December 23, 2024

နာကျင်မှုများအား ရင်ဆိုင်ရခြင်း - အပိုင်း ၂

ယောသပ်သည်လည်း စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာပါ နာကျင်ခဲ့ရသူဖြစ်သည်။ အမျိုးအရင်းကြီးပါဟုဆိုရသူ ညီအကိုများ၏ (Jealousy) မနာလိုခြင်းကို ခံရသူ၊ လှည့်စားခြင်းကိုခံရသူသာမက ရောင်းစားခြင်းကိုပင် ခံစားခဲ့ရသူ တနည်းဆိုရသော် (Betrayed) ညီအကိုများ၏ သစ္စာဖောက်ခြင်းကို ခံစားခဲ့ရသူဖြစ်သည်။ သူ၏ ဒဏ်ရာသည်လည်း ပေါ့သေးသေးမဟုတ်ပါ။ ကျွန်အဖြစ်ရောင်းစားခံရခြင်းကြောင့် ဘဝကို ပင်ပန်းစွာဖြတ်သန်းခဲ့ရသူ ယောသပ်ခဗျာ နေ့ခင်းဘက်အလုပ်လုပ်ချိန်၌ နွေးထွေးမှုရှိသော မိမိအိမ်ကို မည်မျှလွမ်းကာ ညဘက်အိပ်ချိန်၌လည်း မည်မျှ ငိုကြွေး၍ မိဘနှစ်ပါးအား သတိရလွမ်းဆွတ်နေခဲ့မည်ကို မတွေးရဲစရာပင်ဖြစ်သည်။ အိပ်မက်ဆိုးများ ခဏခဏမက်ကာ အိပ်ပျက်ညများ အတော်များခဲ့မှာပါဟုပင် ယူဆမိပါသည်။ ထိုသို့ သူ၏ နာကျည်းချက်များနှင့် နာကျင်ခြင်းများသည် (Chronic Trauma) နာတာရှည် စိတ်ဒဏ်ရာတစ်ခုအဖြစ် ရှိခဲ့မည်လား ...

ဘုရားသခင်အား မပြစ်မှား၊ လူအားလည်း မပြစ်မှားခဲ့ပါသော်လည်း နေ့ချင်းညချင်း လျှင်မြန်လွန်းသည့် အလှည့်အပြောင်းကြီးတစ်ခုအား လည်စင်းခံခဲ့ရသူ ယောဘ၏ ဒဏ်ရာသည်လည်း နက်ရှိုင်းလွန်းလှသည်မှာ မြေကြီးလက်ခပ်မလွဲပါ။ စည်းစိမ်ချမ်းသာများ၏ ဆုံးရှုံးခြင်းသည် မျက်စိတမှိတ်၊ တချိန်တည်းတွင် သားသမီးများဆုံးရှုံးရခြင်းသည် နေ့ပင်မကူးလိုက်၊ ဤသည်မက အနာစိမ်းဝေသနာအားလည်း လူးလှိမ့်စွာ ခံစားခဲ့ရသေး၏။ (Unexpected Bad News) မမျှော်လင့်ထားသော သတင်းဆိုးများ မရပ်မနား ကြားရခြင်းသည် ယောဘအတွက် နှလုံးရောဂါပင်ရနိုင်လောက်သကဲ့သို့ ရှော့လည်း ဖြစ်သွားနိုင်ကာ သွေးစောင့်တက်၍ ဦးနှောက်သွေးကြောပင် ပျက်နိုင်လောက်ရုံမက (Mental Health) စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါထိခိုက်နိုင်ပေသည် မဟုတ်ပါလား ... (Unfairly Accused) မိမိအမှားလည်း မဟုတ်၊ မှားယွင်းမှုလည်း မပြုသော်လည်း မိတ်ဆွေများ၏ အမြင်မှား အထင်လွဲ၍ မတရားပြောဆိုခံရခြင်းများလည်း အပါအဝင်ကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုများသည် ယောဘ၏ ဘဝတစ်ကွေ့၌ ရင်ဆိုင်ကြုံတွေ့ခဲ့ရသော ပြင်းထန်သည့် မုန်တိုင်းတစ်ခုဟုဆိုရလျှင်လည်း မမှားပါ။ ထို့ကြောင့် ယောဘ၏ စိတ်ဒဏ်ရာကိုလည်း မေ့ထား၍တော့မရ ...

------- ဆက်ရန် -------

#Titus_KyawNyi

Photo Crd: Internet

Previous Next