December 25, 2024

သွားနှုတ်ခြင်းမှ သင်ခန်းစာ

ကျွန်​တော်၏ အံဆုံးသွားသည် တိုဝင်​နေပြီဖြစ်​သော​ကြောင့် ​ရေရှည်တွင် လူကိုဒုက္ခ​ပေးနိုင်သည်ဖြစ်သဖြင့် ဖယ်ထုတ်သင့်သည်ဟုသိရသည်။ ထို့​ကြောင့် နှုတ်ပစ်ရန်လိုအပ်​သော​ကြောင့်ပင် ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် ဓါတ်မှန်ရိုက်၍ ​ဆေးကိုလည်းကြို​သောက်ရ​ပေသည်။ သွား၏ အမြစ်သည် ငါးမြှားချိတ်ကဲ့သို့ အ​တော်​ကောက်ကာ ​နောက်သွားတစ်​ချောင်း​အောက်၌လည်း ဝင်​​ထောက်နေသဖြင့် သွားဖုံးကိုလည်း ခွဲ၍ သွားကိုချိုးဖဲ့ပစ်ကာ နှုတ်ရမည်ဖြစ်သည်။ လိုအပ်လျှင် ပြန်လည်ချုပ်ရမည်ဟုဆို​ပေသည်။ 

ထို့​ကြောင့် ကြိုတင်ပြင်ဆင်၍ ​ဆေး​သောက်ကာ ချိန်းဆိုသည့်​နေတွင် သွား​ရောက်၍ ကုသမှုခံယူခဲ့ပါသည်။ ​ခက်ခဲ​သော်လည်း ကျေးဇူး​တော်​ကြောင့်ပင် ​အဆင်​ပြေစွာဖြင့် ပြီးဆုံးခဲ့သည်။ ကျွန်​တော်တို့၏ ကိုယ်ခန္ဓါတွင်ရှိ​သော အရာများသည်ပင်လျှင် လူကိုအကျိုးမ​ပေးပဲ အန္တရာယ်ဖြစ်​စေလျှင် ဖယ်ထုတ်ပစ်ရသည်။ မဖယ်ထုတ်လျှင် လူကိုနာကျင်​စေမည်၊ အန္တရာယ်ဖြစ်​စေမည်၊ အချို့အစိတ်အပိုင်းများဆိုလျှင် ​မဖယ်ထုတ်လျှင် သေဆုံးသည်အထိဖြစ်​စေနိုင်​ပေသည်။ 

ထိုသို့​သော ပြင်ဆင်မှုသည် ကျွန်ုပ်တို့ယုံကြည်သူခရစ်ယာန်များအတွက်လည်း အင်မတန်လိုအပ်​ပေသည်။ ဝိညာဥ်​ရေးရာတွင်လည်း ကျွန်ုပ်တို့သည် ပြုပြင်ရဲရမည်၊ ပြင်ဆင်ရဲရမည်၊ လိုအပ်လျှင် လိုအပ်သလို ဖယ်ထုတ်ရဲရ​မည်ဖြစ်သကဲ့သို့ အသက်တာတွင်လည်း ပြုပြင်ရမည်ဖြစ်သည်မဟုတ်ပါလား။ 

သွားသည်လည်း ဘုရား​ပေး​သော ခန္ဓါကိုယ်အစိတ်အပိုင်းတစ်ခုဟုဆိုနိုင်သည်။ သို့​သော် သွားမ​ကောင်း​တော့ခြင်း၊ ပိုးစားခြင်း၊ လူကိုဒုက္ခ​ပေးလာခြင်းဖြစ်လာလျှင် ပြုပြင်သင့်လျှင် ပြုပြင်ရမည်ဖြစ်သကဲ့သို့ ဖယ်ထုတ်သင့်လျှင် ဖယ်ထုတ်ရမည်။ ထို့အတူ အခြား​သော အစိတ်ပိုင်းများသည်လည်း ထို့အတူပြုလုပ်ကြ​ပေလိမ့်မည်။ မည်သူမှ​တော့ ​ကောင်း​နေ​သောသွားကို နှုတ်ချင်မည်မဟုတ်ပါ။ သို့​သော် လိုအပ်လျှင်​တော့ လုပ်ကြရ​ပေသည်မဟုတ်ပါလား။ 

သို့​သော် ဩဝါဒများကို​​​​တော့ ကျွန်ုပ်တို့ခရစ်ယာန်များသည် ထိုသို့မပြုပြင်ရဲ၊ မဖယ်ထုတ်ရဲကြပါ။ ရုတ်တရက်ကြည့်လျှင် ခရစ်ယာန်ပဲ ကယ်တင်ခြင်းက​တော့လွဲ၊ ​ဘုရားသားသမီးဆို ဘာမဖြစ်ဘူး ညာမဖြစ်ဘူး၊ ဘုရားသားချမ်းသာရမယ် ... ဟုတ်သလိုလိုပဲ၊ ယေရှုနဲ့ခရစ်​​တော်ခွဲလိုခွဲ တွဲလိုတွဲ ပူးလိုပူး၊ အပြစ်ကိုလည်း လက္ခဏာဘာညာခွဲလိုခွဲ၊ တရုတ်ပြည်မှ မမကြီးကလည်း ခရစ်​တော်ဖြစ်လိုဖြစ်၊ နား​ထောင်ကြည့်လျှင် ကျန်းမာချမ်းသာ​ဒေသနာ ... ဟုတ်သလိုလိုရှိတာပဲ၊ မြင်​ရလျှင် ဖုန်းအားပြည့်သလို အရပ်ရှည်သလို ဝိတ်ချသလို နမိတ်လက္ခါများသည်လည်း ... ဟုတ်သလိုလိုပါ။ 

သွားကိုကြည့်သလိုပင်ကြည့်လျှင် သွားပဲ ​ထားလိုက်​ပေါ့၊ ဘုရားဖန်ဆင်းထားတာ၊ နှုတ်ရတာနှ​မြောစရာဟုဆိုနိုင်​သော်လည်း ပျက်ဆီး​နေ​သောသွား၊ လူကိုဒုက္ခ​ပေးမည့်သွားသည် ရှိ​နေသည်ထက် ဖယ်ထုတ်ပစ်ရဲခြင်းသည်သာလျှင် အကျိုးကိုဖြစ်​စေသည်မဟုတ်ပါလား။ ထို့အတူ ခရစ်ယာန်ပါ၊ တို့အတူတူပါပဲ၊ ကိုယ်မှန်ရင်ပြီးတာပဲဟုဆိုတတ်ကြ​သော်လည်း ကယ်တင်ခြင်းလွဲ၊ ​ဩဝါဒလွဲ၊ အယူလွဲ၊ အ​ခြေခံလွဲ စသဖြင့် လွဲမှား​နေ​သော ဩဝါဒနှင့် အဖွဲ့အစည်းများသည် မိမိတို့၏ ဝိညာဥ်​ရေးရာသာမက ခရစ်ယာန်အသိုင်းအဝိုင်းတစ်ခုလုံးအတွက်​​တော့ ပိုးစား​နေသည့် ငုတ်တိုအံသွားကဲ့သို့ပင် ရုတ်တရက်မသိသာ​သော်လည်း အကျိုးကိုမ​ပေး ဒုက္ခသာ​ပေးတတ်​ပေသည်။ လက်ရှိကာလတင်မက​သေးပဲ ကယ်တင်ခြင်းသင်္ဘောပါ​မှောက်​နိုင်ပါ​သေးသည်မဟုတ်ပါလား။ 

တိတုဩဝါဒစာ ၁:၉
စင်ကြယ်သော ဩဝါဒအားဖြင့် တိုက်တွန်းသွေးဆောင်ခြင်းငှါ၎င်း၊ ငြင်းခုံသောသူတို့၏ စကားကို ချေခြင်းငှါ၎င်း တတ်နိုင်မည်အကြောင်း၊ ကိုယ်တိုင်သင်ပြီးသောသစ္စာစကားတော်ကို အမြဲစွဲလမ်းသောသူ ဖြစ်ရမည်။ 

ထို့​ကြောင့် ကျွန်ုပ်သွားဖုံးကို ခွဲကာ သွားကိုချိုး အမြစ်မှဆွဲနှုတ်၍ ပြန်ချုပ်သကဲ့သို့ ဩဝါဒအလွဲများကို ဖယ်ထုတ်ပစ်ရဲဖို့​တော့လို​ပေလိမ့်မည်။ ခရစ်ယာန်​တွေတူတူပါပဲ၊ ဒါ ငါသိတဲ့ဆရာပဲ၊ နာမည်ကြီးတာပဲ စ​သောအရာ​​များကို မကြည့်ပဲ ဩဝါဒလွဲလျှင် ဖယ်ထုတ်ရဲရမည်၊ ဝိညာဥ်​ရေးရာအတွက် ပြင်ဆင်ရဲရမည်၊ ပြုပြင်ရဲရမည်၊ ဩဝါဒအလွဲများဖြစ်​ကြောင်းကိုလည်း ထုတ်​ဖော်​ပြောဆိုရဲကြရမည်မဟုတ်ပါလား။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next