Let My People Go
ဣသရေလလူမျိုးတို့သည် ယောသပ်လက်ထက်အလွန်တွင် နှစ်ပေါင်းလေးရာ အီဂျစ်ပြည်၌ ကျွန်ခံခဲ့ရသည်။ ဖာရောဘုရင်၏ လက်အောက်၌ ကျွန်အဖြစ် အနှိပ်စက်ခံ၊ အနှိမ်ခံ၊ အနိုင်ကျင့်ခံခဲ့ရသည်။ ဖာရောနှင့်သူ၏လူတို့သည် ထာဝရဘုရားအားမသိသူဖြစ်ပြီး ရက်စက်သည့် သဘောနှင့်ပြည့်စုံသောသူများဖြစ်သည်။
ဣသရေလလူများ၏ တိုးပွားခြင်းကို မလိုလားသူဖြစ်သလို ထိုသူတို့၏ များပြားခြင်းကိုကြောက်၍လည်း ဖိနှိပ်ခြင်းကို ပိုမိုလုပ်ဆောင်ခဲ့ကြသည်။ ထိုဣသရေလလူများ၏တိုးပွားခြင်းသည် သူတို့လူမျိုးများအား ထိခိုက်မည်၊ သူ့၏အာဏာကို ထိခိုက်စေမည်စိုးသဖြင့် ကျွန်များကိုသာ၍ နှိပ်စက်ခဲ့သည်။ ထိုသို့နေ့စဥ်နေ့တိုင်း ဖိနှိပ်ခံရသောကြောင့် အင်မတန်ပင်ပန်းဆင်းရဲခံကြရသည်။ အခကိုမရပဲ ကျွန်ခံရခြင်းသည်၊ နားချိန် စားချိန် အိပ်ချိန်များကိုပါ ဖိနှိပ်၍ကန့်သတ်ထားကြပေလိမ့်မည်။
ထိုနှစ်ပေါင်းလေးရာကာလအတွင်း ခံစားခဲ့ရသည့်အရာများကြောင့် အင်မတန်ခက်ခဲခြင်း၊ ပင်ပန်းဆင်းရဲခံရခြင်းတို့ကြောင့် ထာဝရဘုရားအား အော်ဟစ်ခဲ့ကြပေသည်။ ထို့ကြောင့်လည်း ထာဝရဘုရားသည် မောရှေအားစေလွှတ်၍ ထိုအဓမ္မအမှုအရာမှ ကယ်လွှတ်စေခဲ့သည်မဟုတ်ပါလား။
ထွက်မြောက်ရာကျမ်း ၅:၁
ထိုနောက်မှ၊ မောရှေနှင့်အာရုန်သည် ဖာရောဘုရင်ထံသို့ဝင်၍၊ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားက၊ ငါ၏လူတို့သည် တော၌ငါ့အဖို့ ပွဲခံစေခြင်းငှါလွှတ်ရမည်ဟု မိန့်တော်မူကြောင်းကိုလျှောက်၏။
ဖာရောဘုရင်အား မောရှေသည် ထာဝရဘုရားမှာထားတော်မူသည်အတိုင်း ပြတ်သားစွာလျှောက်တင်သည်။ ဣသရေလလူများကိုလွှတ်ပါ ... ဒီလူမျိုးတွေသည်ထာဝရဘုရားအားပူဇော်ဖို့ရန် တောသို့ခရီးထွက်ရမည် လွှတ်ပါဟုသာ ပြတ်သားစွာဆိုသည်။ သို့သော် ဖာရောဘုရင်သည် ပို၍ပို၍ နှိပ်စက်သည်၊ ဣသရေလလူများ ပုံမှန်ဖုတ်နေကျ အုတ်ထက် အရေအတွက်ကို ပိုတိုး၍ တောင်းရုံသာမက ကုန်ကြမ်းကိုလည်း မပေးပေ။ ထို့ကြောင့် မိမိတို့ကိုယ်တိုင်လည်း ကုန်ကြမ်းများကိုရှာဖွေရကာ အုတ်များကိုဖုတ်ကြရပေသည်။
ထို့ကြောင့် ဖာရောဘုရင်အား ဘေးဒဏ်အမျိုးမျိုးဖြင့် ဆုံးမခဲ့သည်။ သူသည် စိတ်နှလုံးခိုင်မာ၍ ကတိမတည်သူဖြစ်သဖြင့် လွှတ်မည်ဟုဆိုသော်လည်း မလွှတ်ပေးခဲ့ပေ။ ထိုသို့ လူများကို မလွှတ်ပေးပဲ ကတိမတည်ကာ စကားကို အမျိုးမျိုးပြောင်းလဲပြောဆိုခဲ့သောကြောင့် ဘေးဒဏ်အမျိုးမျိုးကျရောက်စေခြင်းဖြင့် ဒဏ်ခတ်လည်းခံခဲ့ရသည်။ သွေး၊ ဖား၊ ခြင်၊ ယင်ရဲ၊ တိရိစ္ဆာန်များသေဆုံးခြင်း၊ အနာဆိုး၊ မိုးသီး၊ ကျိုင်း၊ အမှောင်ထု စသဖြင့်သော နမိတ်လက္ခဏာအမျိုးမျိုးဖြင့်ဆုံးမခဲ့သည်။
သို့သော်လည်း သူသည် ထုံးစံအတိုင်းပင် ကတိမတည်ခဲ့ပေ။ လွှတ်မည်ဟုပြောသော်လည်း ပြန်လည် ဘေးဒဏ်မှပြေလည်ခြင်းရသောအခါတွင် လည်ပင်းခိုင်မာခဲ့ပြန်သောကြောင့် နောက်ဆုံးတွင် နိုင်ငံအတွင်းမှ သားဦးများသေဆုံးရသော နမိတ်လက္ခဏာကို ကြုံတွေ့ခဲ့ရသည်။ ဣသရေလလူများ၏သားဦးများအတွက် မှာထားသည်အတိုင်း တံခါးထုတ်တန်းများတွင် သိုးသူငယ် အသွေးသုတ်လိမ်းခြင်းအားဖြင့်ဘေးလွတ်ခဲ့သည်။
ထိုဘေးဒဏ်ကြောင့် ဖာရောနှင့် သူ၏အပေါင်းအပါများ၏ သားဦးများ၊ သူ့ဘက်တော်သားဖြစ်သည့် နိုင်ငံသားများ၏သားဦးများလည်း သေဆုံးခဲ့ကြရပေသည်။ ဖာရောဘုရင်၏ စိတ်နှလုံးခိုင်မာခြင်း၊ လည်ပင်းခိုင်မာခြင်း၊ ကတိမတည်ခြင်းများကြောင့် ဖာရောနှင့်အပေါင်းအပါများ၊ သူ၏နိုင်ငံသားများ၏ ဆုံးရှုံးခြင်း၊ ဘေးဒဏ်အမျိုးမျိုးသက်ရောက်ခြင်း၊ ဒုက္ခအမျိုးမျိုးကြုံတွေရခြင်းများကိုဖြစ်စေခဲ့သည်မဟုတ်ပါလား။
ထိုညှဥ်းဆဲခံရခြင်း၊ အနိုင်ကျင့်ခံရခြင်း၊ နှိပ်စက်ခံရခြင်း၊ ဖိနှိပ်ခံရခြင်း၊ အဓမ္မအမှုတို့၏ အကျိုးဆက်သည် တနေ့တွင် ကျေးဇူးတော်ချီးမွမ်းခြင်းဖြစ်လာခဲ့သည်။ တနည်းဆိုရလျှင် ထိုဣသရေလလူများအား ဖာရောဘုရင်ပြုကျင့်သော အဓမ္မအမှုကြောင့် ပသခါပွဲတော်ဖြစ်လာခဲ့ပေသည် မဟုတ်ပါလား။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet