သာ၍ဟစ်ကြော်ပါ
ယေရိခေါမြို့အနီးနားတွင် တောင်းစားနေသောသူတစ်ဦးရှိပေသည်။ ထိုသူသည် မျက်စိမမြင်ရ၊ တနည်းဆိုရလျှင် တောင်းစားနေသော မျက်မမြင်တစ်ဦးဖြစ်ပေသည်။ သို့သော် သူသည်နားကြားသေးသည်။ ထို့ကြောင့် လူအများဖြတ်သွားသော အသံကိုကြားသဖြင့် အဘယ့်ကြောင့် လူအများအသံကြားရသနည်းစသဖြင့် မေးလေသည်။
ထို့နောက်တွင် နာဇရက်မြို့သားယေရှု ကြွလာတော်မူကြောင်းကို သိရသည့်နောက်တွင်တော့ သူ့အားကယ်မသနားရန် အော်ဟစ်လေတော့သည်။ သူသည် မျက်စိမမြင်သော်လည်း နားကြား၍ နှုတ်မအသောသူဖြစ်သည့်အတွက် အော်ဟစ်နိုင်ခြင်းဖြစ်သည်။ ထို့အပြင် ယေရှုသည် သူ့အားကယ်တင်နိုင်သူဟု သိထားသည်။ ထို့နေ့မတိုင်ခင်ကတည်းကလည်း သခင်ယေရှုနှင့်တွေ့လျှင် အော်ဟစ်မည်ဟု မျှော်လင့်ကောင်း မျှော်လင့်နေနိုင်ပေလိမ့်မည်။
ရှင်လုကာခရစ်ဝင် ၁၈:၃၈
ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်လေ၏။
သခင်ယေရှု၏ တတ်နိုင်သော အကြောင်းအရာကို သူမသိထားလျှင် ထိုသို့အော်မည်လော၊ ဆိုကြပါစို့ ရှင်ဘုရင်လာလျှင်တောင် ထိုသူသည် ထိုသို့အော်မည်မဟုတ်ပါ။ ထို့ကြောင့် သခင်ယေရှုသည် သူ့ကိုကယ်တင်တော်မူနိုင်ခြင်းအကြောင်းကို သူသိထားသည်မှာ သေချာပေလိမ့်မည်။ ထို့ကြောင့်လည်း ထိုသခင်နှင့်ထိတွေ့ရမည့်အရေးကို သူလက်လွတ်မခံခဲ့ခြင်းအကြောင်း ဖြစ်ရပေလိမ့်မည်မဟုတ်ပါလား။
ရှင်လုကာခရစ်ဝင် ၁၈:၃၉
ထိုသူကို တိတ်ဆိတ်စွာနေစေခြင်းငှါ ရှေ့တော်၌ သွားသောသူတို့သည် ငေါက်၍ ဆိုကြသော်လည်း၊ ဒါဝိဒ်၏ သားတော်၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု သာ၍ ဟစ်ကြော်ကြလေ၏။
ရှေ့တော်၌သွားကြသောသူတို့သည် ထိုသူကိုတိတ်ဆိတ်စွာနေရန် "တိတ်တိတ်နေစမ်းပါကွာ၊ တိုးတိုးနေ စသဖြင့်" ငေါက်ကြလေသည်။ ပြောရလျှင်တော့ ထိုသူအတွက် နေရာမရှိချေ။ သို့သော်လည်း မျက်စိမမြင်သော သူတောင်းစားအတွက် ထိုနေရာတွင် တားဆီးသူများ၏ စကားသံများကြောင့်သော်လည်းကောင်း၊ သူ့အတွက်နေရာမရှိခြင်း၊ လူအများ၏ အသိအမှတ်ပြုမခံရခြင်းအကြောင်းများကြောင့်သော်လည်းကောင်း စိတ်ပျက်အားငယ်သွားခြင်းကိုတော့ ကျွန်ုပ်တို့မတွေ့ရ။ "ဒါဝိဒ်၏ သားတော်၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါ" ဟူ၍သာ သာ၍သာ၍ ဟစ်ကြော်ခြင်းကိုတွေ့ရသည်။
ထိုသခင်နှင့်တွေ့ရခြင်းသည် သူ့အတွက် အခွင့်အရေး၊ ထိုသခင်၏ ကယ်မသနားခြင်းကိုရရန်သည် သူ့အတွက် နှုတ်ဆိတ်နေလို့မဖြစ်သည်ကိုသူသိသည်။ ဒီတစ်ကြိမ်သာ မအော်ဟစ်ပဲ နေလိုက်မိလျင် နောက်ဘယ်တော့မှ ပြန်တွေ့ရမည်မသိ၊ နောက်ဆုံးအခွင့်အရေးသည် ဒီတစ်ခါသာဖြစ်လျှင်လည်း ဖြစ်နိုင်ပေမည်ဟု သူသိမည်ဖြစ်သည်။
ယနေ့ကျွန်တော်တို့သည် ပတ်ဝန်းကျင်မှ စကားသံများကြောင့် စိတ်ပျက်အားငယ်တတ်ကြသည်၊ လက်လျှော့တတ်ကြသည်။ မျက်မမြင်သူတောင်းစားမှာတော့ ပတ်ဝန်းကျင်မှ တိတ်ဆိတ်စွာနေရန်တားမြစ်သော်လည်း ထိုနေရာတွင် စိတ်ဓါတ်မကျ လက်မလျှော့ပဲ ဆက်လက်၍သာ အော်ဟစ်ခဲ့ခြင်းကြောင့် သခင်ယေရှုရပ်တော်မူကာ အလိုပြည့်စုံရခြင်းအခွင့်ကို ပေးခဲ့သည်မဟုတ်ပါလား။
ထို့ကြောင့် ဘယ်လိုစကားသံများကြောင့် အားပျက်စိတ်ဓါတ်ကျနေပါသလဲ၊ ဘယ်လိုအရာများမှ သခင်ယေရှုနှင့်တွေ့ရန် တားဆီးပိတ်ပင်နေသလဲ၊ ဘယ်လိုများ တိတ်ဆိတ်စွာနေရန်တားမြစ်နေပါသလဲ၊ သခင့်ထံအော်ဟစ်ရင်း အားပျက်စိတ်ညစ်နေပါပြီလားမိတ်ဆွေ ...
အခက်အခဲ အတားအဆီး၊ စိတ်ပျက်စရာတွေ၊ ငိုကြွေးစရာတွေ၊ အသိအမှတ်ပြုမခံရခြင်းတွေ၊ နာကျည်းစရာတွေ စသဖြင့် ပတ်ဝန်းကျင်မှစကားသံများကြောင့် အားမလျှော့ စိတ်မပျက်ပဲ သခင့်ထံသို့ ဆက်၍သာ အော်ဟစ်ကြရင်း "သင်၏ ယုံကြည်ခြင်းသည် သင့်ကို ကယ်မပြီဟု မိန့်တော်မူ၏။" ဟုဆိုသည့်အတိုင်း အလိုပြည့်စုံရမည့်နေကို ကျွန်ုပ်တို့ဆက်လက်၍ အော်ဟစ်ကြကာ မျှော်လင့်ကြပါစို့။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet