မကျန်းမာခြင်းနှင့်ဒုက္ခဆင်းရဲကြုံရသော်လည်း

ရှေးဦးစွာဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။
ဒီနေ့အချိန်ထိအသက်ရှင်နေရတာလဲကျေးဇူးတော်ပါပဲ။
ဒီနေ့မှာကျွန်တော်ဆင်ခြင်မိတဲ့အရာလေးကိုပြန်လည်ဝေမျှခွန်အားပေးချင်ပါတယ်။
တစ်ခုခုဒုက္ခအခက်အခဲကြုံနေရတဲ့အချိန်မှာရော ဘုရားသခင်မပါဘူးလား၊မေ့လျှော့နေသလား၊ဘယ်ရောက်နေပါသလဲဆိုတဲ့ သို့လော သို့လော မေးခွန်းလေးတွေရိုက်ခတ်လာတတ်ပါတယ်။ နှုတ်ကပါတ်တော်တစ်ချက်ကတော့ဒီလိုပြောပါတယ် ...
ကောရိန်သုဩဝါဒစာ ပဌမစောင် ၁၀:၁၃
လူ၌ဖြစ်တတ်သော စုံစမ်းနှောင့်ရှက်ခြင်းကိုသာ သင်တို့သည် ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ သင်တို့ မခံနိုင်သော စုံစမ်းနှောင့်ရှက်ခြင်းကို သင်တို့၌ ရောက်စိမ့်သောငှါ အခွင့်ပေး တော်မမူ။ သင်တို့သည် ခံနိုင်မည်အကြောင်း စုံစမ်းနှောင့်ရှက်ခြင်းအရာနှင့်တကွ၊ ထွက်မြောက်သော လမ်းကိုလည်း စီရင်ပြုပြင်တော်မူလိမ့်မည်။
ရှင်းပါတယ် Covid လဲကူးနိုင်ပါတယ်။လူတိုင်းကြုံရပါတယ်၊လူ၌ဖြစ်တတ်တဲ့အရာပါ။ကျွန်တော်တို့ကိုးကွယ်သောဘုရားဟာတရားမျှတသောဘုရားပါ။ ယုံကြည်သောသူ၊မယုံကြည်သောသူ၊တရားသောသူ၊မတရားသောသူတွေအပေါ်မှာမိုးကိုရွာစေသော၊နေကိုပူစေသောဘုရားဖြစ်တယ်ဆိုတာမမေ့ပါနဲ့။ ဘုရားကာကွယ်ပေးတယ်ဆိုပြီးမျက်ကန်းယုံကြည်ခြင်းတော့မဖြစ်စေဖို့သတိပြုကြဖို့လိုအပ်ပါတယ်။
ဘာကြောင့်ကြုံတွေ့ရတာလဲ။ဘုရားသားသမီးဆိုရင်ဖြစ်သင့်ရဲ့လားလို့မေးချင်စရာကောင်းမယ်ထင်ပါတယ်။
ကျွန်တော်တို့ရဲ့ဆံပင်တောင်အကုန်အစင်ရေတွက်လျှက်ရှိသောဘုရားပါ။ ယုံကြည်သူမှာမတော်တဆမရှိပါဘူး၊ဘုရားသခင်အလိုတော်မရှိရင်ကျွန်တော်တို့ခြေကိုချော်စေခြင်းအခွင့်တောင်မပေးဘူးဖြစ်ပါတယ်။
ရှင်မဿဲခရစ်ဝင် ၁၀:၂၉
စာငှက်နှစ်ကောင်ကို အဿရိတပြား အဘိုးနှင့် ဝယ်ရသည်မဟုတ်လော။ သင်တို့အဘ အခွင့်မရှိလျှင် ထိုစာငှက်တကောင်မျှ မြေသို့မကျရ။
သုတ္တံကျမ်း ၃:၁၂
ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ နှစ်သက်တော်မူသောသူကို ဒဏ်ခတ်တော်မူ တတ်၏။
ကြုံတွေ့ရခြင်းတွေဆိုတာဟာအလကားသတ်သတ်မတော်တဆမဟုတ်ဘူးဆိုတာနားလည်ဖို့ရာရှိပါတယ်။
ယောဘကိုစာတန်ရဲ့စုံစမ်းစေဖို့အခွင့်ကိုပေးခဲ့တယ်။သူခံစားရတယ်လူတွေကဝေဖန်တယ် သူနာကျင်ရတယ် သို့သော် အဓိကပြောချင်တာကတော့ ဘုရားသခင်ရဲ့အလိုတော်မရှိရင်၊အခွင့်မပေးရင် စာငှက်တကောင်တောင်မြေမခစေပါဘူးဆိုတာပါပဲ။ နားလည်နိုင်ဖို့ရာဘုရားရှင်ကောင်းကြီးပေးပါစေ။
အခက်အခဲအတားအဆီးတွေထဲမှာလဲကျွန်တော်တို့နဲ့ဘုရားအတူရှိပါတယ်။ ဆာလံ ၁၂၁:၃ မှာဘာပြောသလဲဆိုတော့ သင့်ကိုစောင့်သောသူသည်အိပ်တော်မမူပါဘူးတဲ့။ ဒါဝိဒ်ကလဲ သေမင်းရဲ့အရိပ်လွှမ်းမိုးသောချိုင့်ကိုသွားရရင်လဲဘေးကိုမကြောက်ပါလို့ဆိုပါတယ်။ ဘေးမရှိလို့မပြောဘူးဆိုတာသတိပြုပါ။ သို့သော် ထိုအထဲကနေဘုရားသခင်၏ဘုန်းတော်ထင်ရှားစေမယ်ဖြစ်တယ်။
မုန်တိုင်းအထက်မှာရှိသောဘုရားနဲ့အတူမုန်တိုင်းထဲမှာစီးမျောရတဲ့ငြိမ်သက်ခြင်းဖြစ်ပါတယ်။ကျွန်တော်တို့တွေဟာအကယ်၍ကြုံတွေ့ခွင့်ရခဲ့ရင်တောင်အခက်အခဲအတားအဆီးတွေထဲမှာငြိမ်သက်ခြင်းနဲ့ကျေးဇူးတော်ကိုချီးမွမ်းရတဲ့အခွင့်ကိုရဦးမှာဖြစ်ပါတယ်။
ဟာလေလုယာ။
ကျွန်တော်တို့ခက်ခဲနေပါစေ၊ဒုက္ခတွေရောက်နေပါစေ၊ရောဂါတွေခံစားနေရပါသော်လည်း ဘုရားသခင်အတူရှိတယ်၊ထိုအရာတွေသည်လဲဘုရားသခင်အလိုတော်မရှိလျှင်မကြုံစေရသလို၊ပေးတွေ့ ခဲ့ရင်လဲဘုရားသခင်ဘုန်းတော်ထင်ရှားဖို့ရာသာဖြစ်တယ်ဆိုတာနားလည်နိုင်ဖို့ရာဘုရားသခင်ကောင်းကြီးပေးပါစေ။
ထွက်မြောက်ရာလမ်းကိုပြင်ဆင်ပေးထားသောဘုရားဟာအခက်အခဲဒုက္ခတွေရောက်နေရင်တောင်မှအတူရှိနေပါတယ်။ဧမာနွေလအနက်ကား ကျွန်ုပ်တို့နှင့်အတူရှိတော်မူသောဘုရားဖြစ်တယ်ဆိုတာကိုအနည်းငယ်ဝေမျှခွန်အားပေးချင်ပါတယ်။
ဆာလံကျမ်း ၁၃၉:၈
ကောင်းကင်သို့တက်လျှင် ကိုယ်တော်ရှိတော်မူ၏။ မရဏနိုင်ငံ၌ အိပ်ရာကိုခင်းလျှင် ကိုယ်တော်ရှိတော်မူ၏။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။