ပညာမဲ့သော ခရစ်ယာန်တို့

ဂလာတိအသင်းတော်ကို ကြည့်ရင် သူတို့ဟာ မိမိဘာကိုယုံကြည်တယ်၊ ဘယ်အရာက အရောအနှောမလုပ်ရ၊ ဘာက အလွဲဖြစ်တယ်၊ ကယ်တင်ခြင်းဧဝံဂေလိတရားဟာဘာလဲ၊ စသဖြင့် မိမိတို့၏ ခံယူယုံကြည်ချက်ကိုမသိကြပေ။ ဒါ့ကြောင့်လဲ အခြားသောဧဝံဂေလိတွေနောက်ပါသွားကာ လမ်းလွဲနေကြခြင်း၊ အလွဲယူကာအယူလွဲနေရခြင်းကိုမြင်တွေ့ရသောကြောင့် တမန်တော်ကြီးရှင်ပေါလုသည် ထောက်ပြပေးခြင်း၊ ရှင်းပြခြင်း၊ ကယ်တင်ခြင်းမလွဲရန် အလွဲကိုအလွဲလို့ပြတ်သားစွာ ပြောကာ အယူလွဲဘဝမှလွတ်စေရန် ထောက်ပြပေးခြင်းကိုတွေ့ရပါတယ်။
ဂလာတိဩဝါဒစာ ၁:၇
ထိုဧဝံဂေလိတရားသည် ဧဝံဂေလိတရားမဟုတ်။ သင်တို့ကို နှောက်ယှက်၍ ခရစ်တော်၏ ဧဝံ ဂေလိတရားကို မှောက်လှန်ချင်သောသူ အချို့ရှိကြ၏။
လက်ရှိကာလကျွန်တော်တို့ခရစ်ယာန်တွေနဲ့သာချိန်ထိုးကြည့်ရမည်ဆိုရင် ယေရှုကအမျိုးသမီးပါ၊ လူကဘုရားပြုတဲ့အမှုဥာဏ်မမှီဘူး ဒါ့ကြောင့် မိန်းမအဖြစ်ဆင်းကြွလာတာကို သင်တို့မသိနိုင်ဘူး၊ စသဖြင့်ဆိုလဲ ယုံတာပဲ၊ ပါသွားကြတာပဲ။ တချို့ကျပြန်တော့ ကယ်တင်ခြင်းရရင် အပြစ်လုပ်တာလဲကိစ္စမရှိတော့ပြန်ဘူး၊ ငါတို့ဆီလာပါ ကယ်တင်ခြင်းရမယ် တခြားမှာမရဘူး၊ ကယ်တင်ခြင်းက လျှို့ဝှက်နက်နဲလွန်းလို့ ငါတို့ဆရာကြီးတွေမှ ပေးနိုင်တယ်။ စသဖြင့်လျှောက်ပြောကြလဲ ယုံကြတာပဲ။ Dark Age ကဲ့သို့ ကျမ်းစာသာ ကိုင်ခွင့်မရ၊ ဖတ်ခွင့်မရှိရင် ဘယ်လောက်တောင် ဆိုးကြမလဲဆိုတာကို ဝမ်းနည်းစရာမြင်နေရသည်။ ထို Dark Age တွင် POPE တွေမှသာ ကယ်တင်ခြင်းပေးနိုင်ခြင်းတွေ၊ ကျမ်းစာမှာ နက်နဲလွန်း၍ တခြားလူဖတ်ခွင့်မရ၊ ကယ်တင်ခြင်းရရန် ငွေဖြင့်ဝယ်ရခြင်းမျိုးတွေ စသဖြင့် လုပ်စားကွက်များစွာရှိခဲ့ဖူးကြသည်။ ယခုတွင်မူ ထိုအရာများမရှိတော့ပေမယ့် ခရစ်ယာန်များသည် သမ္မာတရားကိုမသိ၊ စစ်မှန်သောဧဝံဂေလိတရားကိုနားမလည်၊ မိမိ၏ခံယူယုံကြည်ချက်ကိုမသိသောကြောင့် အပြစ်လုပ်လို့ရတယ်ဆိုလဲ အာမင်၊ ယေရှုသည်လူဘုရားမဟုတ်ဘူးဆိုလဲလက်ခံတယ်၊ ယေရှုနဲ့ခရစ်တော်ခွဲလဲယုံလိုက်တာပဲ၊ အပြစ်ကိုမျိုးစုံခွဲစိတ်ခန်းဝင်လဲလက်ခံတာပဲ၊ အမျိုးသမီးယေရှုခရစ်ဆိုလဲ နက်နဲတယ်လို့ယူဆကာ လက်ခံနေခြင်းသည် ဝမ်းနည်းစရာပင်ဖြစ်သည်။ ထိုအရာများကို ပြန်လည်ရှင်းပြ၊ ဝေဖန်ထောက်ပြသောသူ မှန်သမျှသည် ထိုအယူလွဲများ၏ အမုန်းနှင့်သမ္မာတရားမသိသော ထိုအယူလွဲနေသောသူများ၏ နောက်လိုက်ဖြစ်မှန်းမသိ ဖြစ်နေသော သူများ၏ မျက်မုန်းကျိုးခြင်းတော့ ခံရမည်ကိုသိသော်လည်း သမ္မာတရားဘက်၌ရပ်တည်ကာ ရှင်းပြနေကြသည်။
ထိုဂလာတိလူများကို ရှင်ပေါလုသည် ဧဝံဂေလိသမ္မာတရားနှင့်ပတ်သတ်၍ အခြားသောဧဝံဂေလိ လာပြောသောသူ မည်သူမဆို၊ မင်းပဲပြောပြော၊ ငါပဲပြောပြော၊ နောက်ဆုံး ကောင်းကင်တမန်လာပြောရင်တောင်မှ ကျိန်တော်မူခြင်းကိုခံစေဟု ပြတ်သားစွာပြောခဲ့သည်ကိုတွေ့ရသည်။ ဒါ့ကြောင့် ခရစ်တော်၏ စစ်မှန်သောဧဝံဂေလိတရားမဟုတ်ဘဲ အခြားသောအရာများနှင့် ရောနှောကာ နှောက်ယှက် မှောက်လှန်ချင်သောသူများရှိသည်ကို သတိထားစေချင်ပါတယ်။
ပညာမဲ့သော ဂလာတိလူတို့ဟုဆိုသည်အတိုင်း ရှင်ပေါလုသာယခုတွင်ရှိနေလျှင် ပညာမဲ့သောခရစ်ယာန်တို့ဟုဆို၍ ယေရှုသည် ခရစ်တော်မဟုတ်သလော၊ ဝိညာဥ်ဘယ်နှစ်လုံးခွဲသလော၊ ယေရှုနှင့်ခရစ်တော်ခွဲပြန်သလော၊ အမျိုးသမီးယေရှုဖြစ်သည်ဟု အယူလွဲတွေ မုသာ သုံးကြပြန်သလော၊ အပြစ်လုပ်လို့ရတယ်ဟုသွန်သင်ကြပြန်သလော၊ အပြစ်ခွဲစိတ်ခန်းဝင်ကြပြန်သလော၊ ကယ်တင်ခြင်းသည် အသင်းတော်နှင့်သင်းအုပ်ဆရာကပေးလို့ရသလော အစရှိသဖြင့် နားနားပြီးမေးကာ ( အဲ့ဒလောက် တုံးရသလား ခရစ်ယာန်တို့ရယ် ) ဟု သီချင်းလေးနှင့်မေးကာ မိစ္ဆာအယူလွဲဖြစ်သော အခြားသော ဧဝံဂေလိတွေနောက် လိုက်ရကောင်းလားဟု ကြေကွဲနေပါလိမ့်မယ်။
ဒါ့ကြောင့် လက်ရှိမှာ ယုံကြည်သူ၊ သမ္မာတရားသိသောသူ၊ ဆရာသမားများသည် ထိုကဲ့သို့အယူလွဲတွေနောက် မပါသွားစေရန်၊ ကယ်တင်ခြင်းလမ်းမှ မလွဲသွားစေရန် အမုန်းခံကာ ပြောဆို ရှင်းပြ ထောက်ပြဝေဖန်နေရခြင်းကို နားလည်စေဖို့ရန်နှင့် သမ္မာတရားကိုပိုင်းခြားနားလည် စေဖို့ရန် အနည်းငယ်တိုက်တွန်းခွန်အားပေးလိုက်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet