ပဋိပက္ခ - ၂၈

ကျွန်ုပ်တို့၏ ရှင်သန်ရာ ပတ်ဝန်းကျင်သည် ကိုယ်စီကိုယ်စီ အမျိုးမျိုးသော စိတ်နေစိတ်ထား၊ အမျိုးမျိုးသော အတွေး၊ အကြံအစည်များစွာနှင့် မတူခြားနားစွာ ရှိတတ်ကြသည်မှာ အားလုံးအသိပင် ...
တခါတခါတွင် အယူအဆမတူခြင်း၊ အတွေးမတူခြင်း၊ ဆုံးဖြတ်ချက်များမတူခြင်း စသည့် တစ်ဦးနှင့်တစ်ဦး အမျိုးမျိုးသော အမြင် ခံယူချက်များ မတူညီခြင်းတို့ကြောင့် ပဋိပက္ခဖြစ်လာတတ်ကြသည်။
ထိုသို့သော အစည်းအဝေး၊ စကားဝိုင်း၊ ပတ်ဝန်းကျင်တို့၌ မိမိကြားသည့်စကားတိုင်းကိုသာ ခွန်းတုန့်ပြန်ခြင်း၊ ဒေါသအမြတ်ကြီးစွာဖြင့် ရင်ဆိုင်တတ်ခြင်းသည် အန္တရာယ်တစ်ခုပင် ဖြစ်သကဲ့သို့ ထိုအခြေအနေတို့၌ မိမိတို့၏ ဒေါသဟူသည် အစစအရာရာ ပျက်ဆီးဆုံးရှုံးသွားစေတတ်သည့် လောင်စာတစ်ခုပင် မဟုတ်ပါလား ...
ထိုဒေါသသည် မိမိတို့၏ အပြုအမူ၊ သဘောထား အတွေးအမြင်၊ လုပ်ဆောင်မှုများ ကိုပင် အဆိုးဘက်သို့ တွန်းပို့တတ်သည့် ဗီလိန်ဟုပင် ဆိုပေအံ့။
ဒေါသနှင့် နားထောင်ကာ ပြန်ပြောခြင်း ခွန်းတုန့်ပြန်ခြင်း၊ ထိုကဲ့သို့သောအချိန်၌ စကားများစွာဖြင့် အပြတ်အလှန် ပင်ပေါက်ရိုက်ခြင်းတို့သည် အနှုတ်လက္ခဏာဆောင်သော ပျက်ဆီးခြင်းသို့ ဦးတည်နေသကဲ့သို့ ဒေါသနှင့် ပြုမူလုပ်ဆောင်ခြင်းတို့သည်လည်း ထူးမခြားနားပါချေ။
ထို့ကြောင့် ရှင်ယာကုပ်၏ "Quick to hear, Slow to speak, Slow to anger" ဟူသော သတိပေးစကားသည် ကျွန်ုပ်တို့၏ လက်တွေ့ဘဝ၌ ပဋိပက္ခတစ်ခုအား ကိုင်တွယ်နိုင်ဖြေရှင်းရာ၌ အင်မတန်အသုံးဝင်သော ဖြေဆေးတစ်ခုပင်ဖြစ်ချေသည်။
ရှင်ယာကုပ်ဩဝါဒစာ ၁:၁၉
သို့ဖြစ်၍၊ ငါချစ်သော ညီအစ်ကိုတို့၊ ခပ်သိမ်းသောသူတို့သည် နားကြားခြင်းငှါ လျင်မြန်ကြစေ။ စကား ပြောခြင်းငှါ၎င်း၊ အမျက်ထွက်ခြင်းငှါ၎င်း နှေးကြစေ။
ပဋိပက္ခတစ်ခု၌ ဒေါသစိတ်အားထိန်းချုပ်၍ သူတပါးစကားအား နားထောင်တတ်ခြင်း ကြားတတ်ခြင်းသာမက မိမိစိတ်အလိုအတိုင်း မပြောမိစေရန် မိမိနှုတ်အားလည်း ထိန်းချုပ်၍ သူတပါး၏ စကားအား နားထောင်တတ်ခြင်းတို့သည် ပဋိပက္ခတစ်ခုအား ဖြေရှင်းရာ၌ အသုံးဝင်သော ဖြေဆေးတစ်ခုဟုပင် ဆိုရပေဦးတော့မည်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet