မျှော်လင့်စရာမရှိတော့ဘူးလား

လူတိုင်းလူတိုင်းဟာ လောကဒဏ်ဆိုတာကို ရင်ဆိုင်ကြရတယ်။ နေပူရှိန်ကို တူတူခံရသလို၊ မိုးရွာရင်လဲ အတူတူပါဘဲ။ ကောင်းသောသူ၊ ဆိုးသောသူတွေရဲ့အပေါ်မှာ နေကိုပူ၊ မိုးကိုရွာတာတွေလဲ အတူတူပါဘဲလား။ ကျားကြီးခြေရာကြီး၊ ကြွက်ဆိုလဲ ကြွက်အလျှောက်ပေါ့လေ အရာရာဟာ သူ့အတိုင်းအတာနဲ့သူရှိတယ်ဆိုတာကိုနားလည်ရတယ်။ သူလဲ သူ့အပူနဲ့သူ၊ ကိုယ်လဲ ကိုယ့်အပူနဲ့ကိုယ်ဆိုတာနဲ့ပါလားပေါ့။ ဒီလိုပါဘဲ လူတိုင်းလူတိုင်း စိတ်ပျက်အားငယ်ရချိန်တော့ ရှိတတ်ကြပါတယ်။
စိတ်ညစ်လွန်းလို့၊ စိတ်ဓါတ်ကျလွန်းလို့၊ မျှော်လင့်စရာမရှိတော့လို့၊ စသဖြင့်တွေကြောင့် မိမိကိုယ်ကိုအဆုံးစီရင်သွားတာမျိုးတွေလည်း လောကကြီးမှာရှိကြပါတယ်။ ဒါပေမယ့် ဒီလိုအခြေအနေနဲ့မထွက်ခွာသွားကြဖို့၊ အသက်ရှင်နေသေးသ၍ မျှော်လင့်စရာရှိပါသေးတယ်၊ သင့်ကို နှမြှောတော်မူသော ဘုရားရှိတယ်ဆိုတာကို အားပေးချင်တယ်။ သင်နာကျင်ခံစားနေရရင်၊ မျှော်လင့်စရာမရှိတော့ဘူးလို့ထင်နေရင်၊ စိတ်ဓါတ်ကျအားပျက်နေရရင် ထိုကဲ့သို့မလုပ်မိခင်မှာ မြည်းစမ်းကြည့်ဖို့ဖိတ်ခေါ်ချင်ပါတယ်။
ဧလိယကြီးဟာ ဗာလရဲ့ပရောဖက်တွေကို နှိမ်နင်းခဲ့တာလဲသူပဲ။ သူ့ကိုကျီးကန်းနဲ့အစာကျွေးတာ၊ အစာခေါင်းပါးတာတောင် မုဆိုးမသားအမိနဲ့ မုန့်ကိုစားစေတာ၊ မုန့်ညက်မကုန် ဆီမကုန်စေတာ စသဖြင့် သူလဲသိနေတာဘဲဖြစ်တယ်။ ဒါပေမယ့် ယေဇဗေလက ဧလိယကို သတ်မယ်လို့ဆိုတဲ့အခါ သူစိတ်ဓါတ်ကျခဲ့တယ် ကြောက်လွန်းလို့ ထွက်ပြေးခဲ့တာကိုလဲ တွေ့ရပြန်တယ်။ သူသေချင်လောက်အောင် မျှော်လင့်စရာမဲ့တယ်လို့ခံစားရတယ်၊ ကြောက်တယ်၊ သူနဲ့ယှဥ်နိုင်စရာမရှိတဲ့အတွက် စိတ်ညစ်တယ် စိတ်ဓါတ်ကျတယ် ဆိုတာကိုတွေ့ရပါတယ်။
ဓမ္မရာဇဝင် တတိယစောင် ၁၉:၄
သူ့ကိုယ်တိုင်သည် တောသို့ တစ်နေ့ခရီးသွားပြီးလျှင်၊ ရသမ်ပင်အောက်သို့ ရောက်၍ ထိုင်လေ၏။ ထိုအခါ ကိုယ်အသက် သေရမည်အကြောင်း ဆုတောင်းလျက်၊ အိုထာဝရဘုရား၊ ယခုတန်ပါ၏။ အကျွန်ုပ်အသက်ကို သိမ်းယူတော်မူပါ။ အကျွန်ုပ်သည် ဘိုးဘေးတို့ထက် သာ၍မကောင်းပါဟု မြည်တမ်းပြီးလျှင်၊
ဒီလောက်ထိသေချင်တယ်ဆိုတာမြင်ရတယ် သို့သော် သူ့ဆီဘုရားစကားရောက်လာတော့ သူပြောင်းလဲတယ်ဆိုတာကိုတွေ့ရပါတယ်။ ၂ကြိမ်ကောင်းကင်တမန်က ထခိုင်းတယ် အစားစားခိုင်းတယ်၊ ခရီးဆက်ခိုင်းတယ်ဆိုတာကိုတွေ့ရသလို၊ ရက်လေးဆယ် ခရီးသွားပြီး ဟောရပ်တောင်ကိုရောက်တယ်၊ ဥမင်ထဲမှာ နေနေတယ်ဆိုတာကိုတွေ့ရပါတယ်။ ဒီလိုနဲ့ ထာဝရဘုရားနဲ့နှုတ်ကပါတ်တော် ရောက်လာတဲ့အခါမှာ သူဟာအားပြည့်သွားတယ်၊ ပြန်လန်းဆန်းတယ်၊ ပြောင်းပြန်လှန်လိုက်သလိုကိုဖြစ်သွားတာကိုတွေ့ရပါတယ်။
ဓမ္မရာဇဝင် တတိယစောင် ၁၉:၁၅
ထာဝရဘုရားက၊ ဒမာသက်တောသို့ပြန်၍ ခရီးသွားလော့။ ရောက်သောအခါ ဟာဇေလကို ရှုရိရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေးလော့။
သူမနိုင်ဘူး၊ သူသေရပြီ၊ ပရောဖက်တွေအကုန်သတ်ခံရတယ် သူပဲကျန်တယ် မယှဥ်နိုင်တဲ့ပြိုင်ဖက်မို့ မျှော်လင့်စရာမရှိဘူး သူလဲသေချင်တယ်ဆိုတဲ့သူဟာ မျှော်လင့်စရာကိုပြန်ရရှိတဲ့အတွက် အားပြည့်ပြီးပြောင်းလဲသွားတာကိုတွေ့ရပါတယ်။ ဘာကြောင့်လဲ ... နှုတ်ကပါတ်တော်ရောက်လာလို့ဘဲဖြစ်တယ်ဆိုတာကိုနားလည်ရပါတယ်။ မိတ်ဆွေ သင့်အခက်အခဲပြဿနာအတွက် မျှော်လင့်စရာမရှိသောကြောင့် စိတ်ပျက်နေသလား၊ သေချင်လောက်အောင်ခံစားနေရသလား၊ ဒီကနေ့မှာ မြည့်စမ်းကြည့်ဖို့အခွင့်ရှိပါတယ်လို့ သင့်ကိုသခင်ယေရှုခရစ်တော်၏နာမ၌ ဖိတ်ခေါ်ချင်ပါတယ်၊ အသက်ရှင်တဲ့ဘုရားဟာ သင့်အခက်အခဲတွေ မျှော်လင့်စရာမရှိတဲ့အရာတွေအတွက် သင့်ကိုအဖြေပေးပါစေ။
ထာဝရဘုရား၏နှုတ်ကပါတ်တော်သည် ဧလိယထံသို့ရောက်လာတယ်လို့ဆိုသည့်အတိုင်း မျှော်လင့်စရာမရှိတော့ဘူးလို့ထင်နေရသော သင့်အခက်အခဲပြသာသနာအတွက် မျှော်လင့်စရာအဖြေသည် သင့်ထံသို့ရောက်လာပါစေ။ ကယ်တင်ရာနေ့ရက်သည် ယနေ့ပင်ဖြစ်သောကြောင့် မိတ်ဆွေက မြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ ...
***ယေရှုခရစ်တော်သည် ကျွန်တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်ပေါ်မှာအသေခံအသွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံတော်မူပြီးတော့ ကျမ်းစာလာသည့်အတိုင်း၃ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တာကို ယုံကြည်လက်ခံပါတယ်။ ***
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi