လူသားအားလုံးအတွက် ခရစ်စမတ်
ဒီကာလဟာ ခရစ်စမတ်ကာလဟုဆိုရရင်လည်း မမှားချေ။ အကြောင်းအမျိုးမျိုးကြောင့် City Christmas တို့ဘာတို့နှင့် ပွဲကြီးပွဲငယ် မကျင်းပရသော်လည်း လူတိုင်းလူတိုင်း ပျော်ရွှင်စွာ ဖြတ်သန်းကြသော ကာလအဖြစ်တည်ရှိနေဆဲပင်ဖြစ်ချေသည် မဟုတ်ပါလား။
ရုံးတွေ၊ အိမ်တွေ၊ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ စသဖြင့် အမျိုးမျိုးသော နေရာများတွင် အများသောအားဖြင့်တော့ အလှဆင်ကြသည်။ မရှိဘူးဆိုလျှင် အနည်းဆုံးတော့ စာတမ်းခေါင်းစီးလေးများရှိတတ်ကြပေသည်။ ထိုအထဲတွင် ခရစ်ယာန်မဟုတ်သူများလည်းပါကြသည်။ ပါဝင်ကျင်းပကြသလို၊ ပါဝင်အလှဆင်ကြကာ ဝမ်းမြောက်ဝမ်းသာစွာဖြင့် ပါဝင်ဆင်နွှဲတတ်ကြသည်ကို မြင်တွေ့နိုင်ပေသည်။ အေးချမ်းလှတဲ့ ဒီကာလတွင် ပျော်ကြသည် ဝမ်းမြောက်ကြသည်။
ခရစ်စမတ်သည် လူသားအားလုံးနှင့်ဆိုင်သည်ဆိုသည်မှာ မှန်ပါသည်။ သို့သော်လည်း ထိုအလှဆင်ခြင်းတစ်ခုထက်တော့ ပိုသည်ဆိုတာကိုတော့ မိတ်ဆွေသိပါရဲ့လား။ ယခုကဲ့သို့ဆိုခြင်းသည် ယခုသင်ဝမ်းမြောက်ပျော်ရွှင်နေသည်ထက် သာ၍ဝမ်းမြောက်စရာ သတင်းကောင်းကို ကြားပြောမည်ဖြစ်သောကြောင့်ပင် ဖြစ်ချေသည်။
ခရစ်စမတ်ဆိုသည်မှာ ဘာသာရေးပွဲမဟုတ်သည်ကို သတိချပ်ဖို့ရန်လိုအပ်သည်။ ခရစ်စမတ်ဆိုသည်မှာ ခရစ်ယာန်များ၏ပွဲမဟုတ်သလို ခရစ်ယာန်သာပိုင်ဆိုင်သည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ထိုအချိန်ကာလသည် လူသားအားလုံးအတွက် ဝမ်းမြောက်စရာ သတင်းကောင်းကြားရချိန်ဖြစ်သောကြောင့်ပင်။ လူသားအားလုံးဟုဆိုရာ၌ လူသားအားလုံးသည် ဖြူဖြူ၊ မဲမဲ၊ မည်သည့် ဘာသာဝင်ဖြစ်နေပါစေ ပခုံးနှစ်ဖက်မှ ခေါင်းပေါက်သောသူ မှန်သမျှအတွက်ပင်ဖြစ်သလို ဤကမ္ဘာသူကမ္ဘာသားများ အားလုံးအတွက် ဖြစ်ချေတော့သည်။
ထိုသတင်းကောင်းမှာ သခင်ခရစ်တော်တည်းဟူသော အရှင်သခင်ပေါ်ထွန်းပြီ ဟူသောသတင်းပင်ဖြစ်သည်။ ထိုကယ်တင်သောအရှင်သည် ခရစ်ယာန်များကိုသာ ကယ်တင်သည် မဟုတ်၊ လူသားအားလုံးအတွက် ကမ္ဘာသူကမ္ဘာသားများအားလုံးအတွက် ဖြစ်ပေသည်။ အဲဒီသခင်ယေရှုခရစ်တော်သည် လူသားများအားလုံး၏ အပြစ်ကို ဆေးကြောပေးသောကြောင့် ယနေ့ကျွန်ုပ်တို့ဆင်နွှဲနေသော ခရစ်စမတ်သည် လူသားအားလုံးနှင့် သက်ဆိုင်ပေသည်။ လူသားများ မလုပ်နိုင်သောကြောင့် ကယ်တင်ပေးခြင်းသည် ပွဲတစ်ခုဆင်နွှဲသည်ထက် ပိုနေပေသည်။ တနည်းဆိုရရင်ဖြင့် ယခုပျော်နေသည်ထက် သာ၍ပင် ဝမ်းမြောက်စရာဖြစ်သည် မဟုတ်ပါလား။
ရှင်လုကာခရစ်ဝင် ၂:၁၁
ယနေ့တွင် ဒါဝိဒ်မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဘို့အလိုငှါ ဘွားမြင်ခြင်းကိုခံတော်မူပြီ။
မိတ်ဆွေ၏ အပြစ်ကြောင့် အပ္ပါယ်လားရန် မလိုတော့ပေ၊ မိတ်ဆွေ၏ တမလွန်အရေးအတွက် စိုးရိမ်ရန်မလိုတော့ပေ၊ မိတ်ဆွေ၏ ကျင့်ကြံပြုမူခြင်း ကုသိုလ်ကောင်းမှုတွေပြုသော်လည်း စိတ်မချနိုင်သော တမလွန်အရေးအတွက် စိတ်ပူနေရန်မလိုတော့ပေ၊ မိတ်ဆွေ မည်သည့်အချိန်တွင် မည်သို့သေမည်ကို စိုးရိမ်စရာမလိုတော့ရန်အတွက် ထိုသခင်သည် ဤလောကသို့ ကြွလာ၍ ကယ်တင်ခြင်းကို လူသားအားလုံးအတွက် အခမဲ့ပေးခဲ့ပြီးပြီဖြစ်ချေသည်။
ထို့ကြောင့် အလွန်ဝမ်းမြောက်စရာ သတင်းကောင်းသည် သင့်အတွက် ကျွန်ုပ်အတွက် လူသားအားလုံးအတွက်ဖြစ်သလို ခရစ်စမတ်သည်လည်း သင့်အတွက် ကျွန်ုပ်အတွက် လူသားအားလုံးအတွက်ဖြစ်တယ်ဆိုတာကို ဝေမျှပေးရင်း ခရစ်စမတ်၏ အနှစ်သာရကို ခံစားရသူများဖြစ်ကြပါစေဟု ဆုတောင်းပေးလိုက်ပါတယ်။
အားလုံးပဲ Merry Christmas ပါ။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet