December 25, 2024

ပဋိပက္ခ - ၅

အာဗြဟံဟု အမည်မ​ပြောင်းမှီ အာဗြံနှင့် ​လောတတို့ ခါနာန်ပြည်​တောင်ပိုင်းသို့​ရောက်သည့်နောက်တွင် နှစ်​ယောက်သား ပစ္စည်းဥစ္စာသာ၍သာ၍ တိုးပွားလာကြသည်။ "အာဗြံသည် သိုး၊ နွားစသည်တို့ကိုလည်း​ကောင်း၊ ​ရွှေ​ငွေကိုလည်း​ကောင်း အလွန်ရတတ်၏" ဟု​ဖော်ပြထားသကဲ့သို့ "အာဗြံနှင့်အတူလိုက်​သော ​လောတသည်လည်း သိုး၊ နွားများနှင့် တဲအများရှိသဖြင့်" ဟူ၍​တွေ့ရ​ပေသည်။ ထိုသူနှစ်ဦးတို့၏ တိုးပွားခြင်းသည် ​မြေကြီးပင်မဆံ့နိုင်​​ပေ။ "ဥစ္စာများလွန်း၍ သူတို့သည် တရပ်တည်း မ​နေနိုင်ကြ" ဟုလည်း ကျွန်ုပ်တို့ ​တွေ့နိုင်​ပေသည်။ 

ထို့​နောက်တွင် သူတို့နှစ်ဦး၏ နွား​ကျောင်းသားတို့သည် ခိုက်ရန်ပြုကြသည်ဟု​တွေ့ရသည်။ တနည်းအားဖြင့်ဆိုရရလျှင် ရန်ဖြစ်ကြသည်​ပေါ့။ သခင်မတူ၍​သော်လည်း​ကောင်း၊ ကိုယ့်စားကျက်​​နေရာတွင် လာ​ရောက်စား​သောက်၍​သော်လည်း​ကောင်း၊ အမျိုးမျိုးဖြစ်နိုင်​ပေသည်။ ပစ္စည်းဥစ္စာမကြွယ်ဝစဥ်တွင် အဆင်​ပြေစွာ သွားလာခဲ့ကြ​သော်လည်း "အိတ်​ဖောင်းလျှင် စိတ်​ပြောင်းသည်" ဟူသည့်စကားအတိုင်းပင် ယခုတွင်မူ နွား​ကျောင်းသားများသည်ပင်လျှင် ခိုက်ရန်ပြုလာကြပြီဖြစ်သည်။ "မင်းသခင်၊ ငါ့သခင်ဟူ၍ဖြစ်​စေ၊ မင်းသခင်ပိုင်ဆိုင်မှု၊ ငါ့​သခင်နေရာဟူ၍ဖြစ်​စေ" စကားစမြီ​ပြောဆိုကာလည်း ရန်ဖြစ်​ကောင်းလည်း ရန်ဖြစ်​နေကြ​ပေလိမ့်မည်။ 

အာဗြံ၏​နေရာတွင် ကျွန်​တော်တို့သာဆိုလျှင် "ဒီမယ် ငါ့တူ ​လောတ ငါ​ခေါ်လာလို့ မင်းဒီလို​နေနိုင်တာပါ၊ မင်းလူ​တွေမင်းထိန်းကွာ" သို့မဟုတ် "​ဟေ့​ကောင် မင်းတို့​တွေလစ်လိုက်​တော့" ထိုသို့များ ​ပြောဆိုဆုံးဖြတ်မည်​လော၊ မဟုတ်ပြန်လျှင်လည်း အာဏာပြ၍ ဂုဏ်ပြိုင်ကာ နှိမ့်ချခြင်းရှိမည်လားမသိ​ပေ။ 

​အာဗြံ၏ ပဋိပက္ခကိုင်တွယ်​ဖြေရှင်းပုံသည် ယ​နေ့ကျွန်ုပ်တို့အတွက် အတုယူဖွယ်ရာဖြစ်​ပေသည်။ အာဗြံထံမှ ရှေးဦးစွာထွက်​ပေါ်လာ​သော စကားသည် ရန်စကားမဟုတ်၊ အပြစ်တင်ခြင်းမဟုတ်၊ ​ဝေဖန်ခြင်းလည်းမဟုတ်သလို မတူညီမှုများအား ​ထောက်ပြ၍ အပြစ်လည်း မဆိုခဲ့​​ပေ။ ဖြစ်​ပေါ်လာသည့် အဆင်မ​ပြေမှုအ​ပေါ်တွင်လည်း သူ့ပစ္စည်းဥစ္စာ၊ သူ့စိတ်ဆန္ဒနှင့် ခံစားချက်များကိုလည်း ဦးစား​ပေးကာ စကားမဆိုခဲ့​ပါ။ သင်နှင့်ကျွန်ုပ်သည် ပဋိပက္ခတစ်ခုဖြစ်​ပေါ်လာခြင်းအ​ပေါ် ​ မည်သည့်စကားမျိုးဖြင့် ​ရှေးဦးစွာ အစချည်​လေ့ရှိသည်ကို ဆင်ခြင်စရာတစ်ခုအဖြစ် သင်ယူရသည်မဟုတ်ပါလား။ 

အာဗြံသည် မတူညီခြင်း​များ၊ အပြစ်တင်စရာများထက် တူညီမှုကိုသာ ​ရှေးဦးစွာစဥ်းစား၍ ပဋိက္ခ​ကို မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို အ​ရေး​ပေးသည်မှာ "ငါတို့သည် ညီအစ်ကိုချင်းဖြစ်လျှက်" ဟူ​သောစကားသည် သက်​သေပင်ဖြစ်​ပေသည်မဟုတ်ပါလား။ ကျွန်ုပ်တို့တွင် မတူညီမှုများစွာရှိ​နေ​ပေလိမ့်မည်ဖြစ်​သော်လည်း အာဗြံကဲ့သို့ တူညီမှုကိုသာ၍ အ​လေး​ပေးတတ်ရန်လည်း လိုအပ်​ပေလိမ့်မည်။ ပဋိပက္ခဖြစ်သည့်အချိန်တွင် ထိုတူညီမှုသည် အ​ထောက်အကူတစ်ခုဖြစ်​ချေမည်။ 

သို့​သော်လည်း ကျွန်ုပ်တို့သည် မတူညီမှုကိုသာ မြင်တတ်ကြသကဲ့သို့ မတူညီခြင်းများကိုသာ ​ရွေးခြယ်​ပြောဆို အပြစ်တင်​လေ့ရှိတတ်ကြသည်။ "ငါတို့က မတူဘူး၊ မင်းအမြင်က ငါ့အမြင်နဲ့ကွဲတယ်၊ မင်းသ​ဘောထားက ငါနဲ့အဆင်မ​ပြေဘူး" စသဖြင့်​သော အမျိုးမျိုး​သော ကွဲလွဲမှုများကိုသာ ​ပြောဆို၍ ပဋိပက္ခဖြစ်​လေ့ရှိတတ်ကြ​ပေသည်မဟုတ်ပါလား။ 

ကမ္ဘာဦးကျမ်း ၁၃:၈
အာဗြံကလည်း၊ ငါတို့သည် ညီအစ်ကိုချင်းဖြစ်လျက်၊ ငါနှင့် သင်၌လည်းကောင်း၊ ငါ့နွားကျောင်းသားတို့နှင့်၊ သင့်နွားကျောင်းသားတို့၌လည်းကောင်း၊ ခိုက်ရန်မရှိပါစေနှင့်။ 

ငါတို့​တွေ သားအမိသားအဖ၊ တူဝရီး၊ ​ဆွေမျိုးသားချင်း၊ ညီအစ်ကို​ ​မောင်နှမတွေဖြစ်လျှက် ဘာလို့များစကားများ​နေမလဲ၊ ငါတို့​တွေ သူငယ်ချင်း​တွေ၊ မိတ်​ဆွေ​တွေ၊ လုပ်​ဖော်​ဆောင်ဖက်​တွေဖြစ်လျှက်၊ ငါတို့​တွေ အသင်းသူအသင်းသား​​တွေဖြစ်လျှက်၊ ငါတို့​တွေ ယုံကြည်သူ​တွေဖြစ်လျှက်၊ ငါတို့​တွေ ..... ငါတို့​တွေ ခိုက်ရန်မရှိပါ​စေနှင့်ဟူသည့် စကားသည် ပဋိပက္ခတစ်ခုအတွက် အ​ထောက်အကူဖြစ်​ပေလိမ့်မည်မဟုတ်ပါလား။ 

ထို့​နောက်တွင် အာဗြ၏ သူတပါးအား ဦးစား​ပေးတတ်ခြင်း၊ သူတပါး၏ စဥ်းစားဆုံးဖြတ်ချက် ​ရွေးခြယ်ခြင်းအ​ပေါ်၌ ​လေးစားခြင်းကိုလည်း ​တွေ့ရ​ပေသည်။ သို့​သော်လည်း ကျွန်ုပ်တို့သည် သူတပါးထက် မိမိကိုယ်ကိုယ်သာ ဦးစား​ပေးချင်သည်။ သူတပါး၏ စဥ်းစား​ရွေးခြယ်ခြင်း၊ သူတပါး၏ ဆုံးဖြတ်ချက်များအ​ပေါ်၌ အပြစ်တင်ချင်သလို ရှုံ့ချချင်တတ်ကြ​ပေသည်မဟုတ်ပါလား။ 

ထိုသို့​သော မတူညီခြင်းကိုသာ မြင်တတ်ခြင်း၊ မတူညီခြင်းအ​ပေါ် ပြစ်တင်ရှုံ့ချခြင်း၊ သူတပါးအား ဦးစားမ​ပေးတတ်ဘဲ အနိုင်ယူခြင်း၊ သူတပါး၏ လုပ်​ဆောင်​ရွေးခြယ်မှုအ​ပေါ် အပြစ်ဆိုခြင်း၊ သူတပါး၏ စဥ်းစား​ရွေးခြယ်ခြင်းအ​ပေါ် ရှုံ့ချခြင်း၊ သူတပါးတို့နှင့် ကွဲလွဲခြင်းအ​ပေါ်၌သာ အ​ခြေခံကာ အမြဲတမ်းပြဿနာဖြစ်​စေ​နေလျှင်​တော့ ထိုအမှုအရာများသည် ပဋိပက္ခကို ကြီးမားလာ​စေ​​တော့မည်မဟုတ်ပါလား။ 

အာဗြံသည် "ညီအစ်ကိုချင်းဖြစ်လျှက်" ဟုဆိုတတ်သကဲ့သို့ (ဥပမာတစ်ခုဆိုရလျှင်ဖြင့်) ကျွန်ုပ်တို့သည်လည်း ငါတို့သည် သခင်​ယေရှုခရစ်​တော်၌ ယုံကြည်သူများဖြစ်လျှက် ဟူ​သော တူညီခြင်းအ​ပေါ်၌ အ​ခြေခံကာ ​ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ရန်အ​ရေးကြီး​ပေသည်။ ထို့​နောက် အာဗြံ၏ သူတပါးအ​ပေါ် ဦးစား​ပေးတတ်ခြင်း၊ သူတပါး၏ စဥ်းစားခြင်း ​ရွေးခြယ်ခြင်း ဆုံးဖြတ်ခြင်း လုပ်​ဆောင်ခြင်းအ​ပေါ်၌ ​လေးစားခြင်းနှင့် စဥ်းစား​ပေးတတ်ခြင်း နား​ထောင်​ပေးခြင်းသည် ပဋိပက္ခတစ်ခုအတွက် လိုအပ်သည့် ​ဆေးတစ်ခွက်ပင်ဖြစ်​နေ​ပေ​တော့သည်။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next