ဘုရားသခင်၏ဘုန်းသာ

တမန်တော်ဝတ္ထုအခန်းကြီး (၁၄) ကိုကြည့်တဲ့အခါမှာ ရှင်ပေါလုသည် ဧဝံဂေလိတရားကို ဟောပြောနေတယ်လို့ အတိုချုပ်ဆိုကြပါစို့။ ဒီအချိန်မှာ လူတစ်ယောက်က ထိုတရားကို ကြားတယ်လို့ဆိုတယ်။ ထိုသူကတော့ အမိဝမ်းတွင်းကတည်းကပင် ခြေမစွမ်းသူဖြစ်ပါတယ်။ တနည်းအားဖြင့်ဆိုရရင်တော့ အောက်ပိုင်းသေနေတယ်လို့ ဆိုရမည်ဖြစ်သည်။ ထိုသူကို ကြည့်တဲ့အခါမှာ သူ့၌ ရောဂါပျောက်ကင်းမယ့်အကြောင်း ယုံကြည်ခြင်းကိုတွေ့တယ်လို့ဆိုပါတယ်။
ထလော့ဆိုပြီး ကြီးသောအသံနဲ့ဆိုတဲ့အခါ ထ၍လှမ်းသွားတယ်လို့တွေ့ရပါတယ်။ ဒီလိုနဲ့ ကျန်းမာခြင်းကို ရသွားတယ်။ ဒီအရာကို လူတွေမြင်တဲ့အခါမှာ ထူးဆန်းတယ်၊ လူတွေမဟုတ်ဘူး နတ်ဘုရားတွေဖြစ်မယ်လို့ပင် ထင်ကြတယ်။ ပေါလုနဲ့ဗာနဗကို နတ်ဘုရားဟုပင် ပူဇော်ကြဖို့ပြင်ကြတာကို မြင်တွေ့ရပါတယ်။
တမန်တော်ဝထ္ထု ၁၄:၁၅
အချင်းလူတို့၊ အဘယ်ကြောင့် ဤသို့ပြုကြသနည်း။ ငါတို့သည် သင်တို့ကဲ့သို့ လောကဓံတရား၌ ကျင်လည်သောသူဖြစ်ပါ၏။ သင်တို့သည် ဤအချည်းနှီးသောအရာတို့ကို ပယ်ကြ၍၊ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာမှစ၍၊ အသက်ရှင်တော်မူသော ဘုရားသခင့်ထံတော်သို့ ပြောင်းလဲရကြမည်အကြောင်း၊ ငါတို့သည် ဧဝံဂေလိတရားကိုဟောပြောကြ၏။
ဒီလိုမှားယွင်းစွာမြင်ကြတဲ့အပေါ်ကို ပေါလုတို့ကတော့ အဝတ်ကိုစုတ် လူကြားထဲဝင်၍ ရှင်းပြတယ်။ မင်းတို့လို လူသာမညတွေပါ၊ တစ်ဆင့်မြင့်တွေ နှစ်ဆင့်မြင့်တွေမဟုတ်ကြောင်းဆိုတယ်။ မင်းတို့လို လောကဓံတရားမှာ ကျင်လည်ကြတဲ့သူတွေပါ၊ မင်းတို့ကို ဘုရားသခင်ကိုမိတ်ဆက်ပေးဖို့ ဧဝံဂေလိတရားလာဟောတာပါ စသဖြင့်ဆို၍ ပြန်ရှင်းပြတာကိုတွေရတယ်။
ကျွန်တော်တို့ကတော့ ငါလုပ်ပေးတာပါ၊ ငါဆုတောင်းပေးလို့၊ ငါလက်တင်လို့၊ ငါဆီလူးဆုတောင်းတာပေါ့ စသဖြင့် ဘုရားဘုန်းကို ဝင်လုနေကြသလား။ တမန်တော်တွေ ဖြစ်တဲ့ ရှင်ပေါလုတို့ကတော့ ဒီလို တိတိကျကျပြောတယ်။ လူတွေလိုပဲ ငါတို့က လူသာမညတွေ မင်းတို့လို လောကဓံကို ကျင်လည်တယ် တူတူခံရတယ်ဆိုတာကို ရှင်းပြတယ်။ သို့သော် ကျွန်တော်တို့က အခွင့်ထူးခံဆိုပြီး ငါတို့က အောင်မြင်သောသူဖြစ်တယ်၊ မွေးလာတာ အောင်မြင်ဖို့၊ ဘုရားသားသမီး အောင်မြင်ရမယ် ကြီးပွားရမယ် ကျန်းမာရမယ် ချမ်းသာရမယ်လို့သာ အသိခေါက်ခက်အဝင်နက်နေပါသလား။ ပေါလုတို့ကတော့ မင်းတို့လိုပဲ လောကဓံမှာကျင်လည်သောသူတွေဖြစ်တယ်လို့သာဆိုတယ်၊ ငါတို့က ဘုရားသားတွေ ကျန်းမာချမ်းသာ အောင်မြင်တယ်၊ လိုချင်တာကို အပေါင်းလက္ခဏာသာပြောပြီး အခွင့်အာဏာနဲ့သိမ်းပိုက်တယ်လို့ မပြောဘူးဆိုတာကို နားလည်ဖို့ရှိပါတယ်။
ဘုရားသခင်ကျေးဇူးတော်ကြောင့်၊ ဘုရားသခင့်ရဲ့ အခွင့်ကြောင့် တန်ခိုးကြောင့် ကျန်းမာခြင်းရသွားခြင်းဖြစ်တာကို ပြန်လည်ရှင်းတယ်။ သူတို့ကို အထင်ကြီးမှု၊ သူတို့ကို ကိုးကွယ်သလိုဖြစ်စေမှုကို ရှင်းထုတ်တယ်။ လူတွေက အထင်ကြီးနေခြင်းကို သာယာနေမိမယ်ဆိုရင် သတိပြုဖို့လိုသလို ကိုယ့်ကို သမ္မာတရားနဲ့ လွဲမှားနေလို့ထောက်ပြခြင်းကို ယေရှုထိတာထက်နာတယ်၊ သမ္မာတရားကိုထိတာထက်နာတယ် ဖြစ်နေသလား။ သို့မဟုတ် ခရစ်ယာန်ဆိုသူတွေက မိမိဆရာတွေကို ဘုရားလိုဖြစ်နေသလား၊ အလွဲသွန်သင်လို့ သမ္မာတရားကိုဖော်ပြခြင်းတွေကို သမ္မာတရားကိုနားမခံနိုင်ဘဲ ဆရာသမားကိုသာ ဘုရားကဲ့သို့ ပူဇော်မိမှန်းမသိပူဇော်နေမိပါသလား။ ထိုဆရာတွေကရော ထိုသူတွေ၏ သဘောထားကို မှိန်းနေကြသလား။ ထိုမြို့မှ ပေါလုတို့ကို နတ်ဘုရားဟုဆိုသလိုပေါ့။ ဒါ့ကြောင့် မိမိတို့အယောက်စီတိုင်းသည် ဘုရားနဲ့စပ်ဆိုင်သော ဘုန်းကို ဘုရားကိုသာပေးကြဖို့ရန် အရေးကြီးသလို၊ ဆရာသမားတွေသည် ဘုရားမဟုတ်ပါ ကိုးကွယ်သကဲ့သို့ဖြစ်နေမိလျှင် ဆင်ခြင်ဖို့လိုအပ်သလို၊ ထိုဆရာတွေသည် ဘုရားနဲ့မိတ်ဆက်ပေးသော ဆက်သွယ်ပေးသော ပွဲစားများမဟုတ်သည်ကို သတိပြုဆင်ခြင်ကာ နားလည်နိုင်ကြဖို့ရာ အနည်းငယ်ခွန်အားပေးတိုက်တွန်းချင်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet