January 15, 2025

သခင့်လို သနားစုံမက်​သောသူ

ဘာသာ​ရေး​ကြောင့် စစ်မက်​တွေဖြစ်ခဲ့ရတယ်၊ ဘာ​သာ​ရေး​ကြောင့် မျက်စိပိတ်နားပိတ်ဖြစ်ကာ မိစ္ဆာ​ပ​ရောဖက်​တွေ​နောက် လိုက်မိကြတယ်၊ ဘာသာ​ရေး​တွေ လူမျိုး​ရေး​တွေအ​ကြောင်းပြရုံဖြင့် လူ​တွေကို ဆွဲ​​ဆောင်နိုင်တယ်ဆိုတာက​တော့ လတ်တ​​လော အ​မေရိကန်အ​ရေးကိုကြည့်ရုံဖြင့် သတိထားစရာဖြစ်လာပါတယ်။ ပုဂ္ဂိုလ်စွဲခြင်း​ကြောင့် များစွာ​သော ​ဝေဖန်ခြင်းကိုခံရနိုင်သကဲ့သို့ အချို့ကလည်း သတင်းအမှားကို သမ္မာတရားနှင့်ဆိုင်၍ မုသာသုံးကာ ​ပြောတတ်ကြ​သေး၏။ ထိုသို့​သော မုသာသုံး​သော ခရစ်ယာန် မီဒီယာ​တွေကို ​ဝေး​ဝေး​ရှောင်ပါဟုဆိုချင်ပါသည်။ 

တခါတ​လေမှာ​တော့ ဘာသာ​ရေး​ဘက်ကို စိတ်အားကြီးခြင်းသည် ​​ပေါလုတဖြစ်လဲ ရှောလုကဲ့သို့ပင် ဖြစ်​ချေသည်။ ခရစ်ယာန်များသည် ထိုသို့ဖြစ်လျှင် ​မေတ္တာဓါတ်​ပျောက်ကာ ​ယေရှုခရစ်​တော်၏ အင်မတန်ငြိမ်းချမ်းလှ​သော ဧဝံ​ဂေလိ ရန်ငြိမ်းခြင်းတရားဖြစ်တဲ့ ကယ်တင်ခြင်းတရားကိုပင် လူ​များ​ကြောက်လန့်​ကာ ​ဝေးစွာဖယ်​ရှောင်သွားစေနိုင်​လေသည်။ 

​ယေရှုခရစ်​တော်ကိုပင် ဘာသာ​ရေးအ​ကြောင်းပြကာ အပြစ်ရှာကြခဲ့​ခြင်းသည် ကျွန်ုပ်တို့၏ သတိမူစရာတစ်ခု ဖြစ်လို့လာခဲ့သည်။ အဘယ့်​ကြောင့်ဆို​သော် ဖြစ်ပျက်​နေ​သော အရာရာတိုင်းသည် ဆင်ခြင်ရန်ဖြစ်​နေ​သော​ကြောင့်ပင်မဟုတ်ပါလား။ 

တစ်​နေ့​သော အချိန်တွင် တရားစရပ်တစ်ခု​၏ အမိုးအောက်၌ လက်တစ်ဖက်​သေ​သောသူတစ်ဦးရှိသည်ကို ​ယေရှုခရစ်​တော် အနာကိုငြိမ်း​စေမလား၊ ချမ်းသာမ​ပေးဘဲ​နေမလားဆိုတာကို သတိထားကာ ​စောင့်ကြည့်​နေကြသူများစွာရှိ​နေသည်။ အဘယ့်​ကြောင့်ဆို​သော် ထို​နေ့သည် ဥပုသ်​နေ့ဖြစ်၏။ ထို​နေ့​ရက်တွင် မည်သူမျှ အစားကိုမစား၊ အလုပ်ကိုမလုပ်၊ မီးခိုးတိတ်တံခါးပိတ် "ဂျိတ်" ဟု​​နေကြ​သောနေ့ရက် ဖြစ်​ချေသည်။ 

အပြစ်တင်ရန်​စောင့်​နေကြသူများသည် ဘာသာတရားကိုသာ လက်ကိုင်ထားကြသူများဖြစ်ကာ သူတပါးကို ​မေတ္တာထားတတ်ဟန်မတူ၊ သနားခြင်းကရုဏာစိတ်မရှိ၊ မိမိဘာသာကိုသာ စိတ်ထဲရှိဟန်တူသည်ကို ကျွန်ုပ်တို့ ခန့်မှန်းနိုင်သည်။ "စိတ်နှလုံး နူးညံ့သိမ်​မွေ့​သောသူတို့သည် မင်္ဂလာရှိ​ကြောင်း၊ သနားစုံမက်​သောသူတို့သည် မင်္ဂလာရှိ​ကြောင်း" ကို​တော့ သူတို့​မေ့​နေ​လေရဲ့။ 

ရှင်မာကုခရစ်ဝင် ၃:၄
ဥပုသ်နေ့၌ ကျေးဇူးပြုအပ်သလော၊ သူ့အကျိုးကိုဖျက်ဆီးအပ်သလော၊ အသက်ကို ကယ်အပ်သလော၊ သတ်အပ်သလောဟု ပရိသတ်တို့အား မေးတော်မူလျှင်၊ ထိုသူတို့သည် တိတ်ဆိတ်စွာနေကြ၏။ 

​ယေရှုက​တော့ တစ်ခွန်းတည်းပြန်​မေးပါတယ်။ ဥပုသ်ဆို​သော​နေ့တွင် ​ကျေးဇူးပြုသင့်သလား၊ သူ့အကျိုးဖျက်သင့်သလား၊ အသက်ကိုကယ်သင့်သလား၊ သတ်သင့်သလား ဟုဆိုရာတွင်​တော့ ထိုသူတို့၏ နှုတ်ဆိတ်​နေခြင်းသည်ပင်လျှင် သူတို့၏ ဘာသာ​ရေး အတ္တကိုသာ ကျယ်​လောင်စွာ ဟစ်​အော်ခြင်းဖြစ်​နေ​တော့မည်​လော။ 

ယ​နေ့ ကျွန်ုပ်တို့က​ရော ဘာသာ​ရေးကိုသာ အ​ကြောင်းပြကာ လူ​တွေနာကျဥ်​စေမည်​လော၊ သမ္မာတရားဟု​အော်ကာ မသမ္မာတရားကို မျက်စိမှိတ်ကြည့်​နေမိ​သ​လား၊ ချစ်ခြင်း​မေတ္တာဟုဆို​သော်လည်း ခွဲခြား​နေတုန်းလား၊ ငြိမ်းချမ်းခြင်းဟုဆိုကာ အကြမ်းဖက်ခြင်းကို အား​ပေးမိ​နေသလား၊ ငြိမ်ဝပ်ခြင်းချမ်းသာဟု​ပြောကာ ကိုယ်တိုင်အကြမ်းဖက်​နေသလား၊ ယုဒလူမရှိ ​ဟေလသလူမရှိ ကျွန်မရှိ ​ယောကျ်ားမရှိ မိန်းမမရှိ ဆို​နေ​ပါ​သော်လည်း ကျားမ​တွေခွဲခြားကာ ​ဂေး​တွေဘာ​တွေ အလက်ဂျစ်ထ​နေတုန်းပဲလား။ 

​ကျွန်ုပ်တို့ယုံကြည်သူခရစ်ယာန်များသည် ယေရှုခရစ်​တော်ကို အပြစ်တင်ရန် ​စောင့်ကြည့်​နေ​သောသူ​တွေကဲ့သို့ "စိတ်နှလုံး နူးညံ့သိမ်​မွေ့​သောသူတို့သည် မင်္ဂလာရှိ​ကြောင်း၊ သနားစုံမက်​သောသူတို့သည် မင်္ဂလာရှိ​ကြောင်း" ကို​တော့ မ​မေ့ကြစို့နဲ့ရယ်။ 

ဘာသာ​ရေးသည် ဘိန်းလိုပဲ စွဲတယ်၊ ဘာသာ​ရေးသည် ဘက်လိုက်တတ်တယ်၊ ဘာသာ​ရေးသည် ​မေတ္တာတရားကို ဖုံးမှန်းမသိ ဖုံးသွားတတ်တယ်၊ ဘာသာ​ရေးသည် မတရားမှုကို မသိချင်​ယောင်​ဆောင်​နေတတ်တယ်၊ ဘာသာ​ရေးသည် ပုဂ္ဂိုလ်စွဲကို ဖြစ်​စေတယ်၊ ဘာသာ​ရေးသည် လူတစ်​ယောက်ကိုပဲ မြင်​စေတယ်၊ ဘာသာ​ရေးသည် သမ္မာတရားကို ​မေ့​စေတယ်၊ ဘာသာ​ရေးသည် သခင်​ယေရှုခရစ်​တော်ကို ​မေ့​နေတတ်တယ် ဒါ့​ကြောင့် သခင့်ကိုသာကြည့်ပါ ထိုသခင်သည် သနားကြင်နာ​သောစိတ်၊ ကရုဏာစိတ်၊ ချစ်တတ်​သောစိတ်၊ တရား​သောသ​ဘော၊ ​ဖြောင့်မတ်​သောသ​ဘောနှင့် ပြည့်စုံသည်ဖြစ်၍ ထိုသခင်မြင်သည့်အတိုင်း မြင်တတ်​သောသူ၊ ထိုသခင်သည် ဥပုသ်​နေ့တွင် လူကိုကယ်သကဲ့သို့ ဘာသာ​ရေးကို​ကျော်လွန်၍ ​ကျေးဇူးပြုတတ်​သောသူဖြစ်ပါ​စေ။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next