ရကောက်နဲ့ရံလား ယပလက်နဲ့ယာန်လား
ဆရာမအိနှင့် စကားပြောရင်း မြင်ရကြုံရသမျှကိုပြန်လည် သတိရမိကာ စာရေးဖို့ရန် ပေါ်ပေါက်လာခဲ့ပြန်သည်။ ကျွန်တော်ငယ်စဥ်က ယခုကဲ့သို့ ပြောတတ်ကြသော စကားများကို ကြားခဲ့ဖူးပါသည်။ "ပါးစပ်က ဘုရားဘုရား လက်က ကားယားကားယား" ဆိုခြင်းသည် အပြောနဲ့အလုပ်မညီသူ၊ ဘုရားကို ဟန်ပြလုပ်ဆောင်သူဖြစ်ခြင်းကို ဖော်ပြသောစကားစုဖြစ်ချေသည်။ ထိုစကားသာမက "ခရစ်ဟန်" ဆိုသည့်စကားကိုလည်း ကြားခဲ့ဖူးပါသည်။ ခရစ်တော်ကို ယုံကြည်သလိုလို ဟန်ဆောင်တတ်သော ခရစ်ယာန်တစ်ဦး၊ တနည်းဆိုရသော် အပေါ်ယံ အရေခြုံသော ခရစ်ယာန်ကို "ခရစ်ဟန်" ဟုဆိုရပေမည်။
နောက်တစ်ခုကတော့ "ဗုတ်ခရစ်" ပင် ... ဟိုလိုလို ဒီလိုလို မပြတ်မသား၊ ဗုဒ္ဓလိုလို ယေရှုလိုလို နှင့် ဟိုမပြတ် ဒီမပြတ်ဖြစ်သူများဖြစ်သည်။ ဘာလာလာ ရှိခိုးခြင်း ကိုးကွယ်လိုက်ခြင်းပင်ဖြစ်လေသည်။ ယခုတွင် အသစ်တိုးသော စကားကို ထည့်ရမည်ဆိုလျှင်ဖြင့် "ခရစ်ရံ" ပင်ဖြစ်ချေသည်။ ရကောက်နှင့်ရံသော "ခရစ်ရံ" များသည် မိမိတို့ စိတ်ခံစားချက်အပေါ်လိုက်၍ "ဝန်းရံခြင်း" ဖြစ်ချေသည်။ ဝန်းရံသည်ဟုဆိုရာတွင် လူအမျိုးမျိုး၏ ကြိုက်နှစ်သက်ရာအပေါ် မူတည်၍ အမျိုးမျိုးကို ဝန်းရံကြသည်။
အချို့က ဆရာသမားများ၊ ဂိုဏ်းကနများ၊ ပါတီများ၊ နိုင်ငံရေးသမားများ၊ နိုင်ငံတော် သမ္မတနှင့် လူပုဂ္ဂိုလ်များ စသဖြင့်တွေကို ဝန်းရံကြသည်။ ဥပမာ ဆရာသမား၏ လွဲမှားသော ဩဝါဒကိုဖြစ်စေ၊ မှားယွင်းသောသွန်သင်မှုကိုဖြစ်စေ ကရုမစိုက်ဘဲ သမ္မာတရားနှင့် လွဲနေပါစေဦးတော့ ဝန်းရံကြသည်။ ထိုသူ၏ အမှားကို ဖော်ပြလျှင်လည်း လက်မခံဘဲ ကာကွယ်ခြင်း၊ ဆရာသမား ဟောကြားသည့် မှားယွင်းသော ဩဝါဒများနှင့် ထိုဆရာသမားကို ဝန်းရံခြင်းဖြစ်သည်။ ထိုဆရာငရဲသွားလျှင်လိုက်မည်၊ ကျီးကန်းဖြူတယ်ဆိုလျှင် လိုက်ဖြူမည်၊ ဗျိုင်းကြီး မဲတယ်ဆိုလျှင်လည်း လိုက်မဲသည်အထိ ဝန်းရံကြသည်။
ပေတရုကြီးပင်လျှင် ယေရှုခရစ်တော်၏ ကားတိုင်လမ်းကို ပိတ်စို့ကာ ဝန်းရံခဲ့ဖူးသည်။ သူကတော့ စေတနာနှင့် ကောင်းမည့်အထင်နှင့် မိမိစိတ်ခံစားချက်အလိုအတိုင်း ဝန်းရံခြင်းဖြစ်သော်လည်း ယေရှုက ...
ရှင်မဿဲခရစ်ဝင် ၁၆:၂၃
ကိုယ်တော်သည် မျက်နှာတော်ကိုလှည့်၍ အချင်းရန်သူ၊ ငါ့နောက်သို့ဆုတ်လော့။ သင်သည် ငါတိုက် မိ၍ လဲစရာအကြောင်းဖြစ်၏။ သင်သည် ဘုရားသခင်၏အရာကို စိတ်မစွဲလမ်း၊ လူတို့၏အရာကိုသာ စွဲလမ်း သည်ဟု မိန့်တော်မူ၏။
မဝန်းရံခိုင်းခဲ့ပါဘူး။ ဘုရားသခင်၏အရာတွေကို မစွဲလန်းဘဲ လူတို့၏အရာတွေကိုသာ စွဲလန်းသော ပေတရု၏ ဝန်းရံခြင်းကို အပြစ်တင်ခဲ့ရုံမက အချင်းရန်သူ ဟုပင်ဆိုခဲ့လေသည်မဟုတ်ပါလား။ ဒါဆိုရင် သခင်ယေရှုသည် ဝန်းရံလေ့ရှိကြသော ရကောက်နှင့်ရံသည့် "ခရစ်ရံ" များကို နှစ်သက်ခြင်းမရှိသည်ကို ထင်ရှားစွာမြင်တွေ့ရမည်ဖြစ်သည် မဟုတ်ပါလား။
(မဿဲအခန်းကြီး ၂၇) တွင်ကြည့်မည်ဆိုလျှင်လည်း ဝန်းရံခြင်းနောက်တမျိုးကိုမြင်တွေ့ရပါတယ်။ သခင်ယေရှုတွင် မပြစ်မရှိကြောင်းကို ပိလတ်မင်းသိသောကြောင့် ဗာရဗ္ဗနှင့် ရွေးခိုင်းခြင်းကို သိကြမည်ထင်ပါသည်။ ဗာရဗ္ဗဆိုသောသူသည် လူသတ်၊ ကလိမ်ကျ၊ လူဆိုးလူမိုက်တစ်ဦးဖြစ်ချေသည်။ သို့သော် လူထုကြီးကတော့ သခင်ယေရှုအပေါ် ဘာသာရေးအကြောင်းပြချက်၊ နိုင်ငံရေးအကြောင်းပြချက်တွေများစွာဖြင့်သာ မသိချင်ယောင်ဆောင်ခဲ့ကြသည်မဟုတ်ပါလား။ သို့နှင့် မိမိတို့၏ စိတ်ခံစားချက်၊ ဆန္ဒများစွာကြောင့်သာလျှင် လူသတ်သမားဖြစ်တဲ့ လူဆိုးလူမိုက် ဗာရဗ္ဗကိုသာ ဝန်းရံခဲ့ကြလေခဲ့တော့သည်။
ယေရှုက ငါ့၌ ဆည်းကပ်လိုသောသူဖြစ်ရင် ကိုယ်ကိုကိုယ်ငြင်းပယ်ရမယ်လို့ဆိုပါတယ်၊ ထိုမျှမကသေးဘဲ ကိုယ့်လက်ဝါးကားတိုင်ကို ကိုယ်ထမ်းကာ သူ့နောက်လိုက်ရမည်ဟုဆိုတယ်ဆိုတာကိုတွေ့ရပါတယ်။ ဒါ့ကြောင့် မိမိ၏စိတ်ဆန္ဒအပေါ်လိုက်၍ ဝန်းရံသော "ခရစ်ရံ" ဖြစ်ကြရမည့်အစား ကိုယ်စိတ်ဆန္ဒကို ငြင်းပယ်ကာ ခံစားချက်တွေထက် ဆန္ဒများစွာထက် ထိုသခင်ယေရှုကိုသာ မျှော်ကြည့်သောသူ၊ ထိုသခင်နောက်ကိုသာ လိုက်သောသူ၊ ကိုယ့်လက်ဝါးကားတိုင်ကို ကိုယ်ထမ်းကာ ယပလက်နှင့် ယာန်သော "ခရစ်ယာန်" ဖြစ်စေကြဖို့သာ အရေးကြီးသည်ဆိုတာကို မမေ့ကြစို့နဲ့ရယ်။
ဒါ့ကြောင့် မိတ်ဆွေ ... ကျွန်ုပ်တို့ ခရစ်ယာန်တွေက "ရကောက်နဲ့ပေါင်းတဲ့ ခရစ်ရံလား၊ ယပလက်နဲ့ပေါင်းတဲ့ ခရစ်ယာန်လား" ဆိုတာတွေကို ခွဲခြားကာဆင်ခြင်ကြဖို့ အချိန်ရောက်လာပါပြီ။ သခင်ယေရှုကတော့ "မင်းတို့ရဲ့ စိတ်ဆန္ဒကို ငြင်းပယ်ပြီး ငါ့နောက်လိုက်ပါ၊ ကိုယ့်လက်ဝါးကားတိုင်ကိုယ်ထမ်းပါ" ဟုဆိုပြီး ယပလက်နဲ့သာ ယာန်စေဖို့ သတိပေးခဲ့ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ ဝန်းရံသော ခရစ်ရံမှသည် အလိုတော်ကို ဝန်ခံနိုင်သော သခင့်နောက်လိုက်တဲ့ ခရစ်ယာန်အဖြစ်သို့ လမ်းကြောင်းပြောင်းနိုင်စေဖို့ရာ ဆန္ဒများစွာအတွက် ဝန်းရံခြင်း၊ ခံစားချက်များစွာအတွက် ဝန်းရံခြင်းတွေကို ဖယ်ရှားကာ "ခရစ်ယာန်" ဖြစ်ကြပါစို့။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet