January 15, 2025

ရူပါရုံသို့ချီတက်ခြင်း ပထမ​ခြေလှမ်း

ကျွန်​တော်တို့ အသင်း​တော်​တွေမှာ ရူပါရုံတစ်ခုကို ချဥ်းကပ် အ​ကောင်အထည်​ဖော်​ဆောင်တဲ့အခါမှာ လိုအပ်တဲ့ အဖွဲ့တစ်ခုကို ဖွဲ့စည်းခြင်းနဲ့ပါတ်သတ်ပြီး လိုအပ်တဲ့အ​ကြောင်းအရာ​လေး​တွေကို အနည်းငယ်အကျဥ်းချုံး​လေး ​ဖော်ပြ​ပေးချင်ပါတယ်။ လက်ရှိကျွန်​တော် ​တက်​ရောက်လေ့လာဆည်းပူး​နေတဲ့ "Shepherd Leadership Academy" ​ကျောင်းရဲ့  အတန်းမှာသင်ကြား​သော ဖတ်စာအုပ်ဖြစ်တဲ့ "Advanced Strategic Planning" စာအုပ်မှ ထုတ်နှုတ်ချက်အချို့ပဲ ဖြစ်ပါတယ်။ စာအုပ်ကို​​တော့ ပုံနှင့်တကွ ​ဖော်ပြ​ပေးလိုက်ပါတယ်။ 

ကျွန်ုပ်တို့ မြင်တွေ့​နေရ​သော အသင်း​​တော်တစ်ခု၊ သာသနာလုပ်ငန်းတစ်ခုတွင် စသည်တို့တွင် ပါဝင်ဦးစီးကြသူများရှိကြသည်။ ထိုသူများသည် ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ တိုးတက်​​အောင်လုပ်​ဆောင်ခြင်း၊ နည်းစနစ်များ​ရေးဆွဲခြင်း၊ ပြင်ဆင်ခြင်း စသဖြင့်​​သော အရာများကို တာဝန်ရှိသူများလည်းဖြစ်သလို အသင်းအဖွဲ့တွင် တာဝန်ယူမှု တာဝန်ခံမှုလုပ်​ဆောင်ရ​သောသူများလည်း ဖြစ်ကြသည်။ ထိုအထဲတွင်ပါဝင်ကြသူများမှာ အသက်ကြီးသူများ၊ ဘုတ်အဖွဲ့ဝင်များ၊ ပါစတာ၊ စီနီယာပါစတာ စသဖြင့်လည်းဖြစ်တတ်ကြ​ပေသည်။ 

#Team 

ထိုသို့​သော ရူပါရုံသို့ ဦးတည်​မောင်းနှင်​နေ​သော အဖွဲ့ကို "Strategic Leadership Team" (SLT) ဟုလည်း​ခေါ်ဆိုသည်။ ထိုသို့​ ရူပါရုံဖြင့် မောင်းနှင်​နေ​သော အသင်း​တော်တစ်ခုကို သင်္ဘောအ​နေဖြင့်လည်း မြင်နိုင်​ပေသည်။ ယခုကဲ့သို့ ခုတ်​မောင်း​နေ​သော သင်္ဘောကြီးတွင် ကုန်းပတ်တိုက်သူများ၊ ထမင်းချက်၊ အင်ဂျင်နီယာ၊ ​ဆရာဝန်၊ မာလိန်မှူး၊ လမ်းပြ၊ အကူ၊ ​စောင့်ကြည့်​ပေးရသူများ စသဖြင့်ပါဝင်နိုင်​ပေသည်။ ထိုသို့​သော သူများအားလုံးကို စုစည်းထားခြင်းသည် လိုရာခရီးသို့ ဆိုက်​ရောက်ရန်အတွက် အင်မတန် အ​ရေးကြီးလှ​သော ပုဂ္ဂိုလ်များပင်ဖြစ်​သော​ကြောင့်ပင်ဖြစ်သည်။ ဒါ့​ကြောင့် ကျွန်ုပ်တို့၏ အသင်း​တော်တိုင်း အသင်း​​တော်တိုင်းတွင် ရူပါရုံသို့ ထိ​ရောက်စွာ ခရီးဆက်နိုင်ရန်အတွက် ထို "SLT" အဖွဲ့သည် မည်မျှအ​ရေးပါသည်ကို သတိထားမိနိုင်မှာဖြစ်တယ်လို့ ယုံကြည်ပါသည်။ 

#ဝန်တာစိတ်ရှိခြင်း 

ကျွန်ုပ်တို့ အသင်း​တော်တွင် "Strategic Leadership Team" ကိုဖွဲ့စည်းတည်​​ထောင်ပြီးပြီဟုဆိုကြပါစို့။ အချို့ကလည်း အသင်း​တော်ငယ်​လေးဖြစ်​သော​ကြောင့် ဖွဲ့ရန်မလိုအပ်ပဲ အဆင်သင့်ရှိ​​နေသော အစည်းအ​ဝေးတိုင်း ပါဝင်တက်​ရောက်​လေ့ရှိ​သော အသင်း​​တော်မိသားစုများဟုပင် ဆိုနိုင်​ပေသည်။ ထိုအဖွဲ့ထဲတွင် လူအမျိုးမျိုးပါဝင်နိုင်​ပေသည်။ သို့​သော် အ​ရေးကြီးသည်မှာ ထိုသူများသည် ရူပါရုံကို အ​ကောင်အထည်​ဖော်မည့်သူများဖြစ်သည့်အတွက် အင်မတန်အ​ရေးပါ​သောသူများပင် ဖြစ်​ချေသည်။ ထို့​ကြောင့် ဖွဲ့စည်းရာတွင် ဝိညာဥ်​ရေးရာရင့်ကျက်သူများဖြစ်သင့်​ပေသည်။ ထိုသူများသည်လည်း အသင်း​တော်ကို ကရုစိုက်ကြသူများ၊ ဝန်တာထားသူများ၊ တာဝန်ယူမှုတာဝန်ခံမှုရှိကြသူများ၊ အနာဂတ်တွင်လည်း ပုံသွင်းတည်​ဆောက်လိုစိတ်ရှိသူများဖြစ်ရ​ပေမည်။ 

#ဆက်သွယ်မှုအ​ရေးကြီးခြင်း 

ဆက်သွယ်မှုမရှိလျှင် သတင်းအချက်အလက်မရနိုင်သလို၊ ရူပါရုံကို အ​ကောင်အထည်​ဖော်ရာတွင် ​နှောင့်​နှေးကြန့်ကြာရုံသာမက ​မှောက်လှန်ပျက်ဆီးသွားနိုင်သည်ကို သတိပြုရမည်။ အသင်း​တော်တစ်ခုတွင် ဆက်သွယ်မှုသည် အင်မတန်အ​ရေးကြီးသည်။ ရူပါရုံကို အ​ကောင်အထည်​ဖော်ရာတွင် ဆက်သွယ်တိုင်ပင်ခြင်းအမှုသည် အ​ရေးကြီး​သောအချိန်လည်းဖြစ်သည်။ တိုင်ပင်ခြင်းအမှုသည် အကြံထ​မြောက်​စေသည်ဟုဆိုသကဲ့သို့ ကျွန်ုပ်တို့၏ အဖွဲ့ဝင်များ ​ဆွေး​နွေးတိုင်ပင်ခြင်းသည် ရူပါရုံသို့ ချဲ့ထွင်​သော ​ခြေလှမ်းများပင်ဖြစ်​ချေသည်။ ထိုသို့​သောသူများသည် အသင်း​တော်၏ အစည်းအ​ဝေးများတွင် ပါဝင်၍ ​ဆွေး​နွေးခြင်း၊ ဖုန်းဖြင့်ဖြစ်​စေ၊ စာဖြင့်ဖြစ်​စေ၊ လွယ်ကူစွာ ​ဆွေး​နွေးခြင်း၊ တိုင်ပင်အ​ကောင်အထည်​ဖော်ကြခြင်းများလည်း လုပ်​ဆောင်ကြရသည်။ အသင်းအဖွဲ့၏ တာဝန်ရှိသူ၊ ပါစတာဖြစ်​စေ အဖွဲ့ဝင်ဖြစ်​စေ ဆက်သွယ်ခြင်းမရှိဘဲ အသင်း​တော်၏ တာဝန်ကို ​ကောင်းမွန်ထိ​ရောက်စွာ ထမ်း​​ဆောင်နိုင်မည်​လော။ ထို့​ကြောင့် အဖွဲ့ဝင်များအချင်းချင်း ဆက်သွယ်ခြင်း တိုင်ပင်ခြင်းသည် အသင်း​တော်၏ ရူပါရုံ ဖြစ်တည်လာ​ရေးအတွက် အင်မတန်အ​ရေးကြီး​ပေသည်။ 

#အဖွဲ့ကိုဦး​ဆောင်ခြင်း 

အသင်း​​တော်တစ်ခုတွင် သင်းအုပ်ဆရာ၏ ဦး​​ဆောင်ခြင်းကို ဝန်ခံကြသည်။ ကျွန်ုပ်တို့သည် ထိုသင်းအုပ်ကို ကောင်းမွန်စွာ ဆက်ဆံခြင်း၊ ​လေးစားခြင်း၊ ထားသင့်​သော ရို​သေ​လေးစားမှုမျိုး ရှိသင့်ကြသည်။ ထို့အတူ သင်္ဘောတစ်စီးတွင် ကပ္ပတိန်၏ ဦး​ဆောင်ခြင်းကိုလိုက်ရသကဲ့သို့ "SLT" အဖွဲ့တွင်လည်း ဦး​ဆောင်သူ၏​နောက်သို့လိုက်ရမည်။ ထိုသူသည် ပါစတာလည်းဖြစ်ချင်ဖြစ်မည်၊ ဘုတ်အဖွဲ့ဝင်လည်းဖြစ်နိုင်သလို၊ ဘုရား​ပေး​သော အစွမ်းသတ္တိရှိသူ (Gifted Person) လည်းဖြစ်နိုင်​ပေသည်။ မည်သူပင်ဖြစ်​စေ ထိုသူအား ဦး​ဆောင်မှု​နေရာ​ကြောင့် မနာလိုခြင်းမဖြစ်သင့်​ပေ။ ထိုသူကို ​လေးစားခြင်း၊ ​ကောင်းမွန်စွာဆက်ဆံခြင်း၊ စသဖြင့် ​ခေါင်း​ဆောင်မှုကို လိုက်နာရမည်ဖြစ်သည်။ 

#ထိန်းသိမ်းတတ်သူများ 

ထို "SLT" အဖွဲ့တွင် ပါဝင်​သောသူများသည် စကားအရာ၌လည်း သစ္စာရှိသူများဖြစ်ရမည်။ ထိန်းသိမ်းစွာ ​ပြောတတ်သူ၊ စကား​ပြောလွန်ကျူးခြင်းမရှိသူ၊ လျှို့ဝှက်အပ်​သောအရာကို လျှို့ဝှက်တတ်သူ၊ ဟိုစကား ဒီပို့ ဒီစကား ဟိုပို့ မ​ပြောတတ်သူ၊ ​စောင်း​မြောင်း​ပြောဆိုခြင်းမရှိသူ၊ မဲ့ရွဲ့​စကား​ပြောခြင်းမရှိသူ စသဖြင့် နှုတ်အားဖြင့်​သော်လည်း​ကောင်း အမူအရာအားဖြင့်​သော်လည်း​ကောင်း အသင်းအဖွဲ့အား ထိခိုက်​စေမည့်အရာများကို ​ရှောင်ရှားသူများဖြစ်ရန် အင်မတန်အ​ရေးကြီးသည်။ 

#အပြုသ​ဘော​ပြောဆိုခြင်း 

အသင်းအဖွဲ့၏ အစည်းအ​ဝေးများတွင် တင်ပြချက်များကို ​မေးမြန်းခြင်း၊ တင်ပြခြင်း၊ ကန့်ကွက်ခြင်း စသဖြင့်များရှိတတ်ကြသည်။ ထိုသို့​သော အချိန်မျိုးသည် ပဋိပက္ခကို ဖြစ်​စေတတ်​သော အချိန်ကာလတစ်ခုဟု ဆိုရလျှင်လည်း မမှား​ချေ။ တင်ပြခြင်း၊ ​မေးမြန်းခြင်း၊ ကန့်ကွက်ခြင်းများကို အပြုသ​ဘောသို့ဦးတည်၍ ​ပြောတတ်ပါ​စေ။ ဂလန့်တိုက်​ပြောဆိုခြင်း၊ အပြစ်တင်သည့်ဘက်သို့ ​ရောက်​စေခြင်း၊ အပျက်သ​ဘော​ပြောခြင်း၊ အသင်းအဖွဲ့၏ ရည်ရွယ်ချက်ကို လွဲ​ချော်​စေခြင်းများကို ဆင်ခြင်ကာ ​ပြောဆိုခြင်းသည် ပဋိပက္ခများကို ​ကောင်းမွန်စွာအသွင်ကူး​ပြောင်း​ခြင်းကို ဖြစ်စေနိုင်သည်။ 

#ဝန်တာ 

"SLT" အဖွဲ့သည် ရူပါရုံသို့ဆက်လက်ချီတက်ရာတွင် အ​ကောင်အထည်​ဖော်ဖို့ရန် တာဝန်​ရှိ​ပေသည်။ ထိုသူအသီးသီးတို့သည် အသင်း​တော်အတွက် သတိရဆု​တောင်း​ပေးခြင်း၊ အပြုသ​ဘော​ဆောင်​သော ပါဝင်သူများ၊ အသင်း​တော်တိုးတက်မှုအတွက် ​ထောက်ပံ့ခြင်း၊ သ​ဘောမတူ​သောအရာရှိ​သော်လည်း အများသ​ဘောတူလျှင် တူ​ပေးခြင်း (disagree but agree to support)၊ မိမိတာဝန်ကို ယူတတ်၍ ပြင်ဆင်ခြင်းများကိုလည်း ဝန်တာထားကာ လုပ်​ဆောင်ကြရမည်။ 

တက်ကြွစွာ အသင်းအဖွဲ့အတွက် ပါဝင်လှုပ်ရှား​ပေးတတ်သူ၊ အသင်း​အဖွဲ့၏ အစည်းအ​ဝေးများကို သစ္စာရှိစွာ ပါဝင်တက်​ရောက်တတ်သူများလည်း ဖြစ်ရန်အ​ရေးကြီးသည်။ ထိုအပြင် ရူပါရုံကို အ​ကောင်အထည်​ဖော်ရာတွင် သစ္စာရှိစွာပါဝင်ခြင်း၊ အဖွဲ့အ​ပေါ်တွင်လည်း ကတ္တိသစ္စာပြုထားသူ (Committed)ဖြစ်ရမည်။ သ​ဘောက​တော့ ပါဝင်လိုက် ​ပျောက်သွားလိုက်၊ ​ပေါ်​ပျောက်အဖွဲ့ဝင် မဖြစ်ရသလို၊ အစည်းအ​ဝေးမတက်ဘဲ "ငါမသိဘူး" "ငါ့ကို​တော့မ​ပြောဘူး" စသဖြင့် က​လေးဆန်ဆန်လုပ်​ဆောင်ခြင်းမရှိသင့်​ပေ။ 

အချုပ်အားဖြင့်ဆိုရ​သော် ထိုအရာများသည် အသင်း​​တော်၏ ရူပါရုံကို ဗျူဟာကျကျ ချဥ်းကပ်အ​ကောင်အထည်​ဖော်ခြင်းအတွက် အစပျိုးရာတွင် လိုအပ်​သော ပထမ​ခြေလှမ်းကို စတင်လှမ်းခြင်းဟုပင် တင်စား​​ခေါ်ဆိုနိုင်​ပေသည်။ ထို့​ကြောင့် ကျွန်ုပ်တို့၏ အသင်း​တော်တွင် ရူပါရုံကို စနစ်တကျ အ​ကောင်အထည်​ဖော်ရန် "Strategic Leadership Team" ကိုဖွဲ့စည်းရာတွင် မည်သို့​သောသူများနှင့်ဖွဲ့စည်းသင့်ကာ မည်သို့​သော ဝန်တာထားရမည်ကို သိရှိလျှင် ​ကောင်းမွန်စွာ ဖွဲ့စည်းပြင်ဆင်နိုင်မှာဖြစ်ပါ​​တော့တယ်။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet 

#Reference 

- Advanced Strategic Planning, 2nd Edition, Aubrey Malphurs. 

- Shepherd Leadership Academy, Lecture Notes, CLE2311- Strategic Planning for Kingdom Growth, Rev. Dr. Lone Wah Lazum

Previous Next