အဓမ္မ၏ ကျေးကျွန်များ

လောကကြီးတွင် ဓမ္မနှင့် အဓမ္မဟူ၍ လမ်းနှစ်မျိုးရှိသည်။ ထိုလမ်းများကို သိစေရန် ငယ်စဥ်ကတည်းမှ သွန်သင်ခြင်းကိုခံရကြသည်။ ပညာ၏ အဆုံးအမ မိဘ၏ အဆုံးအမ၊ ဆရာ/မ၏ အဆုံးအမ၊ တရားဓမ္မ၏ အဆုံးအမ၊ ဘာသာတရားတို့၏ အဆုံးအမ၊ လူကြီးသူမ၏ အဆုံးအမ စသဖြင့် အဆုံးအမပေါင်းများစွာကို သွန်သင်ခြင်းခံခဲ့ကြရပေသည်။
သွန်သင်ခြင်းများကို လိုက်လျှောက်ခြင်းအားဖြင့် မိမိတို့သွားရာလမ်းကို ဆင်ခြင်တတ်ကြသည်။ ထိုလမ်းသည် အဓမ္မအမှုဖြစ်တည်ရာလမ်းလား၊ ထိုလမ်းသည် မတရားမှုကြီးစိုးရာလမ်းလား၊ ထိုလမ်းသည် ကရုဏာကင်းမဲ့ရာလမ်းလား၊ ထိုလမ်းသည် သနားညှာတာခြင်းမရှိသည့်လမ်းလား၊ ထိုလမ်းသည် ရက်စက်ကြမ်းကြုတ်ရာလမ်းလား စသဖြင့်ဆင်ခြင်ကာ ပိုင်းခြားတတ်ကြပေသည်။
သို့သော် သွန်သင်ခြင်းကို နှလုံးမသွင်းထားသူများနှင့် အချို့သောသွန်သင်ခြင်းကို မခံထားရသူ လူမိုက်တို့မည်သည်ကား အဓမ္မလမ်းသို့လိုက်တတ်ကြသည်။ ထိုသို့သော လူမိုက်တို့မည်သည် အိပ်ယာထပ်မှာပင်လျှင် မကောင်းသောအမှုကို ကြံစည်တတ်ကြသည်။ မကောင်းမှုကိုသာ လုပ်ဆောင်နိုင်ရန် ကြိုးစားတတ်ကြသကဲ့သို့ ထိုအဓမ္မမှုကိုသာ နှလုံးသွင်းတတ်ကြရုံမက မိမိတို့၏ အပြစ်ကို နောင်တမရဘဲ နေတတ်ကြပေသည်။
သုတ္တံကျမ်း ၁၆:၂၇
အဓမ္မလူသည် မကောင်းသောအမှုကို ကြိုးစား၍ ကြံစည်တတ်၏။ သူ၏နှုတ်ခမ်း၌ လောင်သောမီးကဲ့သို့ ရှိ၏။
ထိုသို့သောသူ၏ နှုတ်သည်လည်း သူတပါးပူလောင်ရာ မီးကဲ့သို့သော စကားမျိုးသာပြောတတ်သည်။ "သင်တို့သည် ဟုတ်သည်ကို အဟုတ်၊ မဟုတ်သည်ကို မဟုတ် ပြောပါ" ဟုဆိုသည်နှင့်ဆန့်ကျင်ဘက်ဖြစ်သော လျှာရိုးမရှိ ပေါက်ပန်းလေးဆယ် လီဆယ်လုပ်ကြံပြောဆိုတတ်ကြကာ မုသာ၏အဘ စာတန်ကို အဖေခေါ်သူများသာဖြစ်ကြပေသည်။ အဘယ့်ကြောင့်ဆိုသော် မမှန်သော သက်သေသည် မုသာကိုသုံးသည်ဟုဆိုရုံမက "မုသာ၏အဘသည် စာတန်" ဖြစ်ပေသည် မဟုတ်ပါလား။
သုတ္တံကျမ်း ၅:၂၂
အဓမ္မလူသည် မိမိပြုသော ဒုစရိုက်အပြစ်ဖြင့် ဖမ်းမိခြင်း၊ မိမိအပြစ်ကြိုးတို့ဖြင့် ချည်နှောင်ခြင်းကို ခံရလိမ့်မည်။
အဓမ္မအမှုကိုပြုတတ်သော ဒုစရိုက်လုပ်သူများသည် အချိန်တန်သည့်အခါတွင် အကျိုးအပြစ်ကို ခံစားကြရမည်ဖြစ်သည်။ ထိုအဓမ္မအမှုနှင့် အခြားသောအပြစ်များကို အများသူငှာမမြင်ကြလျှင်တောင်မှ ဘုရားသခင်သည် အားလုံးကို သိမြင်သောဘုရားသခင်ဖြစ်သည်။ ထိုဒုစရိုက်၏အပြစ်တို့သည် မိမိလည်ပင်းကို ကြိုးကွင်းစွတ်သကဲ့သို့ ချည်နှောင်လျှက်ပင်ရှိသည်ကို ထိုသူတို့မသိကြပေ။ ထိုကြိုးကိုမချွတ်ပယ်နိုင်ဖြစ်ကာ၊ အဓမ္မအမှုကိုသာ ဆက်လက်ကြံစည်လုပ်ဆောင်ခြင်း၊ မတရားမှုများနှင့် မုသာများကိုသာ သုံးဆောင်ခြင်းများကြောင့် ထိုသူအပေါင်းတို့သည် ဒုစရိုက်၏ ကျွန်၊ အဓမ္မ၏ ကျွန်၊ မုသာ၏ ကျွန်၊ စသဖြင့်တို့၏ ကျွန်ဖြစ်မှန်းမသိ ကျွန်ဖြစ်သွားကြရသည်မို့ ယနေ့ပင် နောင်တရလျှက် ပြန်လှည့်ပါဟု အနည်းငယ်တိုက်တွန်းလိုက်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet