တားဆီးကြသော်လည်း
တမန်တော်ဝတ္ထု အခန်းကြီး ၄ ကိုကြည့်တဲ့အခါမှာ တမန်တော်တွေ၏ ဟောပြောသက်သေခံခြင်း၊ ဧဝံဂေလိတရား၊ အနာရောဂါငြိမ်းစေခြင်း နမိတ်လက္ခဏာတွေကြောင့် စစ်ဆေးမေးမြန်းခြင်းတွေကို ခံခဲ့ကြရတာကို မြင်တွေ့ရပါတယ်။
ဒီလိုဟောပြော သက်သေခံခြင်းတွေ၊ ဧဝံဂေလိတရားပြန့်ပွားမည်စိုးရိမ်သောကြောင့် ပိတ်ပင်ခဲ့ကြသည်ကို တွေ့ရှိကြရမှာဖြစ်ပါတယ်။ လူတွေကြားမည်စိုး၍သော်လည်းကောင်း၊ သူတို့ကိုယ်တိုင် ယှဥ်၍ မပြောနိုင်၍သော်လည်းကောင်း၊ စသဖြင့်အကြောင်းအရင်းအမျိုးမျိုးတွေကြောင့် ခြိမ်းခြောက်၍ ဟန့်တားပိတ်ပင်ခဲ့ကြာသည်။ ယေရှု၏ နာမတော်ကို အမှီပြု၍ ဟောပြောသွန်သင်ခြင်းကို လုံးဝမပြုစေရန်ပင် တိုင်ပင်ခဲ့ကြပြီး ဧဝံဂေလိတရားကို ဟန့်တားခဲ့ကြလေသည်။
တမန်တော်ဝထ္ထု ၄:၁၈
တမန်တော်တို့ကိုခေါ်၍၊ ယေရှု၏ နာမကို အမှီပြုလျက် ဟောပြောသွန်သင်ခြင်းကို အလျှင်းမပြုနှင့် ဟု အမိန့်ရှိကြ၏။
သို့သော် ပေတရုနှင့် ယောဟန်တို့သည် ထိုသူတို့၏ စကားများကို နားမထောင်ခဲ့ကြပေ။ ထိုသူတို့၏ စကားများထက် ဘုရားသခင်၏ စကားကိုသာ နားထောင်ခဲ့ကြလေသည်။ ထိုသို့ ဧဝံဂေလိတရားကို ဆီးတားကြသော်လည်း လူစကားထက် မဟာစေစားချက်ဖြစ်သော ဘုရားသခင်၏ နိုင်ငံတော်အတွက်ကိုသာ ဆက်လက် လုပ်ဆောင်ခဲ့ကြသည်။
တမန်တော်ဝထ္ထု ၄:၁၉
ပေတရုနှင့် ယောဟန်တို့ကလည်း၊ ဘုရားသခင်၏ စကားတော်ကိုနားထောင်သည်ထက် သင်တို့၏ စကားကိုသာ၍နားထောင်သော်၊ ဘုရားသခင့်ရှေ့မှာ ကောင်းမည်မကောင်းမည်ကို ဆင်ခြင်၍ စီရင်ကြလော့။
ကျွန်ုပ်တို့ယုံကြည်သူတွေကိုရော အဘယ်အရာတွေက ဆီးတားနေပါသနည်း။ ဧဝံဂေလိတရားကို မဝေမျှနိုင်လောက်အောင်၊ ဘုရားသခင်ကို အချိန်မပေးနိုင်လောက်အောင်၊ သက်သေခံ ဝေမျှမပေးနိုင်အောင်၊ ပါဝင်ပေးလှူခြင်းမပြုနိုင်လောက်အောင်၊ စသဖြင့် အဘယ်အရာတွေကိုမျှ အချိန်မပေးနိုင်လောက်အောင် ဘယ်အရာတွေကများ ပိတ်ပင် ကာဆီး၍ တားဆီးနေပါသလဲ။
တမန်တော်တွေကတော့ ပိတ်ပင်နေသော လူတွေရဲ့ စကားတွေထက် ဘုရားသခင်၏ စကားတော်ကိုသာ နားထောင်ခဲ့ကြသည်။ သင်နှင့်ကျွန်ုပ်သည်လည်း ဘုရားသခင်၏ စကားတော်ကိုသာ နားထောင်၍ ဘုရားသခင်အတွက်သာ ဆက်လက်၍ ပါဝင်သောသူ၊ ပေးလှူသောသူ၊ သက်သေခံသောသူ၊ ဝေမျှသောသူ၊ ဧဝံဂေလိသတင်းကောင်း ကြားပြောသောသူ၊ ဩဝါဒအလွဲတွေကို တိုက်လှန်သောသူ၊ စသဖြင့် ဖြစ်စေကာ အတားဆီးတွေကို ဖြတ်ကျော်ကြပါစို့ဟု အနည်းငယ် တိုက်တွန်းခွန်အားပေးလိုက်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet