သင့်အတွက်သတင်းကောင်းစကား

လွန်ခဲ့သောရက်မှာ ဆယ်တန်းအောင်စာရင်းထွက်လာတယ်။ ဒီအထဲမှာမှ အောင်တဲ့သူတွေရယ်၊ ဂုဏ်ထူးထွက်တဲ့သူတွေရယ်သည် ထိုစာရင်းထဲတွင် နာမည်ပါလာသည်။ မပါလာသေူသူတွေကတော့ မအောင်တဲ့သူတွေဖြစ်တယ် တနည်းအားဖြင့် ကျတဲ့သူတွေပေါ့။ ဒီလိုနဲ့သိပ်မကြာခင်မှာ မိမိတို့ရဲ့အမှတ်စာရင်းတွေကို ထုတ်ယူခွင့်ကိုရကြတော့မှာဖြစ်ပါတယ်။ အဲ့ဒီအထဲမှာမှ ဘာသာစုံကျတဲ့သူ၊ ငါးဘာသာကျသူ စသဖြင့်တွေကို တွေ့ရမှာဖြစ်သလို၊ ငါးဘာသာ ဂုဏ်ထူးထွက်ပါရက်နဲ့ တစ်ဘာသာကျလို့ ကျသွားတာကိုလည်းမြင်တွေ့ကြရမှာပါ။
ဒီလိုပါဘဲ ကျွန်တော်တို့ရဲ့ ကိုယ်ကျင့်တရား၊ အလှူဒါန၊ ကောင်းအောင်နေခြင်း၊ အကျင့်သီလတွေ၊ ကောင်းမှုကုသိုလ်တွေဟာ ငါးဘာသာ ဂုဏ်ထူးထွက်သော်လည်း တစ်ဘာသာကျသောသူကဲ့သို့ ဖြစ်နေတတ်ပါတယ်။ ကုသိုလ်ကတစ်ပဲ ငရဲကတစ်ပိဿာလို့ဆိုရိုးလည်း ရှိပေသည်မဟုတ်လား ခင်ဗျား။ တစ်နေ့တာလုံးမှာ မိတ်ဆွေဘယ်လောက် ကောင်းအောင် နေနိုင်သလဲ ဆင်ခြင်ကြည့်ပါ၊ စိတ်မတိုရတဲ့နေ့ရက်ဘယ်လောက်များရှိမလဲ၊ တစ်နေ့လုံးမှာ မျက်စိ၊ နှုတ်၊ စိတ်၊ စသဖြင့် မည်မျှ အကုသိုလ်ပြုမိပါသလဲ။
ကျွန်တော်တို့ စားမည့် အစာမည်မျှပင်ကောင်းနေပါစေ ထိုအထဲမှာ မစင်ပါနေလျှင် သင်ရောကျွန်ုပ်ရော မစားပါ၊ ကျွန်တော်တို့ သောက်မည့်ရေ မည်မျှသန့်စင်ထားပါစေ မည်မျှဈေးကြီးသော ရေဖြစ်နေပါစေ တံတွေးပါနေလျှင် မသောက်သလို၊ ကျွန်တော်တို့အယောက်စီတိုင်းရဲ့ အကျင့်သီလ၊ ကုသိုလ်ကောင်းမှုတွေကရော ဘုရားသခင်ရှေ့မှာ ဥတုရောက်သော မိန်းမ၏ ညစ်သောအဝတ်စုတ်ကဲ့သို့ပင် ဖြစ်နေမည်ဆိုတာကို နားလည်ဖို့လိုပါတယ်။
ကျွန်တော်တို့ တစ်ဦးခြင်းစီရဲ့လုပ်ဆောင်ချက်ပါသော၊ အကျင့်သီလ၊ အလှူဒါန ကုသိုလ်ကောင်းမှုတွေကြောင့်သာ လူတိုင်း ဝါကြွားနိုင်ပါတယ်၊ ကောင်းကင်နိုင်ငံတော်မှာ မောင်ကြွားတွေ၊ မယ်ကြွားတွေနှင့်ပြည့်နေမည်ဖြစ်သလို၊ နေရာလုနေကြမည်ဖြစ်သည်။ လောကမှာတောင် ငါလှူတာဘယ်လို၊ ငါကဘာကောင်ဆိုတာနှင့် မိမိရာထူးနေရာ၊ ထိုင်ခုံကိုလုနေကြတာဖြစ်သလို၊ ထိုကောင်ူကင်တွင် သာ၍ငြင်းကြခုံကြ၊ နေရာလု၍ မိမိ၏လုပ်ဆောင်ခဲ့ခြင်းအပေါ် မဝါကြွားမည့်သူရှိပါ့မလားလို့ တွေးမိပါရဲ့လား။
သို့သော် မည်မျှလုပ်ဆောင်ပါစေ၊ မိမိ၏လုပ်ဆောင်ချက်သည် တမလွန်အတွက် အာမခံချက်၊ တိကျတဲ့အဖြေကတော့ မပေးနိုင်တာကို သင်သိမယ်ထင်ပါတယ်။ ဒါ့ကြောင့် လူသားတွေရဲ့ မလုပ်ဆောင်နိုင်ခြင်းကို သိသောကြောင့် သခင်ယေရှုခရစ်တော်၏ ပြုပေးသော ကျေးဇူးတော်သက်သက်ကြောင့်ပင် ကယ်တင်ခြင်းကို အခမဲ့ရတာဖြစ်ပါတယ်။ သင်ရော ကျွန်ုပ်ရော ဝါကြွားစရာအကြောင်းပင်မရှိပါ။ ထို့ကြောင့် အခမဲ့ဆိုသည်မှာ တန်ဖိုးကိုဖြတ်၍မရခြင်းကိုဆိုလိုသည်၊ ကျွန်ုပ်တို့ရှင်းရှင်းလင်းလင်း မြင်စေဖို့ ဥပမာတစ်ခုဆိုရလျှင် တန်ဖိုးဖြတ်မရသောအရာ၊ အဖိုးအခကိုပေး၍ ဝယ်၍မရနိုင်သောကြောင့်၊ ကျွန်ုပ်တို့၏လုပ်ဆောင်နိုင်ခြင်း တတ်နိုင်ခြင်းမရှိသောကြောင့် အခမဲ့ပြုပေးသော ကျေးဇူးတော်ဖြစ်ပါတယ်။ လေကိုသာ အဖိုးအခပေးရလျှင် မည်သူမျှ လေကိုမရှူနိုင်ပါ၊ ငွေကုန်လျှင် သေရပေတော့မည်။ သခင်ယေရှုခရစ်တော်၏ ကျေးဇူးတော်ကြောင့် လောကသားအားလုံးကို အခမဲ့ပေးသော လက်ဆောင်ဖြစ်တဲ့ ကယ်တင်ခြင်းထာဝရအသက်ကို သင်ကိုယ်တိုင်လက်ခံခြင်းအားဖြင့် တမလွန်အတွက် အာမခံချက်မှာ တိကျသောအဖြေကို သင်ရရှိမှာဖြစ်ပါတယ်။ ထိုအခမဲ့ဖြစ်တဲ့ လက်ဆောင်ကို လက်ခံသူတိုင်းဟာ ဆိုးသောသူ၊ ကောင်းသောသူ၊ ကျန်းမာသောသူ၊ သေခါနီးအိပ်ယာပေါ်လဲနေသောသူ၊ စသဖြင့် မည်သူပင်ဖြစ်ပါစေ ထာဝရအသက်ကို ရရှိပိုင်ဆိုင်သောသူဖြစ်ပါတယ်။ အသက်ရှင်နေစဥ်မှာပါ စစ်မှန်သော အာမခံကို ရရှိထားသူလို့ ဆိုရပေတော့မည်။
ဧဖက်ဩဝါဒစာ ၂:၈-၉
ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း။
ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။
ကယ်တင်ရာနေ့ရက်သည် ယနေ့ပင်ဖြစ်သောကြောင့်တမလွန်အတွက် စိတ်ချရသောအဖြေဖြစ်သော သခင်ယေရှုခရစ်တော်ကို မိတ်ဆွေက မြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ ...
***ယေရှုခရစ်တော်သည် ကျွန်တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်ပေါ်မှာအသေခံအသွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံတော်မူပြီးတော့ ကျမ်းစာလာသည့်အတိုင်း၃ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တာကို ယုံကြည်လက်ခံပါတယ်။ ***
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet