စိုးရိမ်ခြင်းရှိသမျှ

ဒီနေ့ဒီအချိန်မှာခေတ်စားနေသောရောဂါဖြစ်သော Covid-19 ပေါ့နော် ... ဒီရောဂါကိုကုသဖို့လဲဆေးမရှိသေးသလို၊ကာကွယ်ဆေးလဲမရှိပါဘူး။ ဒါပေမယ့် ဒီသတင်းတွေကိုပဲကြည့်ပြီး ကြောက်နေဖို့မဟုတ်ဘူးဆိုတာကိုသတိချပ်ဖို့လိုပါတယ်။
သင့်ရဲ့ကြောက်တဲ့စိတ်၊စိုးရိမ်စိတ်၊ပူပန်စိတ် အစရှိသဖြင့် ဒါတွေဟာဘုရားသခင်ဆီကလာသောအရာမဟုတ်ပါဘူးဆိုတာကိုနားလည်ထားဖို့ရှိပါတယ်။
ဘုရားသခင်ကတော့ သင့်ကို ချစ်တတ်သောစိတ်သဘော၊တန်ခိုးပါသောစိတ်၊ရှင်းလင်းသောစိတ်သဘောကိုပဲပေးတယ်ဆိုတာကို နှုတ်ကပါတ်တော်တစ်ချက်မှာ ဒီလိုပြောထားပါတယ်။
တိမောသေဩဝါဒစာ ဒုတိယစောင် ၁:၇
အကြောင်းမူကား၊ ဘုရားသခင်သည် ကြောက်တတ်သော စိတ်သဘောကို ငါတို့အား ပေးတော်မူ သည်မဟုတ်၊ တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်းသောစိတ်သဘောကို ပေးတော်မူ၏။
လောကမှာမြင်ရသောအရာတွေကိုမြင်ရင်တော့ကြောက်စရာကောင်းသလို၊စိုးရိမ်ပူပန်စရာပဲဆိုတာဟုတ်ပါတယ်။
ဒါပေမယ့် ဒါတွေရဲ့အထက်ကဘုရားသခင်ကိုမြင်တတ်စေဖို့အရေးကြီးပါတယ်။ကျွန်တော်တို့ယုံကြည်သူတွေနဲ့အတူရှိသောဧမာနွေလဘုရားဖြစ်တယ်၊ငါသည်သင့်ကိုမစွန့်၊အလျင်းပစ်၍မထားဘူးလို့ဆိုသောဘုရားပါ။ဒီကြောက်စရာလို့ထင်နေရသောအခက်အခဲအတားအဆီးကြီးတွေကြားထဲကနေ ကျွန်တော်တို့ဟာကြံ့ကြံ့ခိုင်ခံ့လျှက် ဘုရားသခင်၏ထောက်မခြင်းကိုခံစားဖို့ရှိသေးတယ်ဆိုတာကိုနားလည်စေချင်ပါတယ်။ ဒါတင်မကသေးပဲနဲ့ သူတပါးအတွက်ကိုလဲ အားပေးတတ်သူ၊ဖေးကူသူ၊ကျေးဇူးပြုတတ်သောသူ၊ကောင်းကြီးပေးသောသူဖြစ်စေဖို့ဘုရားသခင်အလိုတော်ရှိတာဖြစ်တယ်။
ဟေရှာယအနာဂတ္တိကျမ်း ၄၁:၁၀
မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာရှိ၏။ မကြောက်နှင့်။ သင်၏ဘုရားသခင် ငါသည် သင့်ကိုခိုင်ခံ့စေမည်။ သင့်ကို စောင့်မမည်။ ငါ့သစ္စာလက်ျာလက်ဖြင့် ထောက်ပင့်မည်။
ဒါကြောင့်မို့လို့ နှုတ်ကပါတ်တော်လာသည်အတိုင်း ယုံကြည်သူတွေဖြစ်သောကျွန်ုပ်တို့ရဲ့စိုးရိမ်ခြင်းရှိသမျှကိုအသက်ရှင်သောဘုရားဆီကိုအပ်ခြင်းဖြင့် ကျွန်တော်တို့ထမ်းရွက်ရသောဝန်ကိုပေါ့စေမှာဖြစ်တယ်။
ဟေရှာယအနာဂတ္တိကျမ်း ၄၁:၁၈
မြင့်သောအရပ်တို့၌ မြစ်ကိုလည်းကောင်း၊ နိမ့်သောအရပ်တို့၌ စမ်းရေကိုလည်းကောင်း ငါပေါက်စေမည်။ တောအရပ်၌ ရေကန်များကိုလည်းကောင်း၊ သွေ့ခြောက်သောအရပ်၌ စမ်းရေတွင်းများကိုလည်းကောင်း ငါဖြစ်စေမည်။
တော၌လမ်းကိုဖြစ်စေသောဘုရား၊ Kings Of King / Lords Of Lord / Nothing Is Impossible With GOD ဆိုတာကိုသတိချပ်ပါ။ ဒါတွေတင်မကသေးပါဘူး ... ဘုရားသခင်၏တတ်နိုင်ခြင်းကိုလဲမမေ့ပဲလျှက်၊စိုးရိမ်ခြင်းရှိသမျှကိုလက်တော်၌အပ်ပြီး စစ်မှန်သောနှုတ်ကပါတ်တော်ကိုစေ့စေ့ကြည့်သောအသက်တာတွေဖြစ်စေဖို့ရာ အနည်းငယ်ဝေမျှခွန်အားပေးချင်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။