ပဋိပက္ခ - ၂၉
ကျွန်ုပ်တို့နေထိုင်ရာ မည်သည့်နေရာမှာပင်ဖြစ်စေ လူမှုပတ်ဝန်းကျင်၊ လူမှုအသိုင်းအဝိုင်း၊ လုပ်ငန်းခွင်၊ မိသားစုအသိုင်းအဝိုင်း၊ အသင်းတော်အသိုင်းအဝိုင်း စသဖြင့် ဆက်နွယ်ကြရသကဲ့သို့ ပတ်သက်ပြောဆိုကြရသည်မှာ မြေကြီးလက်ခပ်မလွဲပေ ...
ဤသို့ ပြောဆိုဆက်ဆံကြသည့်အခါတွင်ဖြစ်စေ၊ အကြံပြုဆွေးနွေးကြသည့်အခါ၌ဖြစ်စေ၊ မည်သို့သော စကားဝိုင်းပင်ဖြစ်စေကာမူ အဆင်ပြေသည့်အချိန်ရှိသည့်တိုင် အဆင်မပြေဖြစ်တတ်ကြသော အချိန်အခါသည်လည်း ရှိတတ်ကြစမြဲပင်။
ထိုအဆင်မပြေကြသည့် အခိုက်အတန့်တို့သည် မည်သို့မည်ပုံ ကြီးထွားတတ်ကြသည်ကို သတိမပြုမိသည့်နောက် ကျွန်ုပ်တို့၏ ဆက်ဆံရေးရပ်ဝန်းလေးသည် ပြိုပျက်စပြုကာ ပျက်သုဥ်းသွားသည်အထိလည်း ဖြစ်တတ်ပေသေး၏။
ထိုအဖြစ်သည် ကျွန်ုပ်တို့၏ ဇာတိသဘောများဖြစ်သော ရန်တွေ့လိုသည့်စိတ်၊ ဂုဏ်ဆာခြင်း၊ နာမည်ကြီးလိုခြင်း၊ နေရာယူလိုခြင်း၊ တကိုယ်ကောင်းဆန်ခြင်း၊ တပ်မက်တတ်သောသဘောများနှင့် မနာလိုခြင်း စသဖြင့် အမျိုးမျိုးပင် ...
ထိုပဋိပက္ခ၏ အရင်းအမြစ်အား ကျွန်ုပ်တို့သည် ကာကွယ် တားဆီးနိုင်သကဲ့သို့ ဖြေဆေးလည်း တိုက်ကျွေးနိုင်သည် သို့သော် လိုက်လျှောက်ကျင့်သုံးခြင်း အသက်တာတော့ လိုအပ်ပေလိမ့်မည်မဟုတ်ပါလား။
၎င်း၏အဖြေမှာ ထိုသို့သော ဇာတိစိတ်သဘောများအား ချိုးနှိမ်၍ သတိထားပယ်ရှားကာ နှုတ်ကပတ်တော်မှ လမ်းညွှန်သည်အတိုင်း လိုက်လျှောက်ခြင်းတည်း။
မည်သို့သောစကားဝိုင်း၊ ဆွေးနွေးခြင်း၊ ပြောဆိုဆက်ဆံကြခြင်းတို့တွင် တစ်ယောက်အောက်တစ်ယောက် နှိမ့်ချစွာ ပြောဆိုခြင်း၊ သူတပါးအား ဦးစားပေးခြင်းတို့မည်သည် တွေးကြည့်လျှင်ပင် အေးချမ်းလွန်းလှသည်။
ဖိလိပ္ပိဩဝါဒစာ ၂:၃-၄
ရန်တွေ့လိုသောစိတ်၊ အချည်းနှီး ကျော်စောကိတ္တိကို တပ်မက်သောစိတ်ရှိ၍ အဘယ်အမှုကို မပြုကြ နှင့်။ သူတပါးသည် ကိုယ်ထက်သာ၍ ကောင်းမြတ်သည်ဟု နှိမ့်ချသော စိတ်ရှိ၍ တယောက်ကိုတယောက် ထင်မှတ်ကြလော့။
ကိုယ်အမှုအရာကိုသာ မရှုမမှတ်ဘဲ၊ သူ့အမှုအရာကို အချင်းချင်းရှုမှတ်ကြလော့။
ထို့ကြောင့် မည်သည့်နေရာတွင်ဖြစ်စေ ဇာတိစိတ်သဘောများအား ဖယ်ရှားတတ်သော နှိမ့်ချခြင်းအသက်တာသည် ထိုအဆိပ်အတောက်အား ကာကွယ်ခြင်းနှင့် ကုသခြင်းဖြစ်စေသည့်နည်းတူ သူတပါးအား ဦးစားပေးတတ်သော အသက်တာသည်လည်း ထိုဖြေဆေးအား ပိုမိုအားကောင်းစေရန် ဖြည့်စွမ်းပေးသော ဓါတ်စာတစ်ခုဟုပင် ဆိုရပေဦးတော့မည်။
ဤမည်သော သမ္မာကျမ်းလာ လမ်းညွှန်ချက်သည် မိမိတို့၏ လူမှုပတ်ဝန်းကျင်၌သော်လည်းကောင်း၊ လုပ်ငန်းခွင်၌သော်လည်းကောင်း၊ အသင်းတော်နှင့် မိသားစု၌ပါမကျန် မည်သည့်နေရာတွင်မဆို လိုက်လျှောက်အသက်ရှင်ရန် လိုအပ်လျှက်ရှိသော အချက်များထဲမှ တစ်ခုပင်ဖြစ်သည်ကို ဆင်ခြင်ရင်း ...
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet