်သည် မာရိထံမှသွားလေ၏။
နောက်အမျိုးသမီးတစ်ယောက်ကို ကြည့်မယ်ဆိုရင်လည်း အဖိုးများစွာထိုက်သော နာဒုဆီမွှေးကို နှမြောခြင်းမရှိဘဲနှင့် ယေရှု၏ ခြေတော်ကိုလိမ်းကြံခြင်း၊ မိမိဆံပင်ဖြင့်သုတ်ခြင်းကို ပြုတယ်ဆိုတာကို တွေ့ရတယ်။ အလောင်းတော်ကို ပြင်ဆင်ခြင်းကဲ့သို့ ဆီမွှေးလိမ်းကြံရသော အခွင့်အရေးကို သူတစ်ဦးသာရခဲ့သည် မဟုတ်ပါလား။
ရှင်ယောဟန်ခရစ်ဝင် ၁၂:၇
ယေရှုသည်လည်း၊ ထိုမိန်းမကိုရှိစေတော့။ ငါ၏အလောင်းကိုသင်္ဂြုလ်ခြင်းငှါ ပြင်ဆင်သောနေ့တိုင်အောင် သူသည်ဤဆီမွှေးကို သိုထားပြီး။
ယေရှုကားတိုင်တက်တော့လည်း မာရိ၊ မာဒလမာရိ စသဖြင့် အမျိုးသမီးတွေရှိနေသေးသည်ကို ခရစ်ဝင်ကျမ်းများတွင်တွေ့ရှိရသည်။ ထိုအပြင် သင်္ချိုင်းဂူသို့ သွားတဲ့အခါမှာတော့ အမျိုးသမီးများသာဖြစ်တယ်။ ရှင်ပြန်ထမြောက်ခြင်းကို တွေးမိမည် မဟုတ်သော်လည်း သူတို့သည် နောက်ဆုံးအကြိမ်ဝတ်ပြုချင်တာဖြစ်နိုင်သည်၊ ဖူးတွေ့ချင်တာဖြစ်နိုင်သလို နံ့သာလိမ်းကျံချင်တာလည်း ဖြစ်နေနိုင်ပေသည်မဟုတ်ပါလား။ (မာကု ၁၆:၃) ကိုကြည့်မည်ဆိုရင် ထိုအမျိုးသမီးများသည် တွင်းဝ၌ပိတ်ထားသော ကျောက်တုံးကို မည်သူရွှေ့ပေးမည်ကို မစဥ်းစားခဲ့ချေ ဒါ့ကြောင့် တစ်ယောက်ကိုတစ်ယောက် မေးမြန်းနေကြသည်ကိုတွေ့နိုင်ပါတယ်။ ထိုကျောက်သည် ယောကျာ်း ၃ယောက်လောက်တောင် မနိုင်သော ကျောက်တုံးဖြစ်နိုင်သည်။ ဒါ့ကြောင့်လည်း ခေါင်းရှုပ်ခံ၍ မေးကြ စဥ်းစားကြတာဖြစ်နိုင်တယ်လို့ နားလည်ရပါတယ်။
ရှင်မဿဲခရစ်ဝင် ၂၈:၇
အလျင်အမြန်ပြန်သွား၍ သေခြင်းမှ ထမြောက်တော်မူကြောင်းကို တပည့်တော်တို့အားပြောကြလော့။ သင်တို့ ရှေ့ဂါလိလဲပြည်သို့ ကြွတော်မူမည်။ ထိုပြည်၌ သင်တို့သည်ကိုယ်တော်ကို တွေ့မြင်ရကြလိမ့်မည်။ ငါပြောပြီဟု ထိုမိန်းမတို့အား ကောင်းကင်တမန်ဆို၏။
ထမြောက်ကြောင်း သတင်းကောင်းကို ကြားပြောခွင့်ရသည်မှာလည်း အမျိုးသမီးများဖြစ်ပါတယ်။ တပည့်တော်များကို ပြောကြားဖို့ တာဝန်ပေးခြင်းခံရသည်မှာ ထိုအမျိုးသမီးတွေဖြစ်တယ်။ ထိုအမျိုးသမီးများ၏ သစ္စာရှိခြင်း၊ တတ်စွမ်းနိုင်ခြင်း၊ ဆပ်ကပ်ခြင်းများမှာလည်း လေးစား အတုယူစရာအဖြစ် မြင်တွေ့ရပါတယ်။
အမျိုးသမီးများ၏ သစ္စာရှိစွာပါဝင်ဆပ်ကပ်ခြင်း၊ တတ်စွမ်းနိုင်ခြင်း၊ ဝန်ခံခြင်း၊ သတင်းကောင်းပါးရခြင်းအခွင့် စသဖြင့်ကို လေးစားအားကျစရာကောင်းလောက်အောင် သင်ယူခွင့်ရသလို အတုယူဖွယ်ကောင်းသော အဖြစ်များစွာကိုပြန်လည်ဝေမျှပေးလိုက်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet