သင်သည်ဗာလမ်လော

တောလည်ရာကျမ်း အခန်းကြီး (၂၂) မှာ ဣသရေလအမျိုးသားတို့ဟာ ခရီးသွားတယ်၊ ယေရိခေါမြို့တစ်ဖက်မှာ တဲဆောက်တယ်ဆိုတာကိုတွေ့ရပါတယ်။ သူတို့ဟာ များလွန်းလို့ မောဘပြည်သားတွေကကြောက်ကြတယ်။ ဘယ်လောက်တောင်ကြောက်ကြသလဲဆိုရင် နွားက မြက်ကိုစားသလိုပဲတဲ့ ငါတို့ပတ်ပတ်လည်မှာရှိသမျှအားလုံးကို စားမယ့်ကောင်တွေဖြစ်တယ်လို့တောင် မိဒျန်ပြည်သား အသက်ကြီးသူတွေကဆိုကြရတဲ့အထိပင်ဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ်။ ဒါ့ကြောင့် မောဘဘုရင်ကသည် ထိုသူတွေက်ု ကျိန်ဆဲဖို့အတွက် ဗာလမ်ကိုငှားတယ်။ ကိုယ်တော်သာကျိန်ဆဲရင် ဒီကောင်တွေ မခံနိုင်ဘူး၊ ကိုယ်တော်ကောင်းကြီးပေးသောသူက ကောင်းကြီးခံရတယ်၊ ကျိမ်ဆဲခံရသူက ထိမှာပဲလို့ဆိုလေရဲ့။
တောလည်ရာကျမ်း ၂၂:၈
ဗာလမ်က၊ ယနေ့ညမှာ ဤအရပ်၌နေကြပါဦး။ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ငါပြန်ပြောမည်ဟုဆိုလျှင်၊ မောဘအရာရှိတို့သည် ဗာလမ်ထံမှာနေကြ၏။
ဗာလမ်ကအစကတော့ မဆိုးပါဘူး၊ ဘုရားဘာပြောမလဲမေးဦးမယ် နေပါဦးလို့ဆိုသော်လည်း၊ လိုက်မသွားနဲ့၊ မကျိန်ဆဲနဲ့ ဒီလူတွေက ကောင်းကြီးခံရမယ့်သူတွေဖြစ်တယ်လို့ ထာဝရဘုရားကအဖြေပေးတယ်။ ဘုရင့်လူတွေကို သူပြန်ငြင်းလိုက်တယ်ဆိုပေမယ့် နောက်နေ့ကျတော့ အရင်ထက်များတဲ့အရာတွေ၊ ရာထူးကြီး၊ ဘုန်းကြီးတဲ့သူတွေကိုစေလွှတ်ပြီးတော့ ငါ့ဆီလာဖို့ကိုအဘယ်သူမျှ မလာဖို့ မဆီးတားစေနဲ့ဘာညာဆိုပြီး ချုပ်လိုက်လေရဲ့။
တောလည်ရာကျမ်း ၂၂:၁၇
ငါသည် ကိုယ်တော်ကို အလွန်ချီးမြှောက်မည်။ ကိုယ်တော်တောင်းသမျှကို ပေးမည်။ သို့ဖြစ်၍ကြွလာပါ။ ဤလူမျိုးကို ငါ့အဖို့ကျိန်ဆဲပါဟု မိန့်တော်မူကြောင်းကို ပြန်ပြောကြ၏။
ဘုရင်ကပေးမယ့်အရာတွေကို မျက်စိကကျ၊ ဘုရားကမသွားဖို့ပြော၊ မကျိန်ဆဲရပြောသော်လည်း စိတ်က ကလိကလိနှင့်ဖြစ်နေပေမည်။ စားရမှာလဲသဲတလျှက်လျှက်၊ လွှင့်ပစ်ရအောင်လဲအဆီတဝင်းဝင်းနှင့်ဖြစ်နေရောလား။
ဘုရားသခင်က တကယ်တော့ မလုပ်နဲ့၊ မသွားနဲ့၊ ကောင်းကြီးခံရမယ့်သူတွေလို့ပြောပြီးသားဖြစ်သော်လည်း သူက အဆီဝင်းမှည့်နေသော အမဲသားတုံးကြီးကို မစွန့်ပစ်နိုင်သောကြောင့် ဟိတ်ဟန်တော့ထုတ်ခဲ့သည်။ ငါ့ကို ဗာလက်မင်းကြီးရဲ့ ရွှေငွေနဲ့ပြည့်တဲ့နန်းတော်ကြီးလာပေးရင်တောင်မှ ငါ့ဘုရားကိုလွန်ကျူးခြင်းမပြုနိုင်ဘူး၊ လွန်ကျူးရမယ့်အမှုအကြီးအငယ်တစ်ခုတောင် မလုပ်ဘူးကွာလို့ဆိုတာတွေ့ရသော်လည်း ဒါပေမယ့် အဲ့မှာတင်မရပ်ဘဲ ထာဝရဘုရားဘာပြောဦးမလဲမသိဘူး ဒီနေ့တော့ စောင့်ကြဦးလို့ဆိုတာကိုတွေ့ရပါတယ်။
တောလည်ရာကျမ်း ၂၂:၁၉
သို့ရာတွင် ထာဝရဘုရားသည် အဘယ်သို့ထပ်၍မိန့်တော်မူမည်ကို ငါသိမည်အကြောင်း၊ ယနေ့ညမှာ ဤအရပ်၌နေကြပါဦးဟု ဗာလက်မင်းကျွန်တို့အား ပြန်ပြော၏။
တစ်ခါတစ်လေကျွန်တော်တို့က အဲဒီလိုများဖြစ်နေသလား။ မိမိလက်ရှိ မှားယွင်းသောအမှုကိုပြုမိ၊ လွဲမှားသောနေရာမှာပါဝင်မိ၊ မှားယွင်းသောဩဝါဒတွေလက်ခံမိ၊ မိစ္ဆာအယူလွဲကိုဟောသောဆရာသမားကိုလက်ခံမိ၊ စသဖြင့်ထိုသူနောက်ကိုလိုက်နေမိ၊ အလွဲတွေလုပ်နေမိပြီးတော့၊ မင်းလုပ်နေတာ မှားနေတယ်၊ ဩဝါဒကမှားတယ်လို့ထောက်ပြနေခြင်းတွေကို ဗာလမ်ကဲ့သို့ အမဲသားတုံးကြီးကြောင့် မစွန့်လွှတ်နိုင်ဘဲ တန်ပြန်ကာကွယ်နေမိပါသလား၊ ကျိန်ဆဲဖို့လိုက်သွားမိနေပြီလားဆိုတာဟာ ဆင်ခြင်စရာကောင်းပါတယ်။ ဗာလမ်လို နန်းတော်ပေးတောင် မကျိန်ဆဲဘူးလို့ ချိုချိုလေးပြောနေပေမယ့် ဒီနေ့ညတော့ နေပါဦးကွာ ဘုရားဘာပြောမလဲလို့စောင့်ကြည့်ရအောင်လို့ဆိုနေမိပြီလား။ ဗာလမ်ကဲ့သို့ သင်တို့ရော မိမိရဲ့ ခံယူယုံကြည်ချက်၊ ရပ်တည်ခြင်း(Stand and Faith) ကိုမသိသောသူလား။ ဒါ့ကြောင့် ဗာလမ်က ယိုင်လဲခဲ့သလို သင်နဲ့ကျွန်တော်မယိုင်လဲစေဖို့ရာ အရေးကြီးပါတယ်။ အကယ်၍သာ သင်သာ နောင်တရလျှင် ထိုနေရာမှ ထွက်လာခဲ့ဖို့ရာ သခင်ယေရှုနာမ၌ဖိတ်ခေါ်ပါတယ်။ သင်တို့၏ ဝိညာဥ်မျက်စိပွင့်လင်း၍ အလွဲကိုအလွဲမှန်း၊ မှားယွင်းသောဩဝါဒကို မှားယွင်းသောဩဝါဒမှန်း၊ စသဖြင့် ပိုင်းခြားနားလည်ပြီး ထိုနေရာတွင်ရှိသော အမဲသားတုံးအပုတ်ကြီးကို စွန့်၍ စစ်မှန်သောသမ္မာတရားကိုသိကာ အသက်မုန့်ဖြစ်သော သခင်ယေရှုခရစ်တော်ကိုသာ သုံးဆောင်နိုင်ကြဖို့ရန် အနည်းငယ်ဝေမျှလိုက်ပါတယ်။
ရှင်ယောဟန်ခရစ်ဝင် ၆:၅၁
ငါသည်ကောင်းကင်မှဆင်းသက်သောအသက်မုန့်ဖြစ်၏။ ဤမုန့်ကို စားသောသူမည်သည်ကား၊ အစဉ် မပြတ်အသက်ရှင်လိမ့်မည်။ ငါပေးသောမုန့်ကား၊ လောကီသားတို့၏ အသက်အဘို့အလိုငှါ စွန့်သောငါ၏ အသားပေတည်းဟုမိန့်တော်မူ၏။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet