၂၀၂၀၏ သက်သေခံချက်
အခုဆိုရင် ၂၀၂၀ ခုနှစ်ရဲ့ နောက်ဆုံးသောလဖြစ်တဲ့ ဒီဇင်ဘာလကို ဝင်ရောက်လာပြီဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်ကို ပြန်လည်ဆင်ခြင်ကြည့်မယ်ဆိုရင် မြင်ရသောအရာ၊ မမြင်ရသောအရာ၊ မျှော်လင့်ထားသောအရာ၊ မမျှော်လင့်ထားသောအရာ စသဖြင့် ပြည့်နှက်နေကြမယ်လို့ ယုံကြည်ပါတယ်။
သင်ဖြတ်သန်းခဲ့ပြီးသော ၁၁ လကို ပြန်လည်ရေတွက်ကြည့်ပါလို့ တိုက်တွန်းပေးချင်ပါတယ်။ သင်ခက်ခဲကောင်း ခက်ခဲ့ဖူးမယ်၊ သင်နာကျဥ်ကောင်း နာကျဥ်ခဲ့ရမယ်၊ ငိုကြွေးကောင်းလည်း ငိုကြွေးခဲ့ရဖူးမယ်၊ သင့်ရဲ့ တွေ့ဆုံကြုံကြိုက်ခဲ့ရခြင်းတွေကို ပြန်လည်ရေတွက်ကြည့်ရအောင်။
ဘာတွေရော လုပ်ဆောင်ခဲ့သလဲ၊ ကောင်းတာတွေများသလား၊ ဆိုးတာတွေများသလား၊ ဇာတိသဘောတွေနဲ့အသက်ရှင်ခဲ့သလား၊ ဝိညာဥ်သဘောနဲ့အသက်ရှင်ခဲ့သလား၊ ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်း၊ ဖေးမခြင်း၊ ကျေးဇူးပြုခြင်း စသဖြင့်ကိုလည်း ပြန်လည်ဆင်ခြင်ကြည့်ရအောင်လား။
၂၀၂၀ ကို တချို့ကလည်း ကပ်ဆိုးကြုံရတဲ့ကာလဖြစ်လို့ သဘောမတွေ့ကြဘူး၊ တချို့ကလည်း စီးပွားကျလို့၊ အလုပ်ကြောင့်၊ ခရီးမသွားရလို့၊ အိမ်တွင်းအောင်းရလို့၊ မိသားစုတွေနဲ့ခွဲခွာရလို့ စသဖြင့် အမျိုးမျိုးသော အကြောင်းအရာတွေကြောင့် လုံးဝမနှစ်မြို့ကြသောကြောင့် ၂၀၂၁ ကို သာ၍ မျှော်လင့်နေတတ်ကြတယ်။ ဒီကာလမှာတော့ အလုပ်တွေအဆင်မပြေကြဘူး၊ စီးပွားရေးသမားတွေ ခက်ခဲကြသလို အလုပ်သမားတွေ ခက်ခဲတယ်၊ အလုပ်လက်မဲ့တွေရှိကြသလို၊ မိဘမဲ့တွေလည်း ဖြစ်သွားကြတာရှိမယ်၊ ရောဂါကြောင့် သေကြသလို ရောဂါမဟုတ်ပဲသေတာလည်း ရှိမယ်။ ဒီကာလကတော့ အိမ်မှ သင်ယူကြရာကာလလဲဖြစ်သလို အိမ်မှ အလုပ်လုပ်ကြတဲ့ကာလတစ်ခုကိုလည်း ဖြတ်သန်းခဲ့ကြရမယ်။ အသစ်သော အခြေအနေတစ်ခုကို ဖြတ်သန်းရင်း အသစ်သော အတွေ့အကြုံတွေ အသစ်သော စိတ်ခေါ်မှုတွေကို ရင်ဆိုင်ဖြတ်သန်းကြရာ ကာလတစ်ခုလို့ဆိုရမှာပေါ့။
ဒီကာလကို ဖြတ်သန်းရင်း တွေ့ကြုံခဲ့ရတဲ့ အခြေအနေတွေကတော့ လူ့ဘဝရဲ့ အနတ္တတရားကိုသာ မီးမောင်းထိုးပြနေခဲ့တယ်။ ဘယ်လိုပဲ စီးပွားရေးတွေ ကောင်းခဲ့ကောင်းခဲ့ ပြောင်းပြန်ဖြစ်သွားခဲ့တယ်၊ ဘယ်လိုပဲ ဆီဈေးတွေ တက်ခဲ့တက်ခဲ့ စံချိန်တင်ရတဲ့အထိကို ကျဆင်းသွားခဲ့တယ်၊ အလုပ်ကို ဖက်တွယ်ခဲ့ကြဖူးပေမယ့် တစ်ရက်မှာတော့ ခွဲခွာသွားခဲ့ကြရတယ်၊ ဘုရားကျောင်းတွေကိုလည်း ပိတ်ထားရသလို Online ကိုအသုံးပြ၍ သာသနာပြုခြင်း တွင်ကျယ်လာပြန်တယ်၊ ဩဝါဒပေါင်းများစွာကို ကြားတွေ့ရသလို အလွဲတွေကို ကာကွယ်ကြဖို့ သင်ယူမိကြပြန်မယ်၊ စသဖြင့် အမျိုးမျိုးသော အပြောင်းအလဲများစွာသည် ဒီ ၂၀၂၀ မှာ သင်ယူရန်နှင့် ဆင်ခြင်ရန်ပါ ရှိခဲ့ကြပါတယ်။ ဒီအထဲကမှ လောကကို စွန့်ခွာသွားကြသူတွေလည်း ရှိကြပြန်လေတယ်။
ဒီလို အမျိုးမျိုးသော ခက်ခဲမှုတွေကို ယုံကြည်သူတွေလည်း ခံစားကြရသလို၊ ယုံကြည်သူတွေလည်း ရောဂါကူးကြပါတယ်၊ သေသွားရသူတွေလည်း ရှိကြသလို ပြန်လည် ကျန်းမာလာကြသူတွေလည်း ရှိကြတယ်၊ အလုပ်အဆင်မပြေတာတွေလည်း စသဖြင့်ကြုံကြရပါတယ်။ လောကမှာရှိတဲ့ လောကဒဏ်ကို ယုံကြည်သူရော မယုံကြည်သူရော ရင်ဆိုင်ကြရတယ်၊ ဒီလူနှစ်မျိုးလုံးသည် နေပူခြင်း မိုးရွာခြင်းကို အတူတူခံစားကြရတယ်ဆိုရင်လည်း မမှားပါဘူး။
ယုံကြည်သူဆိုရင် ဘုရားသားဆိုရင် အောင်မြင်ရမယ်၊ ကျန်းမာရမယ်၊ ချမ်းသာရမယ်၊ ရောဂါမကူးရဘူး၊ စသဖြင့်အလွဲတွေကို သွန်သင်ခြင်းတွေကို ပိုမိုသိရှိလာစေရတာသည်လည်း ဒီ ၂၀၂၀ ပါပဲ။ ပရောဖက်အတုအယောင်တွေ၊ ဩဝါဒအမှားတွေ၊ မိစ္ဆာအယူလွဲတွေ၊ ပုဂ္ဂိုလ်စွဲတွေ၊ အမှန်တရားကိုငြင်းပယ်၍ အရှိကိုအရှိအတိုင်းလက်မခံနိုင်သူတွေ၊ ဘုရားနာမကို အလွဲသုံးပြီး အောင်လတို့ ဒေါ်နွယ်ထွန်းတို့ကို အောင်ပြီ နိုင်ပြီဟု ပေါက်ကရသုံးသူတွေ၊ စသဖြင့်သော သူတွေကို သိရှိလာရခြင်းသည်ပင်လျှင် ကောင်းကျိုးတစ်ခုပင်မဟုတ်ပါလား။
ကျွန်တော်တို့ ယုံကြည်သူတွေသည်လည်း ဒီကာလမှာ ခက်ခဲကြပါတယ်၊ ရောဂါကူးကြပါတယ်၊ ခေါ်တော်မူခြင်းလည်း ခံရပါတယ်။ ဒါပေမယ့် ဒါကို ကြောက်နေဖို့တော့မဟုတ်ဘူးဆိုတာကို နားလည်ထားဖို့ရှိပါတယ်။ ၂၀၂၀ ဟာ ကျွန်တော်တို့တွေအတွက်တော့ သင်ယူစရာ၊ ဆင်ခြင်စရာ၊ အတုယူစရာ၊ ပြင်ဆင်စရာ ကာကွယ်စရာ စဖြင့်ဖြစ်စေတယ် မဟုတ်ပါလား။ ဆာလံဆရာက သေမင်းရဲ့အရိပ်ကို လျှောက်သွားရသော်လည်း ဘုရားသားဖြစ်၍ မကြုံရပဲ ကျွန်ုပ်သည် ချမ်းသာရပါ၏ဟု မဆိုခဲ့ပါ။ ဘုရားသားလည်း လောကဒဏ်ကို ခံစားရပါတယ်၊ ရောဂါကူးတယ်၊ ကျရှုံးခြင်း၊ ဆင်းရဲဒုက္ခကို ခံစားရတတ်ပါတယ်။ ဒါ့ကြောင့် ဆာလံဆရာက သေမင်းရဲ့အရိပ်ကို လျှောက်သွားရသော်လည်း ဘေးအန္တရာယ်ကို မကြောက်ပါဟုသာဆိုပါတယ်။
ဆာလံကျမ်း ၂၃:၆
အကယ်စင်စစ် အကျွန်ုပ်သည် ကျေးဇူးနှင့်ကရုဏာကို တစ်သက်လုံးခံစားရ၍၊ ထာဝရဘုရား၏ အိမ်တော်မှာ အစဉ်အမြဲ နေရပါလိမ့်မည်။
ဒီခက်ခဲခြင်းတွေကို ကြုံတွေရမည် ဖြစ်သော်လည်း ယုံကြည်သူတိုင်းအတွက် ဘုရားသခင်၏ ကျေးဇူးတော်သည် လုံလောက်ရုံမျှမက ပိုလျှံလျှက်ရှိပါတယ်။ ဒါ့ကြောင့် ကျွန်ုပ်တို့ ယုံကြည်သူတွေသည် ဘုရားသခင်၏ ကျေးဇူးနှင့်ကရုဏာတော်ကို တစ်သက်လုံးခံစားရမည်ကို စိတ်ချထားသူများဖြစ်ရုံသာမက ဒီလောကမှ အချိန်မရွေး ထွက်ခွာသွားရခြင်းသည်ပင်လျှင် ကြောက်နေရန်မလိုပဲ ထာဝရကာလအတွက် စိတ်ချနေကြပါသည်။ ထာဝရကာလတိုင် ကိုယ်တော်နှင့်အတူ ထာဝရဘုရား၏ အိမ်တော်မှာ အစဥ်အမြဲနေရပါလိမ့်မည်ဟု စိတ်ချရခြင်းသည်ပင်လျှင် ဒီ ၂၀၂၀ အတွက် ယုံကြည်သူခရစ်ယာန်များ၏ သက်သေခံချက်တစ်ပုဒ်အဖြစ် ထင်ရှားနေပါတော့သည်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet