အရှုံးထဲမှ ကယ်နှုတ်ခြင်း
ကျွန်တော်တို့ အယောက်စီတိုင်း၏ အသက်တာတွင် ကောင်းခြင်း၊ ဆိုးခြင်းများစွာကြုံတွေ့ခဲ့ကြဖူးလိမ့်မည်ဖြစ်သည်။ လက်ရှိကာလတွင်လည်း အများနည်းတူ လောကဓံတရားကို ကြုံရဆုံရကာ ဖြတ်သန်းနေကြရသည်မှာလည်း မြေကြီးလက်ခတ်မလွဲပေ။ မိသားစုအရေး၊ ငွေရေးကြေးရေး၊ ပညာရေး၊ လူမှုရေး၊ အိမ်ထောင်ရေး၊ နိုင်ငံရေးမှအစ အမျိုးမျိုးသောအခက်အခဲများကို ကြုံတွေ့နေရသည့်ကာလတစ်ခုလည်း ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။
ထိုသို့ ခက်ခဲခြင်းများကိုကြုံတွေ့ရင်ဆိုင်ရသော အချိန်တိုင်းတွင်လည်း ကျွန်တော်တို့တွေသည် ဘုရားသခင်ထံ ဆုတောင်းတတ်ကြသည်။ ငိုကြွေးလျှက် မျက်ရည်ကျကာ ဆုတောင်းကြသည့်အချိန်များလည်းရှိကြပေလိမ့်မည်။
သို့သော်လည်း ကျွန်ုပ်တို့ကြုံတွေ့ရင်ဆိုင်နေရသော လက်ရှိအခြေအနေတို့သည် အဖြေကိုမရ၊ အဆင်မပြေသာဖြစ်၍ အချိန်ကြာညောင်းနေသည့်ကာလတစ်ခုကိုလည်း ခံစားကောင်းခံစားနေရသည့်ကာလလည်း ဖြစ်လျှင်ဖြစ်နေပေလိမ့်မည်။ ခက်ခဲခြင်းများနှင့်သာ နပန်းလုံးနေရခြင်း၊ အဆင်မပြေခြင်းများနှင့်သာ ချာလပတ်ရမ်းနေရခြင်း၊ မှောင်မိုက်၌သာ လည်နေရခြင်း၊ မတရားမှုများ၏ ကြီးစိုးခံနေရခြင်း၊ အဓမ္မအမှုများသာ ကြီးစိုးနေခြင်း စသဖြင့် အမျိုးမျိုးသော အခြေအနေအရပ်ရပ်တို့အတွက် အဖြေမရဖြစ်နေသည့် ကာလတစ်ခုလည်း ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။
မျှော်လင့်လေ ဖြစ်မလာလေ ပင်ပန်းရလေ၊ မျှော်လင့်လေ ပိုဆိုးလာလေ နာကျင်ရလေ၊ မျှော်လင့်လေ ဆန့်ကျင်ဘက်အခြေအနေသာဖြစ်လာလေ လက်လျှော့ချင်စရာဖြစ်လေ စသောအခြေအနေများကို ရင်ဆိုင်နေကြရသည့် ကာလတစ်ခုလည်း ဖြစ်ကောင်းဖြစ်နေပေလိမ့်မည်။ မိမိတို့၏ ဆုတောင်းများကိုပင်လျှင် ဘုရားသခင်မျက်နှာလွှဲထားသကဲ့သို့ပင် ခံစားကြရသည့်ကာလ၊ သို့မဟုတ်လျှင်လည်း ဆုပင်မတောင်းချင်တော့လောက်အောင် စိတ်နှလုံးပူပန်သည့်ကာလတစ်ခုဟုပင်ဆိုရပေဦးတော့မည်။
မှန်သင့်သလောက် မှန်ပေသည်၊ မျှော်လင့်နေသည့်အရာသည် ဖင့်နွဲ့နေလျှင် အကျွန်ုပ်တို့၏ စိတ်နှလုံးကို ပူပန်စေတတ်သည်မဟုတ်ပါလား။ ကျွန်ုပ်တို့ကိုယ်တိုင်ပင်လျှင် မိမိတို့၏ မျှော်လင့်မိသောအရာသည် ဖင့်နွဲ့လေ စိတ်ပူပန်ရလေ စိတ်ပျက်လာမိလေဖြစ်မိ ခံစားမိကြဖူးလိမ့်မည်။ သို့သော်လည်း မည်သို့ပင် မြင်နေရသောအရာတို့သည် မိမိတို့၏ မျှော်လင့်နေသောအရာများနှင့် ဆန့်ကျင်ဘက်များသာဖြစ်နေပါစေဦးတော့ ကျွန်ုပ်တို့ရင်ဆိုင်နေရသော အခက်အခဲများ၊ ဆိုးယုတ်ခြင်းများနှင့် မတရားဖိနှိပ်ခြင်းများကို ဘုရားသခင် စေ့စေ့မြင်သကဲ့သို့၊ ကျွန်ုပ်တို့အော်ဟစ်နေသော မြည်တမ်းခြင်းများကိုလည်း ဘုရားသခင်သည် ကြားနေသည်ဖြစ်ပြီး၊ ကျွန်ုပ်တို့ခံစားနေရသော နာကျဥ်ခြင်းများ၊ ဝေဒနာများကိုလည်း ဘုရားသခင်သိပါသည်။
ထွက်မြောက်ရာကျမ်း ၃:၇
ထာဝရဘုရားကလည်း၊ အဲဂုတ္တုပြည်၌ရှိသောငါ၏လူတို့ခံရသော ညှဉ်းဆဲခြင်းကို ငါစေ့စေ့မြင်ခဲ့ပြီ။ သူတို့ကိုစေခိုင်းသောသခင်တို့ကြောင့် သူတို့မြည်တမ်းသောအသံကိုလည်း ငါကြားခဲ့ပြီ။ သူတို့နာကြည်းခြင်းဝေဒနာကို ငါသိ၏။
အထက်ပါကျမ်းပိုဒ်သည် မောရှေအား ဘုရားသခင်ခေါ်သည့်အချိန်တွင် ပြောသောစကားဖြစ်သည်။ အဲဂုတ္တုပြည်တွင် ဖိနှိပ်ဆင်းရဲခံနေရသောအရာများ၊ မတရားမှုများ၊ အဓမ္မအရာများ၊ သူ့လူမျိုးတို့၏ အော်ဟစ်ခြင်းများ၊ နာကျဥ်ခြင်းများနှင့် ထိုမတရားညဥ်းဆဲမှုများကို ဘုရားသခင်သိသည်၊ ကြားသည်၊ မြင်သည်ဟုဆိုခြင်းပင် ... (ထိုအချိန်သည် လူတိုင်း အရှုံးခံနေရချိန်၊ လူတိုင်းဖိနှိပ်ခံနေရချိန်၊ မတရားမှုကြီးစိုးနေချိန်၊ အဓမ္မအမှုများရှိနေချိန်များသာဖြစ်နေသေးသည်)
တခါတလေတွင် အမှောင်မိုက်ဆုံးသောအခြေအနေသို့ ရောက်ရှိနေခြင်းကို ခံစားရချိန်တွင် ဘုရားသခင်မရှိတော့ဘူးလား၊ ဘုရားသခင်မသိဘူးလား၊ ဘုရားသခင်မမြင်ဘူးလားဟုပင် ခံစားမိကာ ငိုကြွေးအော်ဟစ်မိတတ်ကြသည်ဖြစ်သော်လည်း ထိုသို့ အရှုံးခံနေရချိန်မှာတွင်ပင်လျှင် ဘုရားသခင်သည် "ငါ၏လူတို့ခံရသော ညှဉ်းဆဲခြင်းကို ငါစေ့စေ့မြင်ခဲ့ပြီ။ သူတို့မြည်တမ်းသောအသံကိုလည်း ငါကြားခဲ့ပြီ။ သူတို့နာကြည်းခြင်းဝေဒနာကို ငါသိ၏။" ဟုဆိုသည်ကို ဆင်ခြင်ကာ ထိုသူတို့အတွက် ဘုရားသခင်၏ကယ်နှုတ်ခြင်းနှင့် ဖာရောဘုရင်၏ အလုံးအရင်းတို့ဆုံးရှုံးရခြင်းအဖြစ်ကို ကျွန်ုပ်တို့ သိမှတ်၍ ပြန်လည်အားယူ၍ ရဲရင့်ခြင်းရှိစေဖို့ ခွန်အားယူကာဆင်ခြင်ကြစို့ရယ် ...
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet