တော်စပ်ခြင်းရှိသော်လည်းဝန်ချခြင်း

ပျောက်သောသားကို ဆင်ခြင်နေရင်းနှင့်ခံစားမိတဲ့အရာလေးကို ပြန်လည်ဝေမျှပေးချင်မိသည်။ အဘယ့်ကြောင့်ဆိုသော် အချို့သော သွန်သင်ခြင်းတွေသည် ခရစ်ယာန်တွေကို လွဲမှားစေသောအရာတွေဖြစ်နေသောကြောင့်ဖြစ်သည်။ ပျောက်သောသားဥပမာကို အမျိုးမျိုး အဓိပ္ပါယ်ဖွင့်ဆိုကြသည်၊ ဖခင်မေတ္တာကိုသာ ဖော်ကျူးခြင်းတွေများလွန်းလှပါတယ် သို့သော် ဆားမပါသော ဟင်းတစ်ခွက်လို စစ်မှန်သော နောင်တတရားနှင့် အပြစ်ဝန်ချခြင်းမပါလျှင် မပြည့်စုံလှပေ။
ကယ်တင်ခြင်းသည် ယေရှုခရစ်တော်၏ပြုခဲ့ပေးသော အသွေးသွန်းခြင်းအားလက်ခံယုံကြည်လျှင် ထာဝရအသက်ကိုရသည်။ ဟုတ်ပြီ ဒါဆိုရင် ဘုရားသားဖြစ်ရပြီ၊ တော်စပ်ခြင်း (Relationship With GOD) ဖြစ်သွားပြီ၊ ဥပမာ လောကတွင် အသွေးအသားတော်စပ်သော သားအဖ(ဆွေမျိုးသားချင်း) စသဖြင့်တော်စပ်ခြင်းသည် ဖြတ်မရပေ၊ အဘယ့်ကြောင့်ဆိုသော် သွေးသားတော်စပ်နေပြီဖြစ်သောကြောင့်သာဖြစ်သည်၊ စိတ်ဆိုး၍သာ အမွေပြတ်စွန့်လွှတ်ကြသော်လည်း တော်စပ်ခြင်းသည်ရှိနေသေး၏။ ဒါဆိုရင် ဆိုကြပါစို့ ဖခင်တစ်ယောက်သည် သားဖြစ်သူကို တစ်ခါမွေးပြီးလျှင် စကားနားမထောင်သူဖြစ်ပါစေ သားတော်စပ်နေပါတယ်။ ခရစ်ယာန်အသက်တာပိုင်းကို နားလည်စေချင်သောကြောင့် ရှုထောင့်တစ်ခုမှ တင်ပြခြင်းဖြစ်ပါတယ်၊ အပြစ်လုပ်ရင်လည်း သားအဖတော်စပ်နေသေးသော်လည်း အပြစ်လုပ်ရန်အားပေးခြင်းမဟုတ်ပေ။ ကျေးဇူးတရားကို နားလည်တတ်စေရန်နှင့် အသက်တာကိုပိုင်းခြားတတ်ရန်၊ ကယ်တင်ခြင်းနှင့် ခရစ်ယာန်အသက်တာကွဲပြားရန်၊ မိမိအပြစ်ကို နောင်တရ၍ဝန်ချတောင်းပန်ခြင်းသည် ကယ်တင်ခြင်းနှင့်မဆိုင်ကြောင်းကိုဆိုလိုခြင်းဖြစ်ပါတယ်။
ပျောက်သောသားသည် အစတည်းက သားအဖတော်စပ်သည်။ သေချာကြည့်ရင် ခရစ်ယာန်တစ်ယောက်ဟုမြင်နိုင်သည်။ ဆိုကြပါစို့ ပျော်ပါးနေသော၊ လောကအရာ၌နစ်မွန်းနေသော၊ အသက်တာမှာ ဒုစရိုက်တွေသာလုပ်နေမိသော၊ ခရစ်ယာန်အသက်တာမရှိသော သူတစ်ယောက်ဆိုလျှင် မမှားပေ။ ထိုသားကို ဖခင်သည် အဝေးမှစမြင်သောကြောင့် သားဖြစ်သူအားမျှော်နေသည်ကိုမြင်တွေ့ရသည်၊ ထိုကဲ့သို့သော ခရစ်ယာန်များအား သခင်ယေရှုခရစ်တော်သည်မျှော်နေသည် အချိန်မရွေး နောင်တရရန်၊ ဝန်ချတတ်ရန် စောင့်နေသည်။ ထိုအရာသည် သားအဖဖြစ်သော်လည်း စောင့်မျှော်နေသော ဖခင်၏ ပုံပမာအတိုင်းပင်ဖြစ်သည်။
သားဖြစ်သူ၏နောင်တရ၍ အပြစ်ဝန်ချကာ ပြန်လာခြင်းသည် ဖခင်၏ဖြစ်ခြင်းကိုစော်ကားခြင်း၊ နောင်တနှင့် ဝန်ချတောင်းပန်ခြင်းသည် သားအဖတော်စပ်ခြင်းကို မယုံခြင်း၊ အပြစ်ဝန်ချလို့ သားအဖတော်စပ်တာလား ဟုပြန်လည်တွေးကြည့်ကြရအောင်။ နောင်တရရ မရရ၊ အပြစ်ဝန်ချချ မချချ သားအဖတော်စပ်သည်၊ သားအဖဟုဆိုသောကြောင့် တနည်းဆိုသော် ဘုရားသား(ကယ်တင်ခြင်းရနေပြီးသား)၊ ထို့ကြောင့် သူ၏ ဝန်ချတောင်းပန်ခြင်း မတောင်းပန်ခြင်းသည် သားအဖတော်စပ်ခြင်း ဘုရားသားဖြစ်ခြင်း(ကယ်တင်ခြင်း) နှင့်မဆိုင်ပေ။ ခရစ်ယာန် အသက်တာပိုင်းနှင့်သာဆိုင်ပေသည်။ ဒါ့ကြောင့် ယုံကြည်သူခရစ်ယာန်တစ်ယောက်သည် (၁ယော ၁:၉ ) အရ ဖော်ပြတောင်းပန်ခြင်းသည် ကယ်တင်ခြင်းနှင့်မဆိုင်၊ အသွေးတော်နှင့်မဆိုင်သည်ကို နားလည်ထားရမည်။ လုပ်ချင်တာလုပ်ပြီး ခပ်တည်တည်နေခြင်း လူပါးဝသောအပြုအမူပင်၊ မိမိအိမ်မှမွေးထားသော ခွေးကလေးတောင် သူမှားတာသိရင် သခင်ဆီလာချွဲသည်။ ထိုခွေးကလေး လောက်တောင် အသိမရှိရင်တော့ မည်သို့ဆိုရပေအံ့နည်း။
ရှင်လုကာခရစ်ဝင် ၁၅:၂၁
သားကလည်း၊ အဘ၊ အကျွန်ုပ်သည် ဘုရားသခင်ကို၎င်း၊ ကိုယ်တော်ကို၎င်း ပြစ်မှားပါပြီ။
သားဖြစ်သူ၏နောင်တရ၍ ပြစ်မှားမိကြောင်းပြောဆို ဝန်ချတောင်းပန်ခြင်းကို ဖခင်သည် မင်းက ငါ့ရဲ့အဖေဖြစ်ခြင်းကိုစော်ကားတာဘဲ၊ ငါကမင်းတောင်းပန်ဝန်ချလို့ အဖေဖြစ်တာလား၊ မင်းဝန်ချတိုင်း သားအဖဖြစ်ရောလားကွဟုမဆိုခဲ့။ ကျေးဇူးတော်ပါဘဲ ယေရှုခရစ်တော်သာ ထိုကဲ့သို့ ဥပမာလေးသုံးခဲ့ရင်တော့ ကြိုက်တာလုပ်ကွာ သားအဖက သားအဖလို့တောင် သွန်သင်ချက်မျိုးကြားရနိုင်သေး၏။ သားအဖအစတည်းကတော်စပ်နေခြင်းသည် ကယ်တင်ခြင်းရပြီးသား ခရစ်ယာန်ဟုမြင်နိုင်သလို ထိုသူသည် မိမိ၏အပြစ်ကို စစ်မှန်သောနောင်တရ၍ ဝန်ချခြင်းသည် အသွေးတော်ကိုစော်ကားခြင်း၊ ကယ်တင်ခြင်းမရခြင်း၊ စသဖြင့်မဆိုင်ပေ (သားအဖတော်စပ်ပြီးသားဥပမာသည် ဘုရားသားဖြစ်ပြီးသား တနည်းအားဖြင့် ကယ်တင်ခြင်းရပြီးသား)။ ပျောက်သောသားသည် နောက်တစ်ခါထွက်မသွားပေ၊ ထို့ကြောင့် စစ်မှန်သောနောင်တနှင့်ပြန်လှည့်သော ခရစ်ယာန်သည် နောက်ပြန်မလှည့်ပေ။ သားဖြစ်သူပြန်လာသောအခါ သူ့အပြစ်သူသိသောကြောင့် သားလို့တောင် မခေါ်ထိုက်ဘူးဖြစ်တယ် အလုပ်သမားပဲလုပ်ဖို့တွေးသော်လည်း ဖခင်သည် ပြန်လည်အပ်နှင်းတယ်ဆိုတာကိုမြင်ရတယ်။ ဒါဟာ ခရစ်ယာန်တစ်ယောက် နောင်တရ၍ပြန်လှည့်လာခြင်းသည် ဘုန်းတော်ထင်ရှားသော ဘုရားသားဖြစ်ရတဲ့အခွင့်ရှိပေတယ်လို့ခံစားရပါတယ်။
ပျောက်သောသား၏ သားအဖတော်စပ်သော်လည်း မိမိအပြစ်ကိုဝန်ချတောင်းပန်ခြင်း၊ စစ်မှန်သောနောင်တနှင့်ပြန်လာခြင်းသည် သားအဖတော်ချင်လို့မဟုတ်၊ အဖေဖြစ်သူ၏ အဖေဖြစ်ခြင်းကို စော်ကားခြင်းမဟုတ်၊ အဖေဖြစ်တာမယုံလို့မဟုတ်၊ တောင်းပန်မှ အဖေဖြစ်မယ်ဆိုလို့မဟုတ်ပေ။ သားအဖတော်စပ်တာက တော်စပ်တာဘဲဖြစ်ပါတယ်။ ထိုအရာကိုကြည့်၍ ခရစ်ယာန်တစ်ယောက်၊ ယုံကြည်သူတစ်ယောက်သည် မိမိအပြစ်ကိုဖော်ပြကာ ဝန်ချတောင်းပန်ခြင်းသည် ကယ်တင်ခြင်းမရ၍မဟုတ်၊ အသွေးတော်ကို စော်ကားခြင်းမဟုတ်၊ တောင်းပန်လို့ ကယ်တင်ခြင်းရတာမဟုတ်၊ ကယ်တင်ခြင်းကိုမယုံ၍မဟုတ်ပေ။ ကယ်တင်ခြင်းရပြီးတာကရပြီးတာဘဲ၊ မိမိအပြစ်ကိုသိတာကသိတာဘဲမို့ ဝန်ချတောင်းပန်ကာ နောင်တရခြင်းဖြစ်တယ်၊ ဒါကိုကွဲပြားစွာသိဖို့လိုပါတယ်၊ ကယ်တင်ခြင်းနှင့်ခရစ်ယာန်အသက်တာကွဲပြားစွာသိဖို့လိုပါတယ်။
လောကမှာ လူလူချင်းတောင် တောင်းပန်ကြရသေးတယ်မဟုတ်ပါလား၊ "Sorry" လေးတောင်ပြောတတ်မှတော့ ဘုရားသခင်ကို ဘာလို့ မိမိရဲ့အပြစ်ကို ဝန်မချရဲစရာ မပြောနိုင်စရာရှိပါသေးသလဲ။ ကယ်တင်ခြင်းနှင့်ခရစ်ယာန်အသက်တာကို ကွဲပြားစွာသိသော သူတွေဖြစ်ကြပါစေ။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet