ယုံကြည်ခြင်းအားဖြင့်သာ
"ယုံကြည်ခြင်းအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ရောက်ရ၏" ဟူ၍ ကျမ်းစာလာ၏။
ထို့ကြောင့် ကယ်တင်ခြင်းသို့ရောက်ရန်အတွက် ယုံကြည်ခြင်းတစ်ခုတည်းသာလျှင် လိုအပ်သည်ကို နားလည်စရာရှိပေသည်။ ကျွန်ုပ်တို့၏ လုပ်ဆောင်သမျှသော အရာရာတို့၏ ထပ်မံပေါင်းထည့်ခြင်းများကြောင့် ကယ်တင်ခြင်းသို့ရောက်ရသည် မဟုတ်ပါ။ ယုံကြည်ခြင်းနှင့် ကျင့်ဆောင်သမျှသော ပညတ်တရားများ၊ ယုံကြည်ခြင်းနှင့် မိမိလုပ်ဆောင်မှုအပေါ် မူတည်နေသော ချစ်ခြင်းများ မေတ္တာများ စသဖြင့် လားလားမျှမဆိုင်ပါ။
ဧဖက်တွင်တိတိကျကျဖော်ပြထားသော "ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ" ဟူသည်ကို စေ့စေ့ကြည့်ကာ ဆင်ခြင်ဖို့ရန်အရေးကြီးသည်ကို နားလည်စေချင်ပါသည်။ ထို့ကြောင့် ငါတို့က ယုံကြည်ခြင်းနှင့် ချစ်ခြင်းကြောင့်၊ ငါတို့က မေတ္တာပြလို့၊ ငါတို့၏ လုပ်ဆောင်သမျှအရာရာကြောင့် ကယ်တင်ခြင်းသို့ရောက်သည်ဟု ထင်မိနေလျှင်တော့ ခရစ်တော်၏ အသေခံခြင်းသည် အချည်းနှီးသက်သက်ပင်ဖြစ်နေပေတော့မည်မဟုတ်ပါလား။
ဂလာတိဩဝါဒစာ ၂:၂၁
ဘုရားသခင်၏ကျေးဇူးတော်ကိုငါမပယ်။ ပညတ်တရားကိုအမှီပြု၍ ဖြောင့်မတ်ရာသို့ ရောက်နိုင် လျှင် ခရစ်တော်သည်အချည်းနှီး အသေခံတော်မူပြီ။
အချို့ကလည်း ရှင်ယာကုပ်ဩဝါဒစာမှ "အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် အသေ" ဟူသည့်အချက်ကိုယူပြန်၍ ကယ်တင်ခြင်းအတွက် ထိုအကျင့်လိုအပ်သည်ဟုယူကာ ထိုအကျင့်သည်ပင်လျှင် "ချစ်ခြင်းမေတ္တာ" ဟူ၍ နာမည်တပ်ပြန်၏။ အဘယ့်ကြောင့်ဆိုသော် (၁ကော ၁၃:၁၃) ၏ "ယခုတွင်ယုံကြည်ခြင်း၊ မြော်လင့်ခြင်း၊ ချစ်ခြင်း၊ ဤသုံးပါးတည်လျက် ရှိ၏။ ဤသုံးပါးတို့တွင် ချစ်ခြင်း၊ မေတ္တာသည် အမြတ်ဆုံးဖြစ်သတည်း" ဟူသောအချက်နှင့်ပေါင်းထည့် ဆွဲယူ၍ ယူဆကာ ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာပေါင်းထည့် လုပ်ဆောင်ခြင်းသည် ကယ်တင်ခြင်းဟူ၍ ယူဆလိုက်ခြင်းဟုလည်းနားလည်ထားကြဟန် တူ၏။ (နားလည်လွယ်အောင်ဆိုရလျှင် "ကောင်းမှုပေါင်းထည့်ခြင်း၊ ကုသိုလ်ပြုခြင်း၊ မေတ္တာပြလုပ်ဆောင်ခြင်း" ဟူ၍လည်း အမည်တပ်လျှင် တပ်ကြသေးသည်။)
သို့သော်လည်း ထိုအချက်များကို အနက်ဖွင့်ရာတွင် မှားယွင်းစွာအနက်ဖွင့်ခြင်းဟု နားလည်ရသည်။ ဥပမာ ရှင်ယာကုပ်ဩဝါဒစာသည် မည်သည့်အခြေအနေတွင် မည်သူတို့အား မည်သည့်အကြောင်းအရာများကြောင့် ရေးသားထားသည်ကိုလည်း သိထားရမည်။ အကျဥ်းအားဖြင့်ဆိုရလျှင် ထိုကာလအချိန်တွင် လောကသားများ၏ အသက်ရှင်ခြင်းအတိုင်း အသက်ရှင်ကြခြင်းများ၊ အနှိပ်စက်ခံရချိန်ကာလတွင် မည်သို့ရှင်သန်ရမည် စသဖြင့်သတိပေးထားခြင်းဖြစ်မည်။ ထို့ကြောင့် "ကယ်တင်ခြင်း" ရလျှင်ပြီးပြီ၊ လောကသားများကဲ့သို့ကြိုက်သလိုနေထိုင်မည်ဟူသည့် သူများအား သွန်သင်ထားခြင်းတစ်ခု အပါအဝင်ဖြစ်သည်ဟူ၍လည်း နားလည်ရသည်။
သမ္မာကျမ်းစာကို အနက်ဖွင့်ရာတွင် ကိုယ်လိုချင်ရာကိုသာ ရွေးယူ၍ ကိုယ်အလိုရှိရာကိုသာ ချိန်တွယ်ပြောဆိုခြင်းသည် အန္တရာယ်ရှိသော ဖွင့်ဆိုချက်ဖြစ်သည်။ ထိုကျမ်းစာသည် မိမိတို့အား တိုက်ရိုက်ပြောဆိုဖို့ရန် ရေးသားထားခြင်းမဟုတ်သည်ကိုလည်း သတိပြုရန်လိုသကဲ့သို့ ထိုခေတ်ကာလ၏ အခြေအနေ၊ ရေခံမြေခံသဘောတရားများ၊ ယဥ်ကျေးမှုဓလေ့ထုံးစံတို့နှင့် မည်သူက မည်သူ့ကို မည်သည့်အချိန်ကာလတွင် မည်သည့်အတွက်ကြောင့် ပြောဆိုသနည်းဟူသည့် အရာများကိုလည်း ထည့်သွင်းစဥ်းစားရမည်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရသော် ကယ်တင်ခြင်းသည် ယုံကြည်ခြင်းအားဖြင့် ကျေးဇူးတော်ကြောင့်သာဖြစ်သည်။ မေတ္တာတော်ရှင်ဘုရားကို ယုံကြည်လက်ခံ၍ အသက်တာပြောင်းလဲလာသော ခရစ်ယာန်အသက်တာ၏ အသက်ရှင်ခြင်းသည် ထိုသခင်ဘုရားနှင့် ဆက်သွယ်မှုရှိနေသောကြောင့် ထိုဘုရားထံမှလာသော ချစ်ခြင်းမေတ္တာများသည် ပြန်လည်စီးထွက်သည်။ ထို့ကြောင့် ခရစ်ယာန်အသက်တာ၌ ချစ်ခြင်းမေတ္တာပါဝင်နေသည်၊ မေတ္တာပြသည်၊ ဖေးမသည်၊ ပါဝင်ကူညီတတ်သည်။ ထို့ကြောင့် "နှစ်ခြင်းခရစ်ယာန်တို့သည် ယုံကြည်ခြင်းတစ်ခုပဲ မေတ္တာမပါ" ဟူသော လိုရာဆွဲ၍ပြောဆိုထားသော ဗီဒီယိုဖိုင်တစ်ခုအား ရှုံ့ချလိုပါသည်။ ထိုသို့ဆိုခြင်းသည်ပင်လျှင် "Saving Faith and Living Faith" ကိုနားမလည်သောကြောင့်ဟုပင် ကျွန်ုပ်ယူဆမိသည်။
ကျွန်ုပ်တို့၏ မေတ္တာပြခြင်းများသည် ကယ်တင်ခြင်းရရန်အတွက်လုပ်ဆောင်ခြင်းမဟုတ်သလို၊ ကယ်တင်ခြင်းရပြီးသည်ဖြစ်၍ ထိုဘုရားထံမှစီးဆင်းသော ချစ်ခြင်းမေတ္တာကိုခံစားရသောကြောင့်သာ ပြန်လည် မေတ္တာပြခြင်း ပြန်လည်စီးထွက်ခြင်းများဖြစ်သည်ကို နားလည်နိုင်ဖို့ရာ ဘုရားရှင်ကောင်းကြီးရှိပါစေ။ သို့မဟုတ်လျှင် ကယ်တင်ခြင်းမရသေးသည့် အခြားသောသူများပင်လျှင် သာ၍မေတ္တာပြတတ်၊ သာ၍သည်းခံတတ်ကြသည်ကို သိကြပေလိမ့်မည်ဟုထင်ပါသည်။
ထိုအရာများကို အလွဲယူ၍ မိမိ၏ချစ်ခြင်းမေတ္တာပါမှ ကယ်တင်ခြင်းပြည့်စုံမည်ဆိုလျှင်တော့ ကျွန်ုပ်တို့၏ ကြိုးစားလုပ်ဆောင်မှုများ အားထုတ်ခြင်းများပါဝင်နေပေတော့မည်မဟုတ်ပါလား။ ဘုရားသခင်ထံမှလာသော ချစ်ခြင်းမေတ္တာမပါဝင်ဘဲ သင်မည်မျှ မေတ္တာပြနိုင်မည်နည်း၊ မည်သို့ ချစ်နိုင်မည်နည်း ...
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet