ဩနေသိမ်များကို မွေးထုတ်ခြင်း
ရှင်ပေါလု၏ အသက်တာကို လေ့လာကြည့်မည်ဆိုလျှင် ဧဝံဂေလိတရားအတွက် စိတ်အားကြီးသူ၊ သမ္မာတရားအား သွန်သင်ရန် စိတ်အားထက်သန်သူ၊ အသက်တာ၌ ကြုံတွေ့ရသော ဆင်းရဲဒုက္ခထက် ဘုရားသခင်၏ ဘုန်းတော်ထင်ရှားရန်သာ စဥ်းစားတတ်သူ၊ မိမိအမှုအရာထက် သူတပါး၏ အမှုအရာကိုသာ၍ ရှုမှတ်တတ်သူ စသဖြင့် အမျိုးမျိုးတွေ့ရပေလိမ့်မည်။
ရှင်ပေါလုသည် ဖမ်းဆီးအကျဥ်းချခံခဲ့ရစဥ်တွင်လည်း သူ၏ စိတ်နှလုံးသည် ဧဝံဂေလိတရားအတွက် ရှိနေခဲ့သည်မှာ အဂြိပ္ပမင်းကြီး၏ “You almost persuade me to become a Christian.” ငါသည် ခရစ်ယာန်ဖြစ်လုပြီ ဟူသောစကားသည် သက်သေပင် ...
တနေ့တွင် ရှင်ပေါလုသည် ဩနေသိမ်နှင့်အတူ တွေ့ဆုံခွင့်ရခဲ့သည်။ ထိုအချိန်ကာသည် မည်မျှကြာမည်ကို ကျွန်ုပ်တို့မသိသော်လည်း ထိုတွေ့ဆုံခြင်းသည် ဩနေသိမ်အတွက် အဖိုးဖြတ်မရသည့် အချိန်တစ်ခုပင်ဖြစ်ပေလိမ့်မည်။ စကော်လာများ၏ အဆိုအရ ဩနေသိမ်သည် ငွေ သို့မဟုတ် ပစ္စည်းတစ်ခုခုကို ဖိလေမုန်ထံမှ ခိုးယူကာ ထွက်ပြေးခဲ့ခြင်းကြောင့် ထောင်နန်းစံခဲ့ရခြင်းပင် ...
ရောမဥပဒေအရ ကျွန်ပြေးပြစ်ဒဏ်၊ သူခိုးပြစ်ဒဏ်များသည် ပြင်းထန်လှပေသည်။ ကျွန်ပြေးဝရန်းလည်း ရှိသကဲ့သို့ ဆုလဒ်ပေး၍ ဖမ်းစေခြင်း၊ ကြိမ်ဒဏ်၊ လည်ပင်း သို့မဟုတ် နှာဖူးတို့တွင် သံပူ တံဆိပ်ကပ်ခြင်း၊ သေဒဏ်၊ လေးဆ သို့မဟုတ် ငါးဆ ပြန်ပေးရခြင်း စသဖြင့်တို့သည် ဩနေသိမ်ရင်ဆိုင်ရနိုင်သည့် ပြစ်ဒဏ်များလည်းဖြစ်သည်။
သို့သော်လည်း ရှင်ပေါလု၏ ထောင်တွင်း၌ သာသနာပြုခြင်းကြောင့်ပင် ဩနေသိမ်၏ စစ်မှန်သောနောင်တရခြင်းနှင့် အသက်တာပြောင်းလဲခြင်းတို့ကို ဖိလေမုန်ဩဝါဒစာတွင် မြင်တွေ့ရပေသည်။ တနည်းအားဖြင့်ဆိုရသော် ထောင်ကျနေစဥ်ကာလအတွင်းမှာပင်လျှင် ရှင်ပေါလု၏ ဦးစားပေးခြင်းနှင့် ရှေ့ရှုခြင်းတို့သည် ဧဝံဂေလိတရားအတွက်ပင်ဖြစ်ကာ သူ့အကျိုးစီးပွား၊ သူ့အတွက် သက်သာခြင်း၊ သူ့ဂုဏ်အသရေအတွက်လည်း မဟုတ်ခဲ့ ...
ဖိလေမုန်ဩဝါဒစာ ၁:၁၀
ချည်နှောင်ခြင်းကိုခံစဉ်တွင် ငါဖြစ်ဘွါးစေသော သားတည်းဟူသော၊
ထိုဖိလေမုန်ဩဝါဒစာကိုကြည့်လျှင် ရှင်ပေါလုသည် ချည်နှောင်ခြင်းများစွာခံနေရချိန် တနည်းအားဖြင့် ထောင်နန်းစံနေရချိန်ပင်လျှင် နောင်တနှင့်ဆိုင်သော ကယ်တင်ခြင်းသတင်းစကားဖြစ်သည့် ဧဝံဂေလိတရားကိုသာ ကြိုးစား၍ဟောပြောခြင်း၊ သာသနာပြုခြင်းကိုသာ လုပ်ဆောင်ခဲ့လေသည်။ ထိုအတွက်ကြောင့်လည်း ဩနေသိမ်တစ်ယောက် လုံးဝပြောင်းလဲခဲ့ပေသည် မဟုတ်ပါလား ...
ယနေ့ ကျွန်ုပ်တို့သည်လည်း မည်သည့်နေရာတွင် ရှိနေကြသနည်း ... မြို့တွင်ရှိနေသူ၊ တောတွင်ရှိနေသူ၊ လုပ်ငန်းခွင်ဖြစ်စေ ကျောင်းဖြစ်စေ အိမ်ဖြစ်စေ၊ သို့တည်းမဟုတ် ရှင်ပေါလုကဲ့သို့ ချည်နှောင်ခြင်းကိုပင် ခံနေရပါစေဦးတော့ ဧဝံဂေလိတရားအားဖြင့် နောင်တရခြင်းအလို့ငှာ ကယ်တင်ခြင်းသတင်းကောင်းကို ဝေမျှရင်း ဩနေသိမ်များကို မွေးထုတ်ကြပါစို့လား ...
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet