ရုတ်ချည်းဝင်ရောက်လာတတ်ပါသော်လည်း
ဒီကနေ့ညနေပိုင်းမှာ အပြင်သွားစရာရှိသောကြောင့် ပြင်ဆင်၍ ထွက်ခဲ့သည်။ ပုံမှန်သာဆိုလျှင် ကျွန်ုပ်သည် မိမိလမ်းထဲတွင် ကားကို ကီလို (၁၀, ၁၅) လောက်ဖြင့် ပုံမှန်အရွေ့အတိုင်း မောင်းကာ ကွေ့တတ်သော်လည်း ယနေ့ကွေ့ခါနီးတွင် သိပ်မရွေ့ကာ ဘီးသာ တစ်လှိမ့်ချင်းလှိမ့်မိနေသည်။ ညာဘက်တွင် ကလေးငယ်လေးရှိသောကြောင့် ဖြေးဖြေးလေးသာ ကွေ့မည်ဟုတွေးကာ ရပ်နေသကဲ့သို့ပင် ဖြစ်နေပေသည်။
အရှေ့တွင်လည်း ကောင်လေးနှစ်ယောက်ကို တွေ့လိုက်သည်။ တစ်ဦးမှစက်ဘီးစီးကာ တစ်ဦးမှာ ထိုနောက်သို့ ဘေးချင်းကပ်ပြေးလိုက်နေပေသည်။ သူတို့သည် မိမိကားထံသို့ ပြေး၍ ရုတ်တရက် ချိုးကွေ့လိုက်ပေသည်။ ကျွန်ုပ်ကြည့်နေစဥ်တန်းလန်းမှာပင် ဘေးမှ ဖြတ်သွားသည်မှာ မြန်လွန်းလှသည်။ ဖြတ်ဖြတ်ချင်းမှာပင် အသံတစ်သံကြားလိုက်ရသည်။
"ဒုန်း"
ကျွန်ုပ် မှန်ချ၍ ကြည့်လိုက်သည်။ သို့သော်လည်း ထိုနှစ်ယောက်သား မည်သို့ဖြစ်သည်ကို သေချာမမြင်ခဲ့။ ကျေးဇူးတော်ကြောင့်ပင် ကျွန်ုပ်ကား မမောင်းခဲ့ဘဲ ရပ်သလိုဖြစ်နေမိခဲ့သောကြောင့် ထင်ထင်ရှားရှား ကြီးမားစွာ မထိခိုက်ခဲ့ပါ။ မိမိမဖိတ်ခေါ်ဘဲ သူတို့တွေရောက်လာခဲ့သလို၊ သူတို့ဖာသာ သူတို့ဝင်တိုက်ခြင်းဖြစ်သောကြောင့် နှစ်ယောက်သား ပြန်ထွက်သွားကြပေသည်။ လူရော ကားပါ မထိခိုက်ခြင်းသည်လည်း ကျေးဇူးတော်ပင်။
တခါတရံမှာလည်း ကျွန်ုပ်တို့ အသက်တာတွင် မမျှော်လင့်ထားသည့် ပြဿနာများကို ရင်ဆိုင်ရတတ်ပေသည်။ ဘယ်နေရာမှရောက်လာသည်မသိ စိတ်ဆင်းရဲခြင်းသည် လာရောက်တည်းခိုသကဲ့သို့ အဆင်မပြေခြင်းသည်လည်း လာရောက်ခိုအောင်းတတ်ပေသည်။ မနာလိုခြင်းမှာ ရုတ်ချည်းထွက်ပေါ်လာတတ်သလို မဖိတ်ခေါ်ဘဲ ရောက်ရောက်လာသည့် စုံစမ်းခြင်းပေါင်းများစွာသည် တာထွက်မှ စလွှတ်လိုက်သည့် တာတိုအပြေးသမားများကဲ့သို့ အားရပါးရပြေးဝင်လာတတ်သည်မျိုးပင်။
ဒီလိုပါပဲ မဖိတ်ခေါ်ဘဲ ရောက်လာသည့် အတွေးများ၊ အမုန်းတရား၊ မနာလိုခြင်း၊ ခွင့်မလွှတ်ခြင်းများကို နေရာမပေးမိစေဖို့ရန်လိုအပ်ပေသည်။ လာရောက်တည်းခိုသော ထိုအခက်အခဲများအတွက် နေရာပေးကာ ကြိုဆိုမိလျှင်တော့ ဧည့်သည်အဖြစ်မှ အိမ်ရှင်ဖြစ်ကာ ကျွန်ုပ်တို့၏ စိတ်နှလုံးကို ထိုးနှက်တိုက်ခိုက်လာပါလိမ့်မည်။ ထို့ကြောင့် ခက်ခဲခြင်းရှိသော်လည်း ထိုအရာများထက် သခင်ယေရှုကိုသာ နေရာပေးကာ "ငါ့ကို ခေါ်လော့၊ ငါ ထူးမည်" ဟုဆိုသည့်အတိုင်း မိမိတို့၏ သခင်ကိုသာ ခေါ်ကြဖို့ရန် သတိရှိဖို့ အရေးကြီးပေသည်။
ဆာလံကျမ်း ၃၀:၅
အမျက်တော်သည် ခဏထွက်၏။ ကျေးဇူးတော်မူကား၊ တစ်သက်လုံးတည်၏။ ညဦးယံ၌ ငိုကြွေးခြင်းသည် လာ၍တည်းခို၏။ နံနက်ယံ၌ကား၊ သီချင်းဆိုသောအခွင့် ရှိ၏။
မဖိတ်ခေါ်ဘဲရောက်ရှိလာသည့် ခက်ခဲခြင်းများ၊ ငိုကြွေးခြင်းများ၊ စုံစမ်းခြင်းများသည် တည်းခိုခြင်းသာ တတ်နိုင်ကြပြီး ကျေးဇူးတော်သည်သာလျှင် တစ်သက်လုံးတည်မြဲသည်ဖြစ်သည်။ ဧည့်သည်သည် အချိန်တန်လျှင် ထွက်ခွာရပေသည်။ "အချိန်တန် အိမ်ပြန်" ဆိုသကဲ့သို့ ပြန်ကိုပြန်ရပေသည် မဟုတ်ပါလား။ ထို့ကြောင့် ကျွန်ုပ်တို့မဖိတ်ခေါ်ဘဲ ရောက်ရောက်လာတတ်သည့် ထိုခက်ခဲခြင်းပြဿနာများနှင့် စုံစမ်းခြင်းများသည် ရုတ်ချည်းဝင်ရောက်လာတတ်ပါသော်လည်း ကျွန်ုပ်တို့ ယုံကြည်သူခရစ်ယာန်များသည် သီချင်းဆိုကာ ချီးမွမ်းရသောအခွင့် အပြည့်အဝရှိနေပါသေး၏ဟု အနည်းငယ်တိုက်တွန်း ခွန်အားပေးလိုပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet