မထင်မှတ်ထားသော
ဘဝမှာ အဆင်ပြေချောမွေ့နေပါသော်လည်း တစ်နေ့နေ့မှာ အဆင်မပြေခြင်းတွေကို ကြုံတွေ့ကြရပြန်တယ်။ ဘဝရဲ့ အနိမ့်အမြင့် အတက်အကျတွေကို ဖြတ်သန်းရင်း စိတ်ဓါတ်ကျ မောပန်းနွမ်းလျနေချိန်တွေကိုလည်း ဖြတ်သန်းကြရပြန်ပါတယ်။
လက်ရှိမှာ အဆင်ပြေနေပါတယ်လို့ ခံစားနေရရင်းနဲ့လည်း ရုတ်တရက်မှာ ဆန့်ကျင်ဘက်အရာတစ်ခုကို ကြုံတွေ့ရတတ်တယ်။ လက်ရှိပျော်နေပါသော်လည်း ချက်ခြင်းပဲ နာကျင်စရာတွေကို ဖြစ်လာတတ်ပြန်တယ်။
ဝမ်းသာစရာကို ခံစားနေရတဲ့အချိန်မှာ ချက်ခြင်းကို ငိုကြွေးရပြန်တယ်။ ပစ္စည်းဥစ္စာ၊ စီးပွားရေး အဆင်ပြေနေသော်လည်း မျက်စိတစ်မှိတ်မှာတင် ဆုံးရှုံးပျောက်ကွယ်သွားတတ်ပြန်တယ်။
အမျိုးမျိုးသော မထင်မှတ်ထားတဲ့ ဆန့်ကျင်ဘက်အရာတွေက ကျွန်ုပ်တို့ဘဝကို တိုက်ခိုက်သွားတိုင်းမှာ ယောဘအသက်တာကို သတိရမိစေဖို့နဲ့ သူ့ကိုကြည့်ရင်း ဆင်ခြင်ဖို့ရာ လိုအပ်တယ်ဆိုတာကိုလည်း နားလည်ရပါတယ်။ (ကျမ်းညွှန်း ယောဘဝတ္ထု)
ယောဘသည် သူ၏ သားသမီးများအပေါ်ကိုလည်း ဘုရားသခင်နှင့် မိတ်ဆက်ပေးသူ၊ ကောင်းစွာ သွန်သင်သူတစ်ဦးလည်းဖြစ်သည်။ ထို့အပြင် သူသည် သားသမီးများသည် ဘုရားသခင်ကို မှားယွင်းမည်၊ ပြစ်မှားမည်ကိုလည်း စိုးရိမ်၍ အမြဲတမ်း မီးရှို့ရာယဇ်ကိုလည်း ပူဇော်လေ့ရှိသောသူဖြစ်လေသည်။
ထို့ပြင် စည်းစိမ်ချမ်းသာပေါကြွယ်ဝသူ၊ သိုး နွား ကုလားအုပ်များစွာကိုလည်း ပိုင်သသူ၊ စသဖြင့် ချမ်းသာသောသူဖြစ်ချေသည်။ သားသမီးများနှင့် ပျော်ရွှင်စွာ စည်ကားသိုက်မြိုက်နေရချိန်၊ ပစ္စည်းဥစ္စာပေါများကြွယ်ဝသောကြောင့် ပူစရာတစ်ခုမျှမရှိ အဆင်ပြေနေသောအချိန်ဖြစ်သော်လည်း မထင်မှတ်ထားသော ရှေဘအမျိုးသားတို့၏ဘေး၊ ကောင်းကင်မှကျသောမီးဘေး၊ ခါလဒဲအမျိုးသားတပ်တို့၏ဘေး၊ တောမှလာသောလေဘေး၊ အနာစိမ်းပေါက်သောဘေး စသဖြင့်ကို ကြုံတွေ့ခံစားခဲ့ရပါတယ်။
ဒီမထင်မှတ်ထားသော ဘေးအမျိုးမျိုးကြောင့်တော့ သူ၏ဘဝသည် စုတ်ပျက်သတ်သွားခဲ့သလို လုံးဝကို ဆန့်ကျင်ဘက် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ ချမ်းသာသောသူအဖြစ်မှ ဆင်းရဲမွဲတေသူ၊ ကျန်းမာသောသူအဖြစ်မှ နာကျဥ်ငိုကြွေးမြည်တမ်းနေရသူ၊ သားသမီးများနှင့် ပျော်ရွှင်နေရာမှ သားသမီးများကို ဆုံးရှုံးရသူ၊ စသဖြင့် မထင်မှတ်ထားသောအရာများသည် သူ့အားတိုက်ခိုက်ခဲ့လေသည်။
သို့သော် သူ၏ ထာဝရဘုရားအပေါ် ယုံကြည်ခြင်း၊ ကိုးစားခြင်း မပျက်ခဲ့။ ခံစားရသော အရာများအပေါ်တွင် သည်းခံတတ်ခြင်းမှာလည်း အတုယူစရာပင်ဖြစ်ချေသည်။ ယောဘအပေါ်သို့ မိတ်ဆွေများ၏ ဝေဖန်ခြင်း၊ စွပ်စွဲခြင်း၊ အပြစ်တင်ခြင်း၊ အထင်မှားခြင်း အမျိုးမျိုးကို ခံရသော်လည်း သူ၏ ယုံကြည်ခြင်းမပျက်ခဲ့ချေ။ သူ့အသက်တာကို သူကိုယ်တိုင်လည်း အမြဲတမ်း ပြန်လည်၍ သုံးသပ်တတ်သောသူဟုလည်း နားလည်ရပါတယ်။
ကျွန်ုပ်တို့ ယုံကြည်သူများ၏ အသက်တာတွင်လည်း မထင်မှတ်ထားသောအရာများဖြစ်လာတတ်ချေသည်။ ယနေ့အဆင်ပြေနေပါသော်လည်း မနက်ဖြန်တွင် ပြောင်းပြန်ဖြစ်သွားခြင်း၊ ယခုပျော်နေပါသော်လည်း ခနနေ ငိုကြွေးရခြင်း၊ စီးပွားရေး အခြေအနေကောင်းနေသော်လည်း အဆင်မပြေဖြစ်ခြင်း၊ ကျန်းမာရေးကောင်းနေပါသော်လည်း မကျန်းမာခြင်းကို ခံစားရခြင်း စသဖြင့် မျိုးစုံ မထင်မှတ်ခြင်းများကိုလည်း ကြုံတွေ့ရတတ်ပေသည်။
ဒါ့ကြောင့် ကျွန်ုပ်တို့ယုံကြည်သူများသည် မိမိတို့၏ နေ့စဥ်အသက်တာကို ပြန်လည်ဆင်ခြင် သုံးသပ်တတ်သောသူ၊ မထင်မှတ်ထားသော အရာများစွာကို ကြုံတွေ့ရင်ဆိုင်ရသော်လည်း သည်းခံတတ်သောသူ၊ ထာဝရဘုရားကို ယုံကြည်ကိုးစားခြင်း မပျက်စေသောသူ၊ ထာဝရဘုရားကို မပြစ်မှားသောသူဖြစ်ကြဖို့ရန် ယောဘက်ုကြည့်လျှင် အင်မတန်မှ အတုယူ ဆင်ခြင်စရာကောင်းလှပါသည်။ ထို့ကြောင့် ယောဘ၏ အသက်တာအားဖြင့် အနည်းငယ်တိုက်တွန်း ခွန်အားပေးလိုက်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet