November 26, 2026

ယုံကြည်ခြင်းနှင့် တို့ထိပါ

တဆယ်နှစ်နှစ်လုံးလုံး ​သွေးသွန်နာစွဲသည့် အမျိုးသမီးတစ်ဦးကို မာကု အခန်းကြီး (၅) တွင်​တွေ့ရသည်။ ထိုအမျိုးသမီး၏ ​ရောဂါသည် အင်မတန်ဆိုးဝါးလွန်းလှသည့်အတွက် ဆရာဝန်​ပေါင်းများစွာနှင့် နှစ်ရှည်လများ ကုသခဲ့သည်။ သို့​သော်လည်း ​ပျောက်ကင်းသက်သာခြင်းသို့မ​ရောက်ပဲ သာ၍ခံစားရသည်ကို​တွေ့ရသည်။ 


တစ်ဦးမရ၊ တစ်ဦးနှင့် ကုသရင်း ​ဆေးသမားများ၏လက်၌ များစွာခံရခဲ့ရရုံသာမက ကုသခြင်း​ကြောင့် ကုန်ကျစရိတ်များလည်း အင်မတန်ကုန်ကျခဲ့​ပေသည်။ ထို့​ကြောင့်လည်း ဥစ္စာရှိသမျှ ကုန်​သော်လည်း သက်သာခြင်းသို့မ​ရောက်ဟုဆိုထားရုံသာမက အနာတိုး​သော မိန်းမဟု မှတ်တမ်းတင်ထား​သည်မဟုတ်ပါလား။ 


ထိုအမျိုးသမီးသည် ​မျှော်လင့်စရာကုန်ပြီဖြစ်​သော်လည်း တစ်ခု​တော့ရှိသည်ဟုသူသိသည်။ ​ယေရှုလာမည်ဟုသူ ဘယ်ကကြားသိလာသည်မသိ​သော်လည်း သူ၏​မျှော်လင့်ခြင်းကို သူရှာ​တွေ့ခဲ့​လေသည်။ ထို့​ကြောင့် ထိုသခင်၏ အဝတ်​တော်ကိုသာ တို့ထိခွင့်ရမည်ဆိုလျှင် သူ့အနာ​ပျောက်၍ ချမ်းသာရမည်ဟုပင် သူယုံကြည်သည်။ 
ထိုသို့ယုံကြည်ခြင်းရှိရုံမက ထို​သခင်ရှိရာသို့ ​ရောက်​အောင်သွားသည်။ ထိုအချိန်ကာလသည် ​သွေးသွန်နာရှိသူ၊ အမျိုးသမီးထုံးစံအချိန်ဖြစ်သူတို့သည် လူ​တောထဲသို့ ဖြတ်သန်းသွားလာခွင့်မရှိ။ ညစ်ညူးသည်ဟုဆိုကာ တားမြစ်သည့်ကာလဖြစ်ရုံသာမက၊ တားမြစ်သည်ကို ​ဖောက်ဖြတ်ကာ သွား၍ ​တွေ့လျှင် ​ကျောက်ခဲနှင့် ပစ်သတ်ခံရနိုင်သည်။ သို့​သော် သူ၏ ယုံကြည်ခြင်းကို လက်မ​လျှော့ သခင့်ဝတ်ရုံကို ရ​အောင်ပင်တို့ထိခဲ့သည်မဟုတ်ပါလား။ 


ရှင်မာကုခရစ်ဝင် ၅:၂၈
ငါသည် အဝတ်တော်ကိုသာတို့လျှင် ချမ်းသာရမည်ဟု ဆိုသည်နှင့်၊ လူအစုအဝေးထဲ၌ နောက်တော်သို့ လာ၍အဝတ်တော်ကို တို့လေ၏။ 


တားဆီးထား​သော အတားအဆီး၊ ပညတ်ချက်၊ လူအုပ်ကြီး၊ ခဲနှင့်​ပေါက်သတ်ခံရမည့် ​ကြောက်စိတ်များသည် သူမအား မချုပ်ထားနိုင်ခဲ့ပါ။ ထိုအတူ ဖြစ်ပါ့မလား၊ ​ရောက်ပါ့မလား၊ ​သခင်နဲ့​တွေ့ပါ့မလား၊ ဝတ်ရုံ​တော်ကို တို့ထိခွင့်ရပါ့မလား၊ ပျောက်ကင်းပါ့မလား စသည့် အရာ​တွေထက် သူ၏​မျှော်လင့်ခြင်းနှင့် ယုံကြည်ခြင်းကိုသာ ​ရှေ့ရှု၍ ​ရှေ့သို့ဆက်ခဲ့သည်မဟုတ်ပါလား။ 


ရှင်မာကုခရစ်ဝင် ၅:၃၄
ကိုယ်တော်ကလည်း၊ ငါ့သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်အနာကိုငြိမ်းစေပြီ။ ငြိမ်ဝပ်စွာ သွားလော့။ ရောဂါနှိပ်စက်ခြင်းနှင့် ကင်းလွတ်စေဟု မိန့်တော်မူ၏။ 


ထိုအမျိုးသမီး၏ ယုံကြည်ခြင်းသည် သူ၏ ​အနာကိုငြိမ်း​စေခဲ့သည်။ မလာ​စေရန် တားဆီးသည့် ပညတ်ချက်၊ အတားအဆီး အခက်အခဲများ၊ ​ကြောက်စိတ်၊ ​ကျောက်ခဲနှင့်ပစ်ခံရမည့် အ​ခြေအ​နေ စသည့် ခက်ခဲမှု​တွေထက် သူ၏ ​မျှော်လင့်ခြင်း၊ ယုံကြည်ခြင်းနှင့် ​ရှေ့သို့​ဆက်ခြင်း​ကြောင့်ပင် အနာ​ရောဂါငြိမ်းရုံသာမက သခင်နှင့် ​တွေ့ရသလို၊ စကား​ပြောခွင့်ရခဲ့သည်။ "ငါ့သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်အနာကိုငြိမ်းစေပြီ။ ငြိမ်ဝပ်စွာ သွားလော့" ဟူသည့်စကားသည် ထိုအတားအဆီး၊ ​ကြောက်စိတ်၊ ခက်ခဲမှုများအားလုံးကို ​ကျော်လွန်ကာ ​ရောဂါနှိပ်စက်ခြင်း၊ ​ရောဂါ​ကြောင့် ဥစ္စာဆုံးရှုံးရခြင်းနှင့်ပါ ကင်းလွတ်ရ​လေခဲ့သည်။ လူကြားထဲသွားရန် ​ကြောက်ရန်မလို​​တော့ခြင်း၊ အလုပ်လုပ်နိုင်ခြင်း၊ လွတ်လပ်မှုခံစားရခြင်း စသဖြင့် အမျိုးမျိုး​သော အကျိုးကိုရရှိခဲ့​ပေသည်။ 


ထိုအမျိုးသမီးသည် ၁၂နှစ်ကြာ ခံစားခဲ့သည့် လူ​တောမတိုးနိုင်သည့် ခံစားချက်များ၊ ဥစ္စာဆုံးရှုံးရခြင်း၊ ​ရောဂါနှိပ်စက်ခံရခြင်းများ ​ပျောက်ကင်းခွင့်ရခဲ့သည်။ မိတ်​ဆွေနဲ့ကျွန်​တော်​ရော ဘာ​တွေခံစား​နေရသလဲ၊ ဘာ​တွေဆုံးရှုံးခဲ့ရပြီးပြီလဲ၊ ​မျှော်လင့်စရာမရှိ​တော့ဘူးလို့ ထင်​နေမိပါသလား ယ​နေ့မှာ ဘုရားသခင်ကို ​အော်ဟစ်ကြရ​အောင်လား။ 


ထိုအမျိုးသမီးသည် သခင့်ဝတ်ရုံကိုတို့ထိရန် သွားခဲ့ရသည့် ကာလသည် လမ်းခရီးတိုလျှင်လည်း တို​ကောင်းတိုမည်ဖြစ်​သော်လည်း သူ့အတွက်​တော့ အသက်စွန့်ရသည့် စွန့်စားခန်းအတိုင်းဖြစ်သည်။ ​သွေးသွန်နာစွဲသူအား ​ကျောက်ခဲနှင့် ပစ်သတ်နိုင်သည့် အန္တရာယ်ကြားမှ သခင့်ထံ​ရောက်​အောင်သွားသည့် ယုံကြည်ခြင်းနှင့်​မျှော်လင့်ခြင်းကို​တွေ့ရသည်။ ထို့အတူ သာမန်လူလမ်း​လျှောက်သွားရပုံနှင့်လည်း တူမည်မထင်ပါ။ အင်မတန်ပင်ပန်းခဲ့​ပေမည်မဟုတ်ပါလား။ 


ယ​နေ့ကျွန်​တော်တို့က​ရော ဘယ်​လောက်ကြာကြာ နာကျင်ခဲ့ပြီလဲ၊ ဆုံးရှုံးမှုထဲထိုင်​နေမလား ထိုအမျိုးသမီးကဲ့သို့ ​သခင့်ဆီသွားမလား။ သခင့်ထံသွားခြင်းသည် ယုံကြည်ခြင်းနှင့်​မျှော်လင့်ခြင်းအတွက်ဖြစ်​သော်လည်း ထိုအမျိုးသမီးကဲ့သို့ အန္တရာယ်​​တောထဲဖြတ်ရခြင်းလည်း ဖြစ်နိုင်​ပေသည်။ သို့​​သော် ​ရှေ့သို့ဆက်ပါ၊ ဆက်၍ ​အော်ဟစ်ပါ၊ လက်​တော်ကိုငံ့လင့်ပါ၊ ယုံကြည်ခြင်းနှင့်​မျှော်လင့်ခြင်းကို ထွန်းလင်းပါ​စေ။ "ငါ့သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်အနာကိုငြိမ်းစေပြီ။ ငြိမ်ဝပ်စွာ သွားလော့" ဟုဆိုသကဲ့သို့ ကျွန်​တော်တို့သည်လည်း ငြိမ်ဝပ်စွာသွားရမည့် အခွင့်ရှိကြမှာဖြစ်တယ်မဟုတ်ပါလား။ 


ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 


#Titus_KyawNyi 


Photo Crd: Internet

Previous Next