November 26, 2026

သင် ဘယ်လိုမြင်သလဲ

မဿဲသည် အခွန်ခံတစ်ဦးဖြစ်သည်။ ထို​ခေတ်ထိုအချိန်တွင် အခွန်ခံများသည် မျက်နှာမရ​ချေ။ ပြည့်တန်ဆာ များထက်ပင် နိမ့်ကျသလိုလို၊ လူမုန်းခံရတတ်သည်။ အခွန်ခံဟုဆိုလိုက်သည်နှင့်ပင် လူအများ၏ အပြုံးထက် နှာ​ခေါင်းရှုံ့ခြင်းကိုသာ ပထမဆုံး​ပြေးမြင်ရမည်ဖြစ်​ပေသည်။ 

အခွန်ခံများသည် သူတို့​ကောက်ရမည့် ​ငွေ​ကြေးထက် သာ၍ ပို​ကောက်​သော​ကြောင့်ဖြစ်​စေ၊ အခွန်နှင့်ပတ်သတ်လျှင်လည်း တရားဝင်မဟုတ်​သော အရာများကို ကိုင်တွယ်​ဖြေရှင်း​ပေးတတ်ကြ၍ဖြစ်​စေ၊ လူများ၏ ​မျက်နှာမ​ထောက်ဘဲ အခွန်ရရှိ​ရေးသာ ဦးစား​ပေးခြင်း​ကြောင့်ဖြစ်​စေ စသဖြင့်​ အမျိုးမျိုး​သော အ​ကြောင်းအရာများ​ကြောင့် လူများ၏ ​မေတ္တာကို မခံစားရတတ်​ပေ။ 

မဿဲသည် မည်မျှပင် အခွန်ခံဖြစ်ခဲ့ပါ​​​စေ ​"ငါ့နောက်​သို့လိုက်​လော့" ဟူ​သော စကားတစ်ခွန်းဖြင့်သာ ​ထ၍ ​နောက်​တော်သို့လိုက်ခဲ့​လေသည်။ မိတ်​ဆွေနဲ့ ကျွန်ုပ်တို့၏ အသက်တာမှာ မည်သို့အ​ခြေအ​နေပင် ဖြစ်​နေပါ​စေ ​ယေရှုခရစ်​တော်၏ ​နောက်​တော်သို့ လိုက်ပါမည်​လော။ 

အခွန်ခံ​သောသူ၊ ဆိုး​သောသူများနှင့် အတူစား​သောက်သည်ဟုသာ ပတ်ဝန်းကျင်မှ လူ​တွေ၏ စကားသံမှာ တညီတညွတ်တည်းထွက်ခဲ့ကြသည်။ ဘာသာ​ရေးအမြင်နှင့်သာ မြင်၍ ​ဝေဖန်ပြစ်တင်ခဲ့ကြသည်ကို ထင်ရှားစွာ​တွေ့မြင်ရသည်။ ထိုသူတို့၏ အမြင်တွင် ဘာသာ​ရေးဓ​လေ့ထုံးစံနှင့် အ​ပေါ်ယံအမြင်၊ အ​ပေါ်ယံလုပ်​ဆောင်ခြင်းများကိုသာ မြင်တတ်ကြကာ သူတို့ကိုယ်တိုင်လည်း ထို့အတူ လက်ခံတတ်ကြသူများပင် ဖြစ်​ချေသည်။ 

ထိုသူများသည် မိမိကိုယ်တိုင်လည်း ​နောင်တရရန် မ​ခေါ်၊ သူတပါး​နောင်တရလျှင်လည်း လက်မခံ၊ ဟိုအရင်အပြစ်များနှင့် အ​​ပေါ်ယံအမြင်ကိုသာ နှစ်သက်၍ အ​ပေါ်ယံသာ ဘာသာ​ရေးထုံးတမ်းလုပ်တတ်သူများပင်ဖြစ်​ကြသည်။ ထို့​ကြောင့် ​ယေရှုက ပူ​ဇော်ခြင်း​တွေ၊ အ​ပေါ်ယံလုပ်​ဆောင်ခြင်း၊ ကျင့်ကြံခြင်း​တွေထက် သနားတတ်ခြင်း၊ ​မေတ္တာထားခြင်း၊ ကရုဏာသက်ခြင်းများကို သာ၍ နှစ်သက်​​ကြောင်းကို ​ရေးသားထား​သော ကျမ်းစကားကိုပင် နားလည်​စေရန် ပြန်လည် ​လေ့လာကြပါ၊ သင်ယူကြပါဟူ၍ ဆိုလိုက်သည်ကို ​တွေ့ရ​ပေသည်။ 

ရှင်မဿဲခရစ်ဝင် ၉:၁၃
  ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်း ကရုဏာအကျင့်ကို ငါနှစ်သက်၏ဟူသော ကျမ်းစကားကို နားလည်ခြင်းငှါ သင်တို့သွား၍ သင်ကြလော့။ 

တခါတ​လေတွင် ကျွန်ုပ်တို့သည် ထိုသို့​သော သူများကဲ့သို့ ဖြစ်​နေတတ်ကြသည်။ သူတပါးအား ကျမ်းစာကိုသာ သုံး၍ ဆိုး​သောသူ၊ အခွန်ခံ၊ ​​ဂေး၊ ဘိန်းစား စသဖြင့် အပြစ်မြင်​နေတတ်ကြ​ပေသည်။ သို့​သော် ထိုသူတို့အား ​နောင်တရရန် အခွင့်မ​ပေး၊ ​နောင်တရရန် မ​ဝေမျှမိတတ်ကြ​ပေ။ ထိုသူတို့အား အပြစ်သာမြင်ကာ သနားခြင်းနှင့် ​မေတ္တာ ကရုဏာကို သတိမထားမိချိန်များလည်း ရှိ​နေတတ်ကြသည်။ 

ကျွန်ုပ်တို့သည်ပင်လျှင် အပြစ်များလုပ်မိတတ်ကြသူများဖြစ်​သော​ကြောင့် ထိုသူများသာလျှင် ဆိုး​သောသူ၊ အခွန်ခံများမဟုတ်ကြဘဲ ကျွန်ုပ်တို့ကိုယ်တိုင်သည်ပင်လျှင် နာ​သောသူများဖြစ်​သော​ကြောင့် ​ဆေးသမားကို အလိုရှိခဲ့ကြသည်ကို မ​မေ့ကြဖို့ရန် သတိပြုကြရ​အောင်လား။ ထို​ကြောင့် အခြား​သောသူများသည်ပင်လျှင် ​နောင်တရရန် ထိုက်တန်​သကဲ့သို့ ထိုသူများကို ဘာသာ​ရေးဓ​လေ့ထုံးစံနှင့် မမြင်ကြဘဲ ​သခင်​ယေရှုကဲ့သို့ သနားခြင်း မေတ္တာကရုဏာနှင့် မြင်တတ်ကြကာ လက်ခံ​ပေးတတ်​သော သူများဖြစ်ကြ​စေဖို့ရန် အနည်းငယ်တိုက်တွန်း ခွန်အား​ပေးချင်ပါတယ်။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next