ဘုရားသခင်ရှေ့တော်၌ နှိမ့်ချခြင်း
မိမိကိုယ်ကို နှိမ့်ချခြင်းသည် လွယ်မလိုနှင့် ခက်ခဲသည်မှာ မှန်ပေသည်။ လူဖြစ်သည့်အလျှောက် မိမိထက်သာ၍ ကြီးမြတ်သူနှင့် ကြုံဆုံသည့်အခါတွင်တော့ နှိမ့်ချရလွယ်ပေလိမ့်မည်ဖြစ်သော်လည်း မိမိထက်နိမ့်ပါးသည့်သူများနှင့် ကြုံဆုံရသည့်အချိန်တွင်တော့ နှိမ့်ချရန်ခက်ခဲနိုင်ပေလိမ့်မည်။
မိမိထက် ရာထူးကြီးသူ၊ အာဏာပိုရှိသူ၊ ပိုချမ်းသာသူ စသဖြင့်သော လူတို့နှင့် ပြောဆိုဆက်ဆံရာတွင် နှိမ့်ချသယောင်ရှိတတ်ကြသော်လည်း မိမိထက် ဆင်းရဲသူ၊ ရာထူးငယ်သူ သို့တည်းမဟုတ် နိမ့်ကျသူများကိုတော့ အထက်စီးမှဆက်ဆံမိသည်မှာလည်း ကျွန်ုပ်တို့ပင် ဖြစ်မှန်းမသိ ဖြစ်နေတတ်ပေသည်မဟုတ်ပါလား။
သို့မဟုတ်လျှင်လည်း ဘုရားကျောင်းသို့ရောက်သည့်အချိန်တွင်တော့ နှိမ့်ချခြင်းရှိပြီး၊ ဘုရားကျောင်းအပြင်သို့ ခြေလှမ်း လှမ်းသည့်အခါတွင်တော့ အသွင်ပြောင်းသွားသော ပုံပြောင်းလူသားဖြစ်သွားမိသည့် အချိန်ရှိကောင်းရှိကြဖူးပေလိမ့်မည်။ ဥပမာဆိုရလျှင် လုပ်ငန်းခွင်တွင်ဖြစ်စေ၊ အိမ်တွင်ဖြစ်စေ၊ လမ်းတွင်ဖြစ်စေ၊ ကျောင်းတွင်ဖြစ်စေဖြစ်ပေလိမ့်မည်။
ဘုရားကျောင်းသို့ရောက်မှသာ ဘုရားသခင်ရှေ့တော်မှောက်သို့ရောက်ခြင်းမဟုတ်သည်ကို ကျွန်ုပ်တို့ယုံကြည်သူအယောက်စီတိုင်း သိမှတ်ရန်လိုပေသည်။ ဘုရားသခင်သည် အနီးအပါး၌ရှိတော်မူ၏ဟုဆိုသည်အတိုင်း ကျွန်ုပ်တို့ အနီးအနားတွင်လည်းရှိသကဲ့သို့ ကျွန်ုပ်တို့နှင့်ပင် အတူရှိသော "ဧမာနွေလ" ဘုရားပင်ဖြစ်ချေသည်မဟုတ်ပါလား။
ရှင်ယာကုပ်ဩဝါဒစာ ၄:၁၀
ဘုရားသခင့်ရှေ့တော်၌ ကိုယ်ကိုကိုယ် နှိမ့်ချကြလော့။ သို့ပြုလျှင်၊ သင်တို့ကို ချီးမြှောက်တော် မူလိမ့်မည်။
ထို့ကြောင့် ကျွန်ုပ်တို့၏အသက်တာသည် ဘုရားသခင်ရှေ့တော်၌ နှိမ့်ချခြင်းဟုဆိုရာတွင် ဘုရားကျောင်းရောက်မှသာမဟုတ်ဘဲ လူအများရှေ့တွင်လည်း တစ်ခုအပါအဝင်ဖြစ်သကဲ့သို့ မည်သည့်အချိန် မည်သည့်နေရာ မည်သည့်အခြေအနေပင်ဖြစ်စေ ဘုရားသခင်ရှေ့၌ နှိမ့်ချခြင်းအသက်တာဟုဆိုရပေဦးတော့မည်။ မိမိထက် ရာထူးကြီးကြီး ငယ်ငယ်၊ မိမိထက် ဆင်းရဲရဲ ချမ်းသာသာ၊ မိမိထက် ကြီးကြီးငယ်ငယ်၊ မိမိထက် အဆင့်အတန်း မြင့်မြင့်နိမ့်နိမ့်ဟုပင် ဆိုရပေဦးတော့မည်မဟုတ်ပါလား ...
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet