ပြိုလဲခြင်းသို့ရောက်သော လူမိုက်များ
လူမိုက်ဆိုသည်မှာ ကောင်းသည့်အရာကို သိသော်လည်း မကောင်းသည့်အရာကိုသာ ရွေးချယ်လုပ်ကိုင်ခြင်း၊ ကောင်းတာကိုသိသော်လည်း မကောင်းတာကိုသာ လက်မလွှတ်နိုင်ဖြစ်၍ ဆက်မှားနေခြင်းမျိုးကို ဆိုလိုသည်။ ထိုသည်မှာ လူမိုက်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ဟု အားလုံးသိကြမည်ဖြစ်သည်။
အနိုင်ကျင့်ခြင်းသည် မကောင်းမှန်းသိသော်လည်း အနိုင်ကျင့်သည်၊ ခိုးယူခြင်းသည် မကောင်းမှန်းသိသော်လည်း ခိုးယူသည်၊ သူ့အသတ်သတ်ခြင်းသည် မကောင်းမှန်းသိသော်လည်း သတ်သည်၊ ထိုသို့ ဒုစရိုက်အပြစ်များကို မကောင်းမှန်း သိသိရက်နှင့် လွန်ကျူးခြင်း ကျူးလွန်ခြင်းတွေသည်ပင်လျှင် လူမိုက်ဖြစ်ပေသည်ဟု လောကီအဓိပ္ပါယ်ဖွင့်ဆိုကြလေသည်။
တိရိစ္ဆာန်သဘာဝအတိုင်း ကြီးနိုင်ငယ်ညှဥ်းပြုခြင်းသည် မကောင်းမှန်းသိကြသော်လည်း လူစိတ်ပျောက်ကာ လူ့တိရိစ္ဆာန်ဟုပင်ခေါ်တွင်လောက်သည်အထိ မိုက်လုံးကြီးကြသော လူမိုက်များသည် ဤလောကကြီးတွင် မကောင်းမှန်းသိသိနှင့် မိုက်လုံးကြီးလျှက်နေကြသည်။ ထိုအရာများသည် လောကကြီးတွင် လူမိုက်အဓိပ္ပါယ်ဖွင့်ဆိုချက်အချို့ပင်ဖြစ်ချေသည်မဟုတ်ပါလား။
ရှင်မဿဲခရစ်ဝင် ၇:၂၆
အကြင်သူသည် ငါဟောပြောသော ဤစကားကိုကြား၍ နားမထောင်ဘဲနေ၏။ ထိုသူသည် သဲပေါ်မှာ အိမ်ဆောက်သော လူမိုက်နှင့်တူကြောင်းကို ငါပုံပြမည်။
တရားစကားကိုကြားထား၍ နားမထောင်ခြင်း၊ နှုတ်ကပတ်တော်သမ္မာတရားကို ကြားသိသော်လည်း လိုက်လျှောက်ခြင်းမရှိသော အသက်တာသည်ပင်လျှင် လူမိုက်ဖြစ်သည်ဟုနားလည်ရသည်။ ထိုသို့သောသူသည် စုံစမ်းသွေးဆောင်ခြင်းအမျိုးမျိုးကို ကြုံတွေ့ရလျှင် လဲပြိုကြမည့်လူမိုက်ပင်ဖြစ်ပေသည်။ မနာလိုခြင်း၊ လောဘလွန်ကျူးခြင်း၊ ရန်လိုခြင်း၊ မတရားသောမေထုန်၏ သွေးဆောင်ခြင်း၊ လောကီတပ်မက်ခြင်း စသဖြင့်အမျိုးမျိုးတို့၏ သွေးဆောင်ခြင်းများကို လွယ်လွင့်တကူ လဲပြိုကျမည့် လူမိုက်ဖြစ်ပေသည်မဟုတ်ပါလား။
မိုးရွာသဖြင့် ရေစီးခြင်း လေတိုက်ခြင်းကိုကြုံရသဖြင့် ပြိုလဲကျတတ်သော သဲပေါ်တွင်ဆောက်သော အိမ်ကဲ့သို့ လူမိုက်သည် ပြိုလဲကျပေမည်မဟုတ်ပါလား။ ကျွန်ုပ်တို့သည် နှုတ်ကပတ်တော်ကို ခံယူရမည်၊ နားထောင်ရမည်၊ နှလုံးသွင်းထားရမည် သို့မှသာလျှင် ကြားသော်လည်း နားမထောင်သည့် လူမိုက်နှင့်ကွဲပြားခြားနားမည်မဟုတ်ပါလား။
ကျွန်ုပ်တို့သည် နှုတ်ကပတ်တော်ကို ကြားသိရသော်လည်း နားမထောင်ခြင်း၊ တရားသောလမ်းကို သိသော်လည်း မတရားခြင်းကိုသာ လုပ်ဆောင်ခြင်း၊ ဓမ္မကိုသိသော်လည်း အဓမ္မ၌ရပ်တည်ခြင်း၊ မကောင်းမှန်းသိသော်လည်း မစွန့်လွှတ်နိုင်ခြင်း၊ သမ္မာတရားကိုသိသော်လည်း မလိုက်လျှောက်နိုင်သော လူမိုက်ဖြစ်နေပြီလားဆိုတာကို ယနေ့တွင် ဆင်ခြင်ကြည့်ပါစို့။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet